အသက်(၂၉)နှစ် အရွယ်တွင် ဘောလုံးသမား ဘဝမှ အနားယူသွားသည့် ဘန်တလေ

ပို့စ်တင်ချိန် - 6/14/2014 01:47:00 PM


အသက်(၂၉)နှစ်မျှ အရွယ်တွင်ပင် ဘောလုံးသမား ဘဝမှ အနားယူရန် ဒေးဗစ်ဘန်တလေက ဆုံးဖြတ်လိုက်ပြီဟု သိရှိရသည်။

ဘလက်ဘန်းရိုဗာနှင့် တော့တင်ဟမ် ဟော့စပါး ကစားသမားသည် ဘောလုံးလောကနှင့် (၁)နှစ်ကျော် ဝေးကွာနေခဲ့ပြီ ကစားသမားဘဝကို အပြီးတိုင် နှုတ်ဆက် ကျောခိုင်းသွားခြင်း ဖြစ်သည်။ အာဆင်နယ်တွင် ဘောလုံးသမားဘဝ စတင်ခဲ့သော ဘန်တလေသည် (၂၀၁၂-၁၃) ဘောလုံးရာသီ အကုန်တွင် စပါးအသင်းမှ ထွက်ခွာခဲ့ပြီး ကတည်းက မည်သည့်အသင်းထံကမျှ ကမ်းလှမ်းမှုကို မရရှိတော့ချေ။ ပြီးခဲ့သည့်လကမူ ဘန်တလေ အနေဖြင့် မိမိသည် ကစားသမား ဘဝကို အပြီးသတ် စွန့်ခွာရန် နီးစပ်နေပြီဟု ထုတ်ဖော်ဝန်ခံခဲ့သေးသည်။ သောကြာနေ့ကမူ ၎င်းသည် Sky Sportsနှင့် တွေ့ဆုံပြီး ဝမ်းနည်းဖွယ် သတင်းကို အတည်ပြုခဲ့ခြင်း ဖြစ်သည်။

ဘန်တလေသည် အာဆင်နယ်တွင် ပရော်ဖက်ရှင်နယ်ဘဝ အစပြုခွင့် ရလာပြီးနောက် နောဝှစ်ခ်ျစီးတီးနှင့် ဘလက်ဘန်းတို့တွင် အငှားထွက်ကစားခဲ့ပြီး (၂၀၀၆)ခုနှစ်တွင်မူ ဘလက်ဘန်းသို့ အပြီးသတ် ပြောင်းရွှေ့ခဲ့သည်။ ၎င်း၏ ဘလက်ဘန်းနှင့် ပထမဆုံး ပွဲစဉ်တွင် Hat-Trick ရခဲ့ခြင်းကမူ ဘန်တလေအတွက် အမှတ်ရစရာ ဖြစ်သည်။ စပါးသည် (၂၀၀၈)ခုနှစ်က ဘန်တလေအတွက် ပေါင်စတာလင် (၁၅)သန်းထိ ဈေးပေး ခေါ်ယူခဲ့သော်လည်း အကောင်းဆုံး ရင်းနှီးမြှုပ်နှံမှု မဖြစ်ခဲ့ချေ။ မြောက်ပိုင်းလန်ဒန်တွင် ခြေစွမ်းမပြနိုင်ခဲ့သည့်နောက် ဘန်တလေသည် ဘာမင်ဂမ်စီးတီး၊ ဝက်စ်ဟမ်းယူနိုက်တက်တို့အပြင် ရိရှားကလပ် ဟန်ဆာရော့ဗ်ဆတော့ဗ် အသင်းထံသို့ပင် အငှားထွက်ခွာ ကစားခဲ့ရပြီး ထိုမှတစ်ဆင့် ဘလက်ဘန်းသို့ ပြန်လည် ရောက်ရှိခဲ့သည်။

ဘန်တလေ အနားယူချိန်တွင် ကလပ်အသင်းအဆင့် ပွဲစဉ်ပေါင်း (၂၆၆)ပွဲထိ ပါဝင် ကစားထထားပြီး ဖြစ်သည်။ ဘန်တလေက “ဘောလုံးကို ကျွန်တော် လက်လျှော့ အရှုံးပေးလိုက်ပါပြီ။ ကျွန်တော့် နောက်ဆုံးပွဲစဉ်ကို ကစားခဲ့တာ (၁)နှစ်ကျော်သွားခဲ့ပြီလေ။ ဒါကြောင့် ဘဝအတွက် အရေးကြီးတဲ့ ဆုံးဖြတ်ချက်ကို ချခဲ့တာပါ။ ကျွန်တော် ရွေးချယ်ချင်တဲ့ အရာနဲ့တော့ ဆန့်ကျင်ဘက်ပဲပေါ့။ ဒီလိုနေ့မျိုးကို စဉ်းစားရွေးချယ်သင့်ပြီလို့ ခံစားရပါတယ်။ မကြာခင်ကမှ ကျွန်တော် အမြွှာကလေးလေးနှစ်ယောက် ရထားပါတယ်။ သူတို့ (၃)လအရွယ်ပဲ ရှိသေးတယ်။ (၄)နှစ်အရွယ် ကလေးလေး တစ်ယောက်လည်း ရှိသေးတယ်လေ။ မိသားစု အတွက်လည်း ကျွန်တော် အာရုံစိုက်ချင်ပါပြီ။ ဘောလုံးပွဲတွေကို ကျွန်တော်ချစ်ပါတယ်။ ဒါပေမဲ့ ပိုက်ဆံရဖို့ တစ်ခုတည်းအတွက်တော့ ကျွန်တော် မစဉ်းစားထားပါဘူး။ စပိန်က စားသောက်ဆိုင် တစ်ခုမှာ ကျွန်တော် ရင်းနှီးမြှုပ်နှံထားပါတယ်။ ဗြိတိန်မှာလည်း ဆိုင်ခွဲဖွင့်ချင်တယ်။ ဒီအတွက်တော့ အလုပ်တွေ များဦးမှာပါ”ဟုလည်း ဆိုသည်။

၎င်းက “ကျွန်တော်နဲ့ ဘောလုံးပွဲတွေကြားက ချစ်ခြင်းမေတ္တာက ခန်းခြောက်သွားပါပြီ။ စပါးမှာတုန်းကတော့ ကျွန်တော် ခက်ခဲတဲ့ ကာလတချို့ ဖြတ်သန်းခဲ့ရတယ်။ အနားယူဖို့ တွေးလိုက်တဲ့ အချိန်ကတော့ စောနေပါတယ်။ ဒါပေမဲ့ ဘဝအတွက်တော့ အပေါင်းလက္ခဏာဆန်တဲ့ ဆုံးဖြတ်ချက် တစ်ခုလို့ ထင်ပါတယ်။ အရာရာကိုလည်း အကောင်းမြင်ပါတယ်။ ကျွန်တော် ပျော်ရွှင်နေသလို နောင်တရနေတာမျိုးလည်း မရှိပါဘူး။ ဘောလုံးကစားရတဲ့ မိနစ်တိုင်းကို ကျွန်တော် ချစ်မြတ်နိုးပါတယ်။ ဒါပေမဲ့ ဒီနေ့ခေတ် ပွဲစဉ်တွေရဲ့ သဘောသဘာဝက ပြောင်းလဲသွားပြီလေ။ လက်ရှိအခြေအနေက နည်းနည်း စက်ရိပ်ဆန်လာတယ်။ Social Mediaတွေ ရောယှက်လာတယ်။ ငွေကလည်း ပိုအရေးပါလာတယ်။ ဘောလုံးပွဲတွေက ခန့်မှန်းလို့ လွယ်လာတယ်၊ တွက်ချက်လို့ရလာတယ်။ ဒါမျိုးပြောရတာ ကျွန်တော် သိပ်တော့ စိတ်မကောင်းဘူး။ နောက်ထပ် (၃)နှစ်၊ (၄)နှစ်လောက် ဘောလုံးကစားနေဖို့ ဆိုတာက ကျွန်တော့်အတွက် ရွေးချယ်စရာ မဟုတ်နိုင်တော့ပါဘူး”ဟုလည်း ပြောကြားသွားသည်။

Ref: Sky Sports
Soccer Myanmar