ကချင်စစ်ဘေး ဒုက္ခသည် သုံးဦးအား မြစ်ကြီးနားခရိုင် တရားရုံးမှ နှစ်ရှည်ထောင်ဒဏ်များ ချမှတ်

ပို့စ်တင်ချိန် - 6/11/2014 01:06:00 PM



ရွှေစက်နှစ်ခြင်း အသင်းတော် ကချင်စစ်ဘေး ဒုက္ခသည် စခန်းတွင် နေထိုင်သည့် စစ်ဘေးရှောင် ဒုက္ခသည်များ ဖြစ်ကြသော ဦးလဖိုင်ဂမ်၊ ဦးဘရန်ရုန်း၊ မောင်လရိန်တို့အား မတရားအသင်း ဆက်သွယ်မှု၊ ပေါက်ကွဲစေတတ်သော ပစ္စည်းများ အက်ဥပဒေ ပုဒ်မ (၃)နှင့်(၄)တို့ဖြင့် ကချင်ပြည်နယ် မြစ်ကြီးနား ခရိုင်တရားရုံးမှ နှစ်ရှည်ထောင်ဒဏ်များ အသီးသီး ချမှတ်လိုက်ကြောင်း ယင်းအမှုတွင် လိုက်လံ ကူညီဆောင်ရွက်ပေးနေသည့် ရှေ့နေ ဦးမာခါးမှ Tomorrowဂျာနယ်သို့ ပြောကြားသည်။

“ဒီအမှုက အစိုးရနဲ့ ကေအိုင်အေကြား ဖြစ်လာတဲ့ နောက်ဆက်တွဲ အကျိုးဆက်ပေါ့၊ ထောင်ဒဏ် အမိန့်ချခံရတဲ့ လူတွေက ဒုက္ခသည်တွေလေ၊ အိုးအိမ်တွေ စွန့်ခွာပြီး ထွက်ပြေးလာကြတယ်၊ ဒီမှာလာ ခိုကြတယ်၊ အဲဒီအချိန်မှာ အဖမ်းခံရတယ်၊ သူတို့က ဒုက္ခသည် စခန်းမှ နေထိုင်ပြီး တစ်နှစ် နီးပါးလောက်မှာ ၂၀၁၂ ခြောက်လပိုင်း ကိုးရက်နေ့လောက်မှာ ကျွဲ၊နွားတွေ အငှားလိုက်ပါ မောင်းပို့ဖို့ သွားတာတာ လောကြီး ကျေးရွာနားမှာ ခလရ ၃၇က ဖမ်းဆီးသွားတယ်၊ ကျွဲ၊ နွားပိုင်ရှင်နဲ့ ကျွဲနွားတွေကို ငွေကြေးပေါင်းယူပြီး ပြန်လွတ်ပေးတယ်၊ သူတို့ကိုတော့ ဖမ်းထားတယ်၊ အဲဒီနားက ဘုန်းကြီးကျောင်းမှာ ရိုက်နှက်စစ်ဆေးပြီး မြစ်ကြီးနားမှာရှိတဲ့ စစ်ဖက်ရေးရာလုံခြုံရေးကို ပို့လိုက်တယ်၊ အဲဒီမှာလည်း နှိပ်စက်မှုတွေ ဆက်လုပ်တယ်၊ ပထမဆုံး မြစ်ကြီးနား တရားရုံးမှာ ၁၇(၁)နဲ့ တရားစွဲပြီး ပေါက်ကွဲစေတတ်တဲ့ အမှုနဲ့ထပ် တရားစွဲတယ်”ဟု ၄င်းအမှုတွင် လိုက်လံကူညီ ဆောင်ရွက် ပေးနေသည့် ရှေ့နေ ဦးမာခါးက ပြောကြားခဲ့သည်။

ကချင်စစ်ဘေးရှောင် ဒုက္ခသည်များ ဖြစ်ကြသော ဦးလဖိုင်ဂမ်၊ ဦးဘရန်ရုန်း၊ မောင်လရိန်တို့အား မတရားအသင်း ဆက်သွယ်မှု ပုဒ်မ ၁၇(၁)ဖြင့် ၂၀၁၃ခုနှစ် နိုဝင်ဘာ ၁၅ရက်က ထောင်ဒဏ် ၂နှစ်စီ အသီးသီး ချမှတ်ခဲ့ပြီး ၂၀၁၃ခုနှစ် ဒီဇင်ဘာ၁၉တွင် ဖောက်ခွဲမှုဖြင့် ထောင်ဒဏ် ၅နှစ်စီ အသီးသီး ချမှတ်ခံခဲ့ရကြောင်းနှင့် ထပ်မံ၍ ၂၀၁၄ ခုနှစ် ဇွန်လ၅ရက်နေ့တွင် ပေါက်ကွဲစေတတ်သော ပစ္စည်းများ အက်ဥပဒေပုဒ်မ (၃)နှင့် ပုဒ်မ (၄)တို့ဖြင့် ဦးဘရန်ရုန်းအား ထောင်ဒဏ်၁၄နှစ် ဦးလဖိုင်ဂမ်အား ထောင်ဒဏ် ၁၃နှစ် ဦးလရိန်အား ထောင်ဒဏ် ၃နှစ် အသီးသီး ချမှတ်ခဲ့ကြောင်း အဆိုပါ ရှေ့နေမှ ပြောကြားသည်။

အဆိုပါ အမှုနှင့် ပတ်သက်၍ နိုင်ငံတော် သမ္မတ ဦးသိန်းစိန်၊ ခလရ ၃၇နှင့် တရားဥပဒေ စိုးမိုးရေးနှင့် တည်ငြိမ်း အေးချမ်းရေး ကော်မတီ ဥက္ကဌ ဒေါ်အောင်ဆန်းစုကြည်တို့ထံ အသနားခံစာ တင်ထားသော်လည်း ထူးခြားမှု မရှိခဲ့ကြောင်း အမှုအား နေပြည်တော် တရားသူကြီးချုပ်ထံ အယူခံဝင် သွားမည်ဖြစ်ကြောင်း သိရသည်။

Tomorrow news journal