နှလုံးသားတွေ လှပစေဖို့ အမုန်းတရားတွေ မပွားစေချင်

ပို့စ်တင်ချိန် - 6/14/2014 10:54:00 AM



၂၀၁၄ဇွန်လ ၇ ရက်ထုတ် 7Day Daily သတင်းစာမှာ ‘‘အူရီးဒူးထုတ်ကုန်များ မသုံးစွဲရေးဟောပြောပွဲများ နိုင်ငံတစ်ဝန်းပြုလုပ် လှုံ့ဆော်မယ်ဆိုတဲ့’’ ခေါင်းစဉ်နဲ့ သတင်းတစ်ပုဒ်ဖတ်လိုက်ရပါ တယ်။သတင်းအရ မကွေးကျောင်းတိုက်ဆရာတော် ဦးပါမောက္ခနဲ့ လူပုဂ္ဂိုလ်၃၀ တို့က ဟောပြောမယ်လို့ဆိုပါတယ်။ ဦးပါမောက္ခက ‘‘ဗုဒ္ဓဘာသာ မြန်မာလူမျိုးတွေအနေနဲ့ အူရီးဒူး (မြန်မာ)က ဖြန့်ဖြူးတဲ့ ဆင်းမ် ကတ်၊ ဟန်းဆက်၊ ဖုန်းနဲ့ပတ် သက်တဲ့ ပစ္စည်းများမသုံးစွဲရေး၊ အဲဒီကုမ္ပဏီမှာ အလုပ် မလုပ်ရေး တို့ကို နိုင်ငံတစ်ဝန်း ဟောပြော မယ်လို့ ဆိုပါတယ်။ ဆင်းမ်ကတ် ဖြန့်ဖြူးချိန်မှာလည်း ဗုဒ္ဓဘာသာ ၀င်များ မသုံးစွဲရန် ဆန္ဒပြလှုံ့ဆော် တာတွေ ပြုလုပ်သွားမယ်လို့’’ ဆိုပါတယ်။

ဘုန်းတော်ကြီးဆိုတာ ဗုဒ္ဓရဲ့ သားတော်ဖြစ်ပါတယ်။ ဗုဒ္ဓဟော ကြားတော်မူခဲ့တဲ့ တရားတော် တွေထဲမှာ သူတစ်ပါးရဲ့ စီးပွား ရေးကို ပိတ်ဆို့တဲ့ တရားတော် များပါပါသလားလို့ မေးခွန်းထုတ် ချင်ပါတယ်။ မိမိတို့ကြောင့် ဗုဒ္ဓ ဘာသာကို တခြားဘာသာဝင် တွေ အထင်သေးသွားမှာ စိုးရိမ်ရ ပါတယ်။ ကမ္ဘာမှာ အကောင်းဆုံး ဘာသာလို့ လက်ခံထားတဲ့ ဘာ သာဖြစ်ပါတယ်။ သူတစ်ပါးရဲ့ စီးပွားရေးကို ထိခိုက်စေတဲ့ပြော ဆိုမှုတွေ၊ လုပ်ရပ်တွေဟာ မဂ္ဂင်ရှစ်ပါးနဲ့ မကိုက်ညီသလို မင်္ဂလာတရားတော်နဲ့လည်း မကိုက်ညီ ဘူးဆိုတာ သတိထားစေချင်ပါ တယ်။

တစ်ခေတ်တစ်ခါက လက် ကိုင်ဖုန်းဆိုတာ လူတန်းစားတစ် ရပ်သာ ကိုင်နိုင်တဲ့အခြေအနေ ဖြစ်ခဲ့တာ အားလုံးအသိ ဖြစ်ပါ တယ်။ အရပ်သားအစိုးရလက် ထက်မှာ လက်ကိုင်ဖုန်းတွေကို  သက်သက်သာသာနဲ့ ကိုင်နိုင်ဖို့ လုပ်ကိုင်ဆောင်ရွက်ပေးခဲ့တယ်။ ပုဂ္ဂလိကအနေနဲ့ ဖြန့်ဖြူးမယ့် လက်ကိုင်ဖုန်းတွေကို လည်တဆန့်ဆန့်နဲ့ မျှော်နေကြတဲ့ ပြည်သူတွေရဲ့ လက်ထဲရောက်တော့မယ့်အချိန်မှာ ကာတာနိုင်ငံအခြေစိုက် အူရီးဒူး(မြန်မာ)က ဖြန့်မယ့် ဆင်းမ်ကတ်တွေ မသုံးစွဲရေး လှုံ့ဆော်ဟောပြောမယ်ဆိုတော့ ပြည်သူတွေရဲ့ ရွေးချယ်ပိုင်ခွင့် ကို ဗုဒ္ဓဘာသာဘုန်းတော်ကြီးအနေနဲ့ ဖိအားပေးတာ မသင့်တော်တဲ့လုပ်ရပ် ဖြစ်ပါတယ်။ဘုန်းကြီး ရဟန်းဆိုတာ စာသင်စာချ၊ တရားဟော၊ တရားပြအလုပ်ကို ဇောက်ချပြီး လုပ်ရမှာဖြစ်ပါတယ်။ ဗုဒ္ဓဘာသာကိုးကွယ်တဲ့ ဒကာ၊ ဒကာမတွေ၊ ကလေး၊ လူငယ်တွေရဲ့နှလုံးသားထဲမှာ ဘုရားတည်နိုင်အောင် သင်ကြားပြသဟောပြောရမှာ ဖြစ်ပါတယ်။ ထစ်ခနဲဆို ဘာသာခြားတွေကို ထိခိုက်မယ့်စကားတွေ၊အပြုအမူတွေကို တားဆီးပေးရမှာပါ။ ဘာသာအယူဝါဒကို အစွဲပြုပြီး စီးပွားရေးကိစ္စရပ်တွေမှာ ၀င်ရောက်စွက်ဖက်မယ်ဆိုရင် မြန်မာနိုင်ငံဟာ နောက်ကျကျန်ခဲ့ဦးမှာ ဖြစ်ပါတယ်။ ဘာသာမတူ၊ လူမျိုးမတူတာ၊ အသားအရောင်မတူတာ အပြစ်မဟုတ်ပါဘူး။ လူ့ကျင့်ဝတ်တွေ ဖောက်ပြန်မယ်၊ ပြဋ္ဌာန်းထားတဲ့ ဥပဒေတွေကို ချိုးဖောက် မယ်ဆိုရင် အပြစ်ရှိတာပါ။

ဘာသာခြားရောင်းတဲ့ ပစ္စည်းကို မသုံးရဘူးဆိုတာ တကယ်တော့ အတူတကွချစ်ချစ်ခင်ခင် နေထိုင်ကြတဲ့ ဘာသာမတူ၊ လူမျိုးမတူတဲ့ ပြည်သူတွေကို သွေးခွဲပေးရာ ရောက်ပါတယ်။ ချစ်ရာမရောက်ဘဲ နှစ်ရာရောက်မှာစိုးရိမ်ပါတယ်။ ပြည်သူတွေအနေနဲ့ အကောင်းဆုံးဝန်ဆောင်မှုပေးနိုင်တဲ့  စိတ်ကျေနပ်လောက်တဲ့ ပစ္စည်းကို သုံးစွဲမှာ ဖြစ်ပါတယ်။ မိမိတို့ဘ၀အတွက် အရေးကြီးတဲ့ ကိုးကွယ်ဆည်းကပ်မှုကိုတောင် လွတ်လွတ်လပ်လပ် ရွေး ချယ်ကိုးကွယ်ခွင့်ပေးထားတာ ဖြစ်တဲ့အတွက် လူသုံးကုန်ပစ္စည်းတစ်ခုအတွက်နဲ့တော့ ပြည်သူအချင်းချင်း အမုန်းပွားမယ့် စကားတွေ မပြောစေချင်ပါဘူး။ ဒီမိုကရေစီကို စတင်ခြေလှမ်းစနုနယ်တဲ့အချိန်မှာ အားလုံးဟာ ချစ်ချစ် ခင်ခင်၊  စည်းစည်းလုံးလုံးနဲ့ ချီတက်ကြရမှာ ဖြစ်ပါတယ်။

ဘာသာခြားရောင်းတဲ့ ဆင်းမ်ကတ်မသုံးရဘူးလို့ နိုင်ငံအနှံ့ လိုက်လံဟောပြော လှုံ့ဆော်မယ်ဆိုတဲ့ သူတွေအနေနဲ့ ‘‘ဗုဒ္ဓဘာသာဝင်ဖြစ်ပြီး  ကိုယ့်လူမျိုးတွေဆင်းရဲ အောင်လုပ်တဲ့သူတွေကို  ကန့် ကွက်ဖူးပါသလား။  ဗုဒ္ဓဘာသာ ၀င်ဖြစ်ပြီး လောဘတက်နေတဲ့ ကုန်သည်ကြီးတွေရဲ့ အရောင် တင်မှုန့်၊ ငရုတ်သီးမှုန့်တွေ၊ တခြားသော အစားအစာတွေထဲ မှာဓာတုဆေးဝါးပါတဲ့ ဆိုးဆေးတွေသုံးထားတာကို မသုံးစွဲကြဖို့ ပြောဆိုခဲ့ဖူးပါသလား။ စားအုန်းဆီတွေ  တင်သွင်းလို့ ပြည်သူတွေ ဒုက္ခရောက်နေတာကိုကော ကန့် ကွက်ဖူးပါသလား။ တစ်ဖက်နိုင်ငံကနေ တင်သွင်းလာတဲ့ ကွမ်းစားဆေးတွေထဲမှာ ဓာတုဆေးဝါး တွေပါတဲ့အတွက် မတင်သွင်းဖို့ ဘယ်အဖွဲ့အစည်းကို တင်ပြကန့် ကွက်ဖူးပါသလဲ။ တစ်နိုင်ငံလုံး မှာအရက်ဆိုင်တွေများနေပြီး အရည်အသွေးမမီတဲ့ အရက်တွေသောက်နေကြလို့ လူငယ်တွေ အရက်ရဲ့ ကျေးကျွန်ဖြစ်ပြီး မအိုဆေးနဲ့ တွေ့နေကြတာကိုကော ဘယ်နှခါကန့်ကွက်ဖူးပါသလဲ’’ လို့ မေးခွန်းထုတ်ချင်ပါတယ်။

ကာတာနိုင်ငံကထုတ်တဲ့ ဆင်းမ်ကတ်ကို အသုံးပြုတာ အထက်ကပြောခဲ့တဲ့  အစားအ သောက်တွေလို  လူ့အသက်ကို အန္တရာယ်မပြုပါဘူး။ တိုင်းပြည် တိုးတက်ဖို့အတွက် ပြည်သူတွေ ရဲ့ စီးပွားရေး၊ ကျန်းမာရေး၊ ပညာရေးတွေ ဖွံ့ဖြိုးတိုးတက်ဖို့အတွက် အစိုးရအနေနဲ့ ဆောင်ရွက်နေပါတယ်။ ဆက်သွယ်ရေး နဲ့ပတ်သက်ပြီး နိမ့်ကျနေတဲ့ မြန်မာနိုင်ငံက ပြည်သူတွေအားလုံး ဖုန်းကိုင်နိုင်အောင် သမ္မတ ဦးသိန်းစိန်လက်ထက်မှာ နိုင်ငံတကာက ဆက်သွယ်ရေး ကုမ္ပဏီပေါင်း ၉၀ ကျော်ကို တင်ဒါခေါ် ယူခဲ့ပါတယ်။ ပွင့်လင်းမြင်သာတဲ့ တင်ဒါခေါ်ယူမှုနဲ့အတူ စနစ်တကျရွေးချယ်ခဲ့တဲ့ အတွက် နော်ဝေးအခြေစိုက် တယ်လီနောနဲ့ ကာတာအခြေစိုက်အူရီးဒူးတို့ တင်ဒါအောင်မြင်ခဲ့ပြီး မကြာ တော့တဲ့အချိန်မှာ လူတိုင်းဖုန်း ကိုင်နိုင်အောင်၊ အင်တာနက်အ ခမဲ့ သုံးခွင့်ရအောင် ဆောင်ရွက် နေတာ အားလုံးအသိပါ။ ပြည်သူ တွေကလည်း မျှော်လင့်နေကြပါ တယ်။ အထူးသဖြင့် ဖုန်းခေါ်ဆိုခ သက်သာပြီး အင်တာနက်လိုင်း ကောင်းမယ်။ လူကြီးမင်းနဲ့ မတွေ့ရတော့ဘူးဆိုပြီး တရားဝင်ဖြန့်ချိမယ့်ရက်ကို စောင့်မျှော်နေ ကြတာပါ။ အခုလို ဘာသာခြားရောင်းတဲ့ ဆင်းမ်ကတ်ကို ၀ယ်မသုံးရဘူးလို့ လှုံ့ဆော်နေမယ်ဆိုရင် နိုင်ငံတကာက မိမိတို့နိုင်ငံ အပေါ် အထင်သေးသွားမယ်ဆိုတာ ထည့်တွက်စေချင်ပါတယ်။

အစိုးရအနေနဲ့ ၁၅၀၀ တန် ဆင်းမ်ကတ်ကို မဲစနစ်နဲ့ ရောင်း ချပေးတဲ့အတွက် တစ်နယ်နဲ့ တစ် နယ် ဆက်သွယ်ရေးတွေ လွယ် ကူလာတယ်။ မိသားစုတွေ စကား ပြောကြရတယ်။ သူငယ်ချင်းတွေ ပြန်ဆုံကြတယ်။ နိုင်ငံတစ်နိုင်ငံ တိုးတက်ဖို့ဆိုတာ လျှပ်စစ်မီး၊ လမ်းပန်းဆက်သွယ်ရေး၊ တယ်လီဖုန်းစနစ် ကောင်းမွန်ဖို့ကလည်း အဓိကပါဝင်ပါတယ်။ အခုလို  နာမည်ကြီး ကုမ္ပဏီကြီးတွေ ကိုယ့်နိုင်ငံမှာလာရောက် ရင်းနှီးမြှုပ်နှံတာကို ကိုးကွယ်မှု မတူတာနဲ့ ကန့်ကွက်ရမယ်ဆိုရင် နည်းနည်းအမြင်ကျဉ်းရာ ရောက်ပါတယ်။

သူတို့ရဲ့ လုပ်ပုံကိုင်ပုံနဲ့ ပြည် သူတွေရဲ့ လိုအပ်ချက်ကို ဖြည့် ဆည်းပုံတွေကို ကြည့်ရမှာပါ။ နိုင်ငံတော်ကလည်း ဒီအတိုင်း လွှတ်ထားမှာ မဟုတ်ပါဘူး။ သတ်မှတ်စည်းကမ်းချက်တွေ၊ ဥပဒေတွေနဲ့ မကိုက်ညီရင် လိုအပ်သလို အရေးယူဆောင်ရွက်မှုတွေ  လုပ်မှာပါ။

အူရီးဒူးနံပါတ်နဲ့ ဖုန်းလာရင် မကိုင်ဖို့အထိ ဟောပြောသွားမယ် လို့လည်း ဆိုပါတယ်။ အူရီးဒူးဖုန်း နဲ့ အောင်ဘာလေသိန်းထီပေါက် တယ်လို့  အကြောင်းကြားရင်၊ အလုပ်ခန့်မယ်ဆိုပြီး ကုမ္ပဏီက အကြောင်းကြားရင်၊ မိသားစုကျန်းမာရေးမကောင်းလို့ အကြောင်း ကြားရင် မကိုင်ရတော့ဘူးလား။ အူရီးဒူးက ပစ္စည်းတွေ သုံးစွဲတာနဲ့ အမျိုးဘာသာ သာသနာကို ၀ါးမျိုသွားမယ်ဆိုတာ အစိုးရိမ်မကြီးလွန်းဘူးလား။  တကယ်တော့ဘယ်ဘာသာကိုပဲ  ကိုးကွယ်ကိုးကွယ် အဲဒီဘာသာရဲ့ အနှစ်သာရကို သိမယ်ဆိုရင် ဘယ်သူမှမ၀ါးမျိုနိုင်ပါဘူး။ နှလုံးသားထဲမှာ ဘုရားတည်နိုင်အောင် လုပ်ပေးရမှာပါ။ ကျွန်တော်တို့ နိုင်ငံမှာ ၀ိသမလောဘတွေတက်ပြီး  ပြည်သူတွေ ဘာဖြစ်ဖြစ် ကိုယ်ချမ်းသာရင်ပြီးရောဆိုတဲ့ အထဲမှာ ဘာသာတူသူတွေ အများကြီးပါ။

အူရီးဒူးမြန်မာကုမ္ပဏီမှာ မြန်မာဝန်ထမ်း ၇၀၀ ကျော်ရှိပြီး ကုမ္ပဏီရဲ့ ၇၆ ရာခိုင်နှုန်းဟာ  မြန်မာအလုပ်သမားတွေ ဖြစ်ပါ တယ်။  ဒီဝန်ထမ်းတွေကို အဲဒီ ကုမ္ပဏီမှာ  အလုပ်မလုပ်ဘူးဆို ရင် သူတို့ရဲ့  မိသားစုစားဝတ်နေ ရေးကို ဘယ်သူတာဝန်ယူမလဲ၊ သူတို့လေးတွေရဲ့ ရည်မှန်းချက် ကို ဘာသာမတူတာတစ်ခုတည်းနဲ့ ရိုက်မချိုးစေချင်ပါဘူး။ တစ်ခု တော့ရှိတယ်။ အဲဒီဝန်ထမ်း ၇၀၀ လုံးရဲ့  စားဝတ်နေရေးကို သူတို့ လုပ်နေတဲ့ ကုမ္ပဏီကရတဲ့ လစာ၊ အခွင့်အရေးထက် အဆများစွာ ပိုပေးနိုင်မယ်ဆိုရင်တော့ တစ်မျိုး ပေါ့။  လူသုံးကုန်ပစ္စည်းတွေနဲ့ ပတ်သက်ပြီး လူမျိုးရေး၊ ဘာသာရေးကို မကြည့်ဘဲ ၀န်ဆောင်မှုအပေါ်ကိုပဲကြည့်ရမှ ဖြစ်ပါတယ်။

မကွေးကျောင်းတိုက် ဆရာတော်အနေနဲ့ ကြားဖြတ်ရွေး ကောက်ပွဲမှာ သံဃာတော်များ မဲပေးခွင့်ရရှိရေး နိုင်ငံတော်သမ္မတထံ တောင်းဆိုမယ်လို့ မိန့် ကြားတဲ့အကြောင်းကို ပြီးခဲ့တဲ့ ငါးလပိုင်း ၁၅ ရက်နေ့ထုတ် ပုဂ္ဂလိက သတင်းစာတွေမှာ ဖတ်ရပါတယ်။  အဲဒီတုန်းကလည်း  ကန့်ကွက်သူ၊ ထောက်ခံသူတွေ  အသံကိုလည်း ကြားနေရပါတယ်။ အခုတစ်ခါအူရီးဒူးဆင်းမ်ကတ်နဲ့ပတ်သက်လို့ ပြည်သူတွေ မသုံးစွဲရေးကို လှုံ့ဆော်တာတွေ လုပ်လာပြန်ပါတယ်။ ပြည်သူတွေ အချင်းချင်း သွေးကွဲစေမယ့် အလုပ်တွေကို ရှောင်ရှားပြီး မြတ်ဗုဒ္ဓရဲ့ တရားတော်တွေနဲ့ ပြည်တွင်းငြိမ်းချမ်းရေးသာမက တစ်ကမ္ဘာလုံးငြိမ်းချမ်းအောင် ဟောကြားပြသပေးစေလိုပါတယ်။

ဘယ်သာကိုပဲ ကိုးကွယ်ကိုး ကွယ် အဲဒီဘာသာရဲ့ ဆိုဆုံးမမှု ကို လေးစားလိုက်နာမယ်ဆိုရင် လူတော်လူကောင်းပါပဲလို့ အမရ ပူရ မဟာဂန္ဓာရုံဆရာတော် ဘုရားကြီးရဲ့ ကိုယ်တိုင်ရေး အတ္ထုပ္ပတ္တိဖြစ်တဲ့ တစ်ဘ၀သံသရာကျမ်းစာမှာ မှတ်သားဖူးပါတယ်။ ‘‘ဘာသာတရားကို ကာကွယ်တာဟာ အဓိက က ယုံကြည်မှုပဲ။ ဒီဘာသာကိုလိုက်စားသူတွေရဲ့ ယုံကြည်မှုခိုင်မာရင် ဘယ်အရာကမှ ဘယ်သူကမှ လာလှုပ်လို့မရဘူး’’လို့ လူထု ခေါင်းဆောင်ဒေါ်အောင်ဆန်းစု ကြည်က ၂၅-၆-၂၀၁၃ ရက် ပြည်သူ့လွှတ်တော်အစည်းအဝေးရပ်နားတဲ့အချိန်မှာ မီဒီယာတွေကို ပြောကြားခဲ့တာ မှတ်သားဖူးပါတယ်။

ဘာသာမတူ၊ လူမျိုးမတူတာနဲ့ အမုန်းပွားကြရမယ်ဆိုရင် ရပ် ကွက်ထဲမှာ အတူတူနေထိုင်လာ ကြတဲ့သူတွေ တစ်ယောက်နဲ့ တစ် ယောက် ကျွန်းကိုင်းမီ ကိုင်းကျွန်း မီနေလာကြတာတွေ၊ တစ်ဦးရဲ့ အခက်အခဲကို တစ်ဦးကူညီနေ ကြတာတွေ၊ ဆွေမျိုးသားချင်း တွေလို စောင့်ရှောက်နေကြတာ တွေ ပြိုကွဲသွားမှာ စိုးရပါတယ်။

ဒါကြောင့် ဒီမိုကရေစီ နုနယ် သေးတဲ့ ကျွန်တော်တို့ နိုင်ငံက ပြည်သူပြည်သားတွေရဲ့ နှလုံး သားတွေ လှပစေဖို့ အမုန်းတရား တွေ မပွားကြပါနဲ့လို့ မေတ္တာရပ် ခံလိုက်ရပါတယ် ။    ။

7day