စစ်တပ်က ပြန်ပေးမြေ အငြင်းပွားမူကြောင့် မင်းပြား- ဗလိပေါက်ရွာတွင် ဓါးဆွဲ-တုတ်ဆွဲ ဖြစ်ပွားရန် အခြေအနေ ရှိနေ

ပို့စ်တင်ချိန် - 6/30/2014 01:26:00 PM


ရခိုင်ပြည်နယ် မင်းပြားမြို့နယ် ဗလိပေါက်(ပုလဲပေါက်) ကျေးရွာတွင် စစ်တပ်က ပြန်ပေးသော
 လယ်မြေများနှင့် ပတ်သက်ပြီး ရွာသားများအကြား အငြင်းပွားမူ ပေါ်ပေါက်နေကာ
ရွာသားများ အကြား တစ်ဘက်နှင့် တစ်ဘက် ဓါးဆွဲ-တုတ်ဆွဲ ဖြစ်ပွားရန် အခြေအနေသို့ ရောက်ရှိနေသည်ဟု သိရသည်။

“ အခု စစ်တပ်က သိမ်းထားတဲ့ လယ်မြေတွေ အကုန်လုံးကို ပြန်ပေးပါတယ်။ စုစုပေါင်း လယ် ၄၂၃ ဧက ဖြစ်ပါတယ်။ ရွာသားတွေကို တစ်အိမ်ထောင်ကို ၁ ဒသမ ၃၅ ဧကစီ ခွဲဝေပေးပါတယ်။ အဲသလို ခွဲဝေပေးနေတဲ့ အချိန်မှာ စစ်တပ်က အရင် သီးစားချခဲ့တဲ့ ရွာသား ၉ ဦးက ဒီလယ်တွေပေါ်မှာ အတင်းအဓမ္မ တက်ထွန်တဲ့ အတွက် ရွာသားတွေအကြားမှာ ပြသနာတွေ ပေါ်ပေါက်နေပါတယ်” ဟု အမည်မဖေါ်လိုသူ လယ်သမား တစ်ဦးက နိရဉ္စရာသို့ ပြောကြားသည်။

ရခိုင်ပြည်နယ် စိုက်ပျိုးရေးနှင့် မွေးမြူရေး ၀န်ကြီး ဦးသာလူချေမှ မင်းပြားမြို့နယ် အုပ်ချုပ်ရေးမှူးသို့ ဗလိပေါက်ကျေးရွာရှိ ၎င်းမြေများအား လယ်သမားများအားခွဲဝေပေးရန် ညွှန်ကြားခဲ့ကြောင်း၊ မြို့နယ် အထွေထွေအုပ်ချုပ်ရေးမှူး၏ ညွှန်ကြားချက်ဖြင့် ၎င်းမြေများကို မြို့နယ် မြေစာရင်း ဦးစီးဌာနမှ လ၀က မှ သတ်မှတ်ထားသော အိမ်ထောင်စု အလိုက် တောင်သူများကို တစ်အိမ်ထောင် ၁ ဒဿမ ၃၅ ဧကစီ ဖြင့်ခွဲဝေပေးခဲ့သည်ဟု ဆိုသည်။

သို့သော်လည်း ထိုသို့ ခွဲဝေပေးသည်ကို မကျေနပ်သော ဗလိပေါက်ကျေးရွာမှ ဦးစံလှထွန်း၊ ဦးစံရွှေမြ၊ ဦးထွန်းသိန်းမောင်၊ ဦးမောင်မောင်စော၊ ဦးငလုံးချေ၊ ဦးနီအောင်ကျော်၊ ဦးဝိဇ္ဇာအောင်နှင့် တုတ်ပင်လယ်ကျေးရွာမှ ဦးမဲအောင်၊ ဦးကျော်သိန်းလှတို့က ၎င်းသဘောဖြင့် ၎င်းတို့ လယ်မြေများကို တက်ရောက် ထွန်ယက်နေသည်ဟု ယင်းလယ်သမားက ဆိုသည်။

“ သူတို့က စစ်တပ်ဆီမှာ သီးစားချ လုပ်ကိုင်ခဲ့တဲ့သူတွေ ဖြစ်တဲ့ အတွက် သူတို့ကို (၆) ဧကစီ ပေးရမယ်ဆိုပြီး တောင်းဆိုပါတယ်။ သူတို့ကို ၁ ဒသမ ၃၅ ဧက ပေးတာကို မကျေနပ်တဲ့ အတွက် လယ်မြေတွေကို ခွဲဝေပေးနေတဲ့ အချိန်အတွင်းမှာဘဲ လယ်တွေပေါ်မှာ လယ်တက်ထွန်နေကြတာ ဖြစ်ပါတယ်။  ဒီမြေတွေက စစ်တပ် မသိမ်းခင်က ရွာသားတွေ ဘုံပိုင်တဲ့ မြေတွေဖြစ်ပါတယ်” ဟု သူက ဆက်ဆိုသည်။

လာမည့် အဂါင်္နေ့တွင် ကျန်နေသော ရွာသားများကလည်း ၎င်းလယ်မြေများပေါ်တွင် လယ်ထွန်ကြမည်ဖြစ်သဖြင့် တုတ်ဆွဲ-ဓါးဆွဲ ဖြစ်ကြမည်ကို အများက စိုးရိမ်နေကြသည်ဟု သိရသည်။

“ အခုက ပြသနာက ကြီးလာတယ်။ အရင်စစ်တပ်ဆီမှာ သီးစားချ လုပ်ကိုင်ခဲ့တဲ့သူက စုစုပေါင်း ရွာသား (၁၁) ဦးရှိတယ်။ သူတို့ကို တစ်ယောက်ကို ၆ ဧကနုန်းနဲ့ ပေးရမယ်ဆိုရင် ဧက (၇၀) နီးပါးပေးရမယ်။ ရွာသားတွေက မပေးလိုဘူး။ လာမယ့် အင်္ဂါနေ့မှာ ရွာသားတွေလည်း ထွန်တုံးတိုက်ပွဲဆင်နွဲမယ်ဆိုတဲ့ အတွက် တစ်ဘက်နဲ့ တစ်ဘက် ပြသနာ ဖြစ်မှာကို စိုးရိမ်စရာ ဖြစ်နေပါတယ်” ဟု ရွာကျောင်းဆရာတော်ကလည်း နိရဉ္စရာသို့ မိန့်ကြားသည်။

ယခုကဲ့သို့ ပြသနာ ဖြစ်ပွားနေသဖြင့် ကျေးရွာ မြေယာခန့်ခွဲရေး ကော်မီမှ မင်းပြားမြို့နယ်အထွေထွေ အုပ်ချုပ်ရေးမှူးရုံးသို့ သွားရောက် တိုင်တန်းရာ မြို့နယ် စီမံခန့်ခွဲရေး ကော်မီတီ ဥက္ကဌ ဦးအောင်နိုင်မှ  တောင်းဆိုနေသော လယ်သမား  (၁၁)ဦးအား လယ်  ၆ ဧကစီ ပေးအပ်ရန် ပြောဆိုသည်ဟု ဆိုသည်။

ဦးအောင်နိုင်မှ ထိုကဲ့သို့  ၆ ဧကစီ ခွဲဝေပေးရန် ပြောကြားခြင်း အပေါ် ရွာသားများက မကျေမနပ် ဖြစ်နေပြီး ဦးအောင်နိုင်မှာ ၎င်းလယ်သမား (၁၁) ဦးနှင့် နားလည်မူယူကာ လုပ်ဆောင်ခြင်း ဖြစ်နိုင်ကြောင်း ရွာသားများက ပြောဆိုသည်။

၎င်းကိစ္စနှင့် ပတ်သက်ပြီးမေးမြန်းရန် မြို့နယ် အထွေထွေ အုပ်ချုပ်ရေးမှူးရုံးသို့ ဆက်သွယ်ရာ အဆက်အသွယ် ရရှိခဲ့ခြင်း မရှိပါ။

နိရဉ္စရာသတင်းဌာန