တန်ဖိုးနည်းအိမ်ရာ ဖော်ထုတ် မပေးနိုင်တဲ့ အစိုးရကို မဲပေး ဖြုတ်ချကြ

ပို့စ်တင်ချိန် - 6/06/2014 04:42:00 PM


စည်သူအောင်မြင့်

အခုရက်ပိုင်းအတွင်း ထွက်ပေါ်လာတဲ့ သတင်းတွေထဲမှာ စိတ်ဝင်းစားဖို့ အကောင်းဆုံး သတင်းတစ်ပုဒ်ကတော့ တန်ဖိုးကျပ်သိန်း ၁၁၀ ကနေ ၁၂၀ ကြား သတ်မှတ်ထားတဲ့ လှိုင်သာယာမြို့နယ်က ရွှေလင်ပန်းအိမ်ရာ တိုက်ခန်းရောင်းချပေးမယ်ဆိုတဲ့ သတင်းပါ။ တိုက်ခန်းဝယ်မယ်ဆိုရင် တန်ဖိုး ရဲ့ ၃၀ ရာခိုင်နှုန်းနဲ့ညီမျှတဲ့ ကျပ်သိန်း ၃၀ ကနေ ၄၀ ကြား ကနဦးပေးသွင်းရမယ်။ နောက်ပိုင်း တစ်လ ကျပ်သုံးသောင်း ပေးသွင်းသွားရုံနဲ့ တိုက်ခန်းပိုင် ဖြစ်သွားမယ်ဆိုတာပါ။ မြို့ရွာနဲ့ အိုးအိမ်ဖွံ့ဖြိုးရေးဦးစီးဌာနဟာ ဒီလိုရောင်းချမယ့်ပုံစံကို ရန်ကုန်တိုင်း အစိုးရဆီတင်ထားပြီး ခွင့်ပြုချက်ရတာနဲ့ ရောင်းပေးတော့မယ်လို့ ဆိုပါတယ်။ ၀င်ငွေ အလယ်အလတ်လောက်ပဲရှိပြီး ရန်ကုန်မှာ တိုက်ခန်းတစ်ခန်းပိုင်ဖို့ စိတ်ကူးနေကြသူတွေအနေနဲ့ ၀မ်းသာကြရတော့မှာလား။

ဟိုး- ဟိုး- ၀မ်းမသာကြပါနဲ့ဦး။ ရောင်းပေးမယ့် အခန်းက ၆၀၀ တောင် မပြည့်ပါဘူး။ နောက်ဝယ်ခွင့်ရဖို့အတွက် အစိုးရ၀န်ထမ်းတွေ ကုမ္ပဏီဝန်ထမ်းတွေဟာ သက်ဆိုင်ရာဌာနအကြီးအကဲရဲ့ ထောက်ခံချက် ယူရဦးမယ်လို့ ဆိုပါတယ်။ နောက်ဆုံး ဘဲအုပ်က တစ်ရာ နှစ်ရာ မဗေဒါ တစ်ပင်တည်း ဇာတ်လမ်းဆိုက်ပြီး မဲနှိုက်ရတဲ့ အခြေအနေဆိုက်သွားမှာ ဖြစ်ပါတယ်။ ရန်ကုန်မှာ တန်ဖိုးနည်းအိမ်ရာ ဖော်ဆောင်နိုင်မယ့် အနေအထား ဘယ်လိုရှိမလဲ၊ ဒီကနေ့ ဆွေးနွေးတင်ပြသွားပါ့မယ်။

လတ်တလော ပြည်သူတွေကြား ပြောဆိုနေကြတာတစ်ခုကတော့ အိမ်ဈေး မြေဈေးတွေ ခေါင်ခိုက်အောင် မြင့်တက်နေတယ်၊ နိုင်ငံတကာနဲ့ နှိုင်းယှဉ်ရင်တောင် မြင့်နေတယ်၊ ဒါဟာ မဖြစ်သင့်ဘူး၊ နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုကိုလည်း ထိခိုက်တယ်စသဖြင့် ဖြစ်ပါတယ်။ လူတွေ ဘယ်လောက် ပြောပြော လက်ရှိ အစိုးရကတော့ ဒီကိစ္စ ဖြေရှင်းပေးဖို့ မရှိပါဘူး။ အကြောင်းကတော့ ရန်ကုန် အိမ်ခြံမြေလောကမှာ တန်ဖိုးကြီး အိမ်တွေ၊ ခြံတွေ၊ မြေတွေ ပိုင်ဆိုင်ထားသူ အများစုနဲ့ ရင်းနှီးမြှုပ်နှံထားသူ အများစုဟာ စစ်ဗိုလ်ချုပ်နဲ့စစ်အရာရှိဟောင်းတွေ၊ သူတို့ မိသားစုဝင်တွေ၊ အာဏာပိုင်တွေနဲ့ နီးစပ်သူတွေက အများစုဖြစ်နေလို့ပါပဲ။ အိမ်ဈေး၊ မြေဈေးတွေတက်လေ သူတို့ပိုင်ဆိုင်မှု တိုးပွားလာလေ၊ ပိုပြီး ကြွယ်ဝချမ်းသာလာလေလေမို့ ဒီကိစ္စကိုင် တွယ်မှာမဟုတ်ပါဘူး။

သိပ်မကြာသေးခင်က ဟိုးလေးတကြော်ဖြစ်ခဲ့တဲ့ ဗိုလ်ချုပ်ဟောင်း တစ်ယောက်ရဲ့ ခြံနဲ့တိုက်ကို ကုလသမဂ္ဂ UNICEF လိုအဖွဲ့ကြီးက တစ်လ ဒေါ်လာ ၈၇,၀၀၀၊ တစ်နှစ် ဒေါ်လာတစ်သန်းကျော် ပေးပြီးငှားထားတယ်ဆိုတဲ့ သတင်းဟာ အဲဒီအခြေအနေတွေကို ထင်ဟပ်တဲ့ သတင်းပဲ ဖြစ်ပါတယ်။ ထားပါ။ ဒါက လူချမ်းသာတွေ၊ စီးပွားရေးသမားကြီးတွေ၊ နိုင်ငံခြားရင်းနှီးမြှုပ်နှံသူတွေနဲ့ပဲ ဆိုင်တယ်ဆိုပြီး ထားလိုက်လို့ရပါတယ်။ မြန်မာနိုင်ငံသား လူလတ်တန်းစားတွေ ၀င်ငွေအသင့် အတင့်ရှိသူတွေ ရန်ကုန်မှာ တိုက်ခန်း တစ်ခန်းပိုင်ဖို့ ဖြစ်နိုင်ပါ့မလားဆိုတာက အများပြည်သူနဲ့ ပိုပြီး သက်ဆိုင်၊ ပိုပြီးစိတ်ဝင်စားဖို့ ကောင်းပါတယ်။

လောလောဆယ် ရန်ကုန်မှာ တိုက်ခန်းတန်ဖိုးတွေ အနိမ့်ဆုံး ကျပ်သိန်း ၃၀၀-၄၀၀ ဖြစ်၊ ၁၂ ပေ x ပေ ၅၀ လောက် တိုက်ခန်းကျဉ်းတွေရဲ့ တစ်လငှားခ အနည်းဆုံး ကျပ်တစ်သိန်းခွဲလောက်ဖြစ်လာတဲ့အခါ ပြည်သူတွေ မျက်လုံးပြူးလာကြပါတယ်။ ခပ်ညံ့ညံ့ တိုက်ခန်းကျဉ်း တစ်လငှားခဟာ အစိုးရ ပြန်တမ်းဝင်အရာရှိ တစ်ယောက်ရဲ့ တစ်လစာ လခထက်များနေပါတယ်။ ကုမ္ပဏီတွေရဲ့ အောက်ခြေ၀န်ထမ်းလစာ နှစ်ဆနီးပါးလောက် ဖြစ်နေတာလည်း တွေ့ကြရပါတယ်။ တကယ်တော့ ဒါမဖြစ်သင့်ဘူးဆိုတာ အားလုံးသိကြပါတယ်။ ဒီလိုဖြစ်ရတဲ့ အကြောင်းရင်းကလည်း ရိုးရှင်းပါတယ်။ အိမ်ရာ တိုက်ခန်း လိုအပ်သူများလာပေမယ့် အိမ်ရာတိုက်ခန်း အသစ်တွေ ဖော်ထုတ်တည်ဆောက်ပေးမှု နည်းနေသေးတဲ့ ပြဿနာပါ။ အစိုးရထုတ်ပြန်တဲ့ ကိန်းဂဏန်းတွေအရ ရန်ကုန်မှာ အိမ်ရာတိုက်ခန်း လိုအပ်ချက် သိန်းဂဏန်း အထက်ရှိပေမယ့် တကယ်ဖော် ထုတ်ရောင်းချပေးနိုင်တာက ထောင်ဂဏန်းလောက်ပဲ ရှိနေတာပါ။ ဆင့်ပါးစပ် နှမ်းပက်ဆိုတဲ့စကား ပိုသင့်တော်ပါလိမ့်မယ်။ ဒီတော့ မေးခွန်းထုတ်လာကြပါတော့တယ်။ “တန်ဖိုးနည်းအိမ်ရာ တိုက်ခန်းတွေ တည်ဆောက် ရောင်းချပေးဖို့ မရှိဘူးလား” ဆိုတာပါ။

လတ်တလော အာဏာပိုင်တွေနဲ့ ပုဂ္ဂလိကတွေ ပူးပေါင်းဆောက်လုပ်တဲ့ တန်ဖိုးနည်းအိမ်ရာတွေဆိုတာကလည်း ကျပ်ငွေ သိန်း ၃၀၀ အထက်လောက် သတ်မှတ်ထားတာကြောင့် ဒါလား တန်ဖိုးနည်းဆိုပြီး ပြည်သူတွေ ပြက်ရယ်ပြုကြပါတယ်။ နောက်တော့ အာဏာပိုင်တွေဟာ “တန်ဖိုး မျှတအိမ်ရာ” ဆိုပြီး ပြောင်းခေါ် ပါတယ်။ ပြည်သူတွေ နောက်ထပ် သိလိုမေးလိုတာက ဒီထက်တန်ဖိုးနည်းတဲ့အိမ်ရာ တိုက်ခန်းတွေ တည်ဆောက်မပေးနိုင်ဘူးလားဆိုတာပါ။

အဖြေကတော့ တကယ်အကောင်အထည်ဖော်မယ်ဆိုရင် ဖြစ်နိုင်တယ်ဆိုတာပါဆောင်းပါးအစမှာဖော်ပြထားတဲ့ ရွှေလင်ပန်း အိမ်ရာဆိုရင် တန်ဖိုးသတ်မှတ်ချက်ဟာ မြေညီထပ် ကျပ် ၁၂၅ သိန်းပဲ ရှိပါတယ်။ အပေါ်ဆုံး တတိယထပ်ဆို ကျပ်သိန်း ၁၁၀ ကျော်ပဲ ရှိပါတယ်။ ရွှေလင်ပန်းအိမ်ရာကို ဒီဈေးနဲ့ ရောင်းနိုင်ရင် တခြားအိမ်ရာတွေကိုလည်း ဒီထက်တန်ဖိုးနည်းအောင် လုပ်နိုင်တယ်ဆိုတာပါ။ လုပ်မယ်ဆိုရင်လည်း မခက်ပါဘူး။ တန်ဖိုးနည်းအိမ်ရာ တည်ဆောက်မယ့် မြေနေရာကိစ္စ အိုးအိမ်ဌာန၊ စည်ပင်သာယာ၊ ဒါမှမဟုတ် အစိုးရဌာနဆိုင်ရာ တစ်ခုခုက တာဝန်ယူရပါမယ်။ ရေ ရရှိရေး၊ မီး ရရှိရေး၊ မြို့လယ်ဧရိယာနဲ့ အလှမ်းဝေးတယ်ဆိုရင် သယ်ယူပို့ဆောင်ရေးစနစ် စတာတွေကို အစိုးရဘက်က တာဝန်ယူပြီး အိမ်ရာတည်ဆောက်မယ့် ကုမ္ပဏီတွေကို တင်ဒါခေါ်ရပါမယ်။ ပြည်တွင်းရော ပြည်ပဆောက်လုပ်ရေး ကုမ္ပဏီတွေကိုပါ တင်ဒါပြိုင်ဆိုင်ခွင့် ပေးရပါမယ်။ တင်ဒါပေးတာတွေကိုလည်း ပွင့်လင်းမြင်သာမှုရှိရှိ လုပ်ရမှာဖြစ်ပြီး လုပ်ငန်းစဉ်တစ်ခုလုံးကိုလည်း နှစ်ဖက်သဘောတူထားတဲ့ စည်းကမ်းချက်တွေနဲ့အညီ ကြီးကြပ်ပေးရမှာ ဖြစ်ပါတယ်။

ဒီလိုနည်းနဲ့ တန်ဖိုးနည်းအိမ်ရာတွေ အချိန်တိုအတွင်း သိန်းနဲ့ချီ ပေါ်ပေါက်လာအောင် လုပ်လို့ရပါတယ်။ နိုင်ငံတကာမှာလည်း ဒီလိုနည်းနဲ့ လုပ်ကြတာမို့ သိပ်အထူးအဆန်းကြီးတော့ မဟုတ်ပါဘူး။ ဒါပေမဲ့ တကယ့် ပြဿနာက လက်ရှိ အာဏာပိုင်တွေရဲ့ ပြည်သူတွေအပေါ်ထားတဲ့ သဘောထား မမှန်တာ၊ လာဘ်ပေး လာဘ်ယူ အကျိုးအမြတ်မရှိရင် ဘာမှမလုပ်ချင်တာ၊ လုပ်ပြန်ရင်လည်း စီမံကိန်းစနစ်တကျ အကောင်အထည် ပေါ်လာရေးထက် ကိုယ်နဲ့ နီးစပ်တဲ့ ကုမ္ပဏီတွေနဲ့ ပေါင်းပြီး လုပ်စားဖို့လောက်ပဲ အာရုံရှိတာ၊ အရည်အချင်း မဲ့တာ၊ ၀န်ကြီးဌာနတွေချင်း ပေါင်းစပ်ညှိနှိုင်းမှုမရှိတာ စတာတွေကြောင့် တန်ဖိုးနည်းအိမ်ရာ စီမံကိန်းတွေ ပေါ်ပေါက်မလာတာ ဖြစ်ပါတယ်။ ဒီလိုအခြေအနေအောက်မှာ ပြည်သူတွေလုပ်နိုင်တာ တစ်ခုတည်းရှိပါတယ်။ လာမယ့် ၂၀၁၅ ရွေးကောက်ပွဲမှာ ပြည်သူ့လိုလားချက် အကောင်အထည် ဖော်မပေးနိုင်တဲ့ အစိုးရကို ဖြုတ်ချပြီး ပြည်သူ့လိုလားချက် အကောင်အထည်ဖော်ပေးနိုင်မယ့် အစိုးရအဖွဲ့သစ် တက်လာအောင် မဲပေးရွေးချယ်ဖို့ပဲရှိပါကြောင်း သုံးသပ်တင်ပြလိုက်ရပါတယ်။

Mizzima Burmese