လူပီသဖို့

ပို့စ်တင်ချိန် - 6/30/2014 05:30:00 PM




(စာဖတ်သူကဏ္ဍ) သတင်းစာနဲ့ ဂျာနယ်တွေမှာ ဗုဒ္ဓဘာသာဝင် မြန်မာအမျိုးသမီးတွေကို ဗုဒ္ဓဘာသာဝင် မြန်မာအမျိုးသားတွေက ရက်ရက်စက်စက်ပြုမူနေကြတဲ့ သတင်းတွေ ဖတ်ရတာ တစ်နေ့တခြားများလာတဲ့အကြောင်းကို သူ ဖတ်ရတဲ့သတင်းတွေနဲ့ တင်ပြပြီး ရေးတဲ့ ပြည်မြို့က မခိုင်ခိုင်လဲ့ရဲ့ စာကို ဖတ်ရလို့ ဗုဒ္ဓဘာသာဝင် မြန်မာအမျိုးသမီးတွေအတွက် စိုးရိမ်မိပါတယ်။

ဗုဒ္ဓဘာသာအမျိုးသမီးများရဲ့ အခွင့်အရေးကို အကာအကွယ်ပေးရန်ဆိုပြီး ဥပဒေတွေ ပြဋ္ဌာန်းဖို့ ကြိုးစားနေကြတဲ့သူတွေ၊ အမျိုးသမီးတွေ အကြမ်းဖက်မခံရဖို့ ကြိုးပမ်းနေတယ်ဆိုတဲ့ အမျိုးသမီးအဖွဲ့တွေ၊ လူ့အခွင့်အရေးလှုပ်ရှားနေတဲ့အဖွဲ့တွေ အများအပြားထွက်ပေါ်နေပြီး သတင်းစာ၊ ဂျာနယ်တွေမှာ အကြီးကြီးတွေ ပြောနေကြပေမယ့် ထိရောက်တဲ့ လုပ်ဆောင်မှုတွေ မတွေ့ရသေးဘူးလို့ ပြောပါတယ်။

နယ်အစွန်အဖျားဒေသတွေကို မဆိုထားနဲ့ ရန်ကုန်မြို့မှာတောင် အမျိုးသမီးတွေကို အမျိုးသားတွေက ရက်ရက်စက်စက် ပြုမူကြတာတွေကတော့ အံ့သြထိတ်လန့်စရာတွေပါပဲ။

၂၀၁၁ ခုနှစ်၊ နိုဝင်ဘာ၁၉ ရက်နေ့က မြောက်ဥက္ကလာပမြို့နယ်မှာ ခင်ပွန်းဖြစ်သူက လူမဆန်စွာ ပြုမူခဲ့တဲ့ ထိုးသွင်းဒဏ်ရာ တစ်ချက်အပါအ၀င် ဖူးရောင်ဒဏ်ရာပေါင်း ၁၈ ချက်နဲ့ သေဆုံးခဲ့ရတဲ့ ဆယ်တန်းကျူရှင်သင်တဲ့ ဆရာမ၊မထက်ထက်အေးကျော်ဟာ မြန်မာဗုဒ္ဓဘာသာဝင်ဖြစ်သလို သူ့ခင်ပွန်းလည်း မြန်မာဗုဒ္ဓပါ။

၂၀၁၃ ခုနှစ်၊ ဇူလိုင်လ၂၃ ရက်ကလည်း ဒဂုံတောင်မြို့နယ်မှာ ကိုယ်ဝန်သည် အမျိုးသမီးတစ်ဦး ကလေးမွေးဖွားထားတဲ့ လက္ခဏာနဲ့အလောင်းကို တွေ့ရပြီး ဘေးမှာ မွေးကင်းစ ယောက်ျားကလေးတစ်ဦးရဲ့ အလောင်းကို တွေ့ရလို့ မှုခင်းဆရာဝန်ကြီးက စစ်ဆေးတဲ့အခါ သေဆုံးသူဟာ အရိုက်ခံရလို့ သတိလစ်နေချိန်မှာ လည်ပင်းကို လုံချည်နဲ့ ညှစ်သတ်ထားတာကြောင့် ဗိုက်ထဲမှာ ရေနစ်သေဆုံးရတဲ့အပြင် ဗိုက်မှာ အကန်ခံရလို့ သားအိမ်ပေါက်ပြီး ကလေးထွက်ကျကာ ကလေးမှာ ဗိုက်ပေါက်အူထွက် သေဆုံးခဲ့ရပါတယ်။ ဒီလိုရက်ရက်စက်စက် ပြုလုပ်တဲ့သူကတော့ သေဆုံးသူ မအေးအေးအောင်နဲ့ ချစ်ကြိုက်ပြီး သားမယားအဖြစ် ဆက်ဆံတဲ့ ဗုဒ္ဓဘာသာဝင် မြန်မာအမျိုးသားပါ။

ရေးမယ်ဆိုရင်တော့ ရေးစရာအမှုတွေ အများကြီးရှိနေပါတယ်။ အခုပြောတဲ့ သတင်းတွေမှာ ကျူးလွန်သူတွေဟာ မြန်မာလူမျိုး၊ ဗုဒ္ဓဘာသာဝင်တွေ ချည်းပါပဲ။ သူများတွေ မကောင်းတာတွေ ပြောနေကြမယ့်အစား ကိုယ့်လူမျိုး၊ ကိုယ်ဘာသာဝင်တွေ စိတ်ဓာတ်အဆင့်အတန်း မြင့်မားလာအောင်၊ လူပီပီသသနေတတ်အောင် ဘယ်လိုလုပ်ကြမလဲလို့ ၀ိုင်းဝန်းပြီး အဖြေရှာကြစေချင်ပါတယ်လို့ ရေးလာတဲ့စာကို ဖော်ပြလိုက်ပါတယ်။


Mizzima Burmese