အမေရိကန်အထက်တန်းကျောင်းတစ်ကျောင်းတွင် ပစ်ခတ်မှုဖြစ်ပွား၍ ကျောင်းသားတစ်ဦးနှင့်သေနတ်သမားသေဆုံး

ပို့စ်တင်ချိန် - 6/11/2014 01:06:00 PM

ရေးနိုးစ်အထက်တန်းကျောင်းမှ ကျောင်းသားများနှင့်မိဘများ ကားပါကင်တွင် ပြန်လည်တွေ့ဆုံကြစဉ် (Beth Nakamura/ The Oregonian)




လော့စ်အန်ဂျလိစ်- အမေရိကန်နိုင်ငံ အော်ရီဂွန်ပြည်နယ်ပေါ့ထ်လန်းမြို့အနီးရှိ အထက်တန်းကျောင်းတစ်ခု၌ ပစ်ခတ်မှုဖြစ်ပွားခဲ့ပြီး ကျောင်းသားတစ်ဦးနှင့် သေနတ်သမားတို့သေဆုံးခဲ့သည်ဟု အမေရိကန် ရဲတပ်ဖွဲ့ကပြောသည်။

ထရောက်ဒေးလ်မြို့ ရေးနိုးစ်အထက်တန်းကျောင်း၌ ဇွန် ၁၀ ရက် နံနက် ၈ နာရီခန့်တွင် ပစ်ခတ်မှုများဖြစ်ပွားခဲ့သည်ဟု Multnomah စီရင်စုငြိမ်ဝပ်ပိပြားရေးအရာရှိရုံးကပြောသည်။ ကျောင်းထဲမှ ကျောင်းသားများလက်မြှောက်၍ ထွက်ခွာလာသည်ကိုရုပ်သံများကရိုက်ကူးဖော်ပြခဲ့ပြီး အခင်းဖြစ်ပွားချိန်တွင် ကျောင်းသားများသည် ၎င်းတို့၏မိဘများအား ဖုန်းဖြင့်စာများရေးသား ၍ ဆက်သွယ်ခဲ့သည်ဟု အေပီသတင်းကဖော်ပြသည်။

ယခုမူ ရေးနိုးစ်ကျောင်းတွင်းအခြေအနေမှာ တည်ငြိမ်သွားပြီဖြစ်ပြီး ပစ်ခတ်မှုကြောင့် သေဆုံးခဲ့သောကျောင်းသားမှာ အသက် (၁၄)နှစ်အရွယ် Emilio Hoffman ဆိုသူဖြစ်ကြောင်း ထရောက်ဒေးလ်မြို့ရဲတပ်ဖွဲ့အကြီးအကဲက အတည်ပြုပြောကြားသည်။ သေနတ်သမားသေဆုံးရသည့်အကြောင်းရင်းကိုမူ အတိအကျမသိရသေးပေ။

ပြီးခဲ့သည့်သီတင်းပတ်သုံးပတ်အတွင်း အမေရိကန်နိုင်ငံ၌ ပစ်ခတ်မှုပေါင်းလေးမှုဖြစ်ပွားခဲ့ပြီး သေနတ်သမားများအပါအဝင် လူ ၁၅ ဦးသေဆုံးခဲ့သည်။

_Ref: AFP
7day daily