မြန်မာ ယူ-၁၉ အသင်း ဘာလင်မြို့နှင့် လန်ဒန်မြို့များတွင် နေထိုင်လေ့ကျင့်မည်ဖြစ်ပြီး ၀က်စ်ဟမ်း လူငယ်အသင်း အပါအ၀င် ခြေစမ်းပွဲများ ယှဉ်ပြိုင်ကစားရန် ညှိနှိုင်းလျက်ရှိ

ပို့စ်တင်ချိန် - 6/11/2014 01:03:00 PM

မြန်မာ ယူ-၁၉ အသင်း ကစားသမားများနှင့် လက်ထောက်နည်းပြ ဦးညီညီလတ်တို့ကို လေ့ကျင့်ရေးကွင်း၌ တွေ့ရစဉ် (ဓာတ်ပုံ - ညီညီစိုးညွန့်)



မြန်မာနိုင်ငံက အိမ်ရှင်အဖြစ် လက်ခံကျင်းပမည့် အာရှ ယူ-၁၉ ချန်ပီယံရှစ်ပြိုင်ပွဲနှင့် နိုင်ငံတကာ ပြိုင်ပွဲများအတွက် စခန်းဝင်လေ့ကျင့်မှုများ ပြုလုပ်နေသည့် မြန်မာ ယူ-၁၉ အသင်းသည် ပြိုင်ပွဲအကြိုပြင်ဆင်မှုအဖြစ် ဥရောပနိုင်ငံများတွင် သွားရောက် လေ့ကျင့်မည်ဖြစ်ပြီး ဂျာမနီနိုင်ငံ၊ ဘာလင်မြို့နှင့် အင်္ဂလန်နိုင်ငံ၊ လန်ဒန်မြို့များတွင် လေ့ကျင့်သွားမည်ဖြစ်ကြောင်း သိရသည်။

မြန်မာ ယူ-၁၉ အသင်းသည် ယင်းနှစ်နိုင်ငံတွင် ရက် ၂၀ ကျော်ကြာ နေထိုင်၍ လေ့ကျင့်မှုများ ပြုလုပ်မည်ဖြစ်ပြီး ခြေစမ်းပွဲများ ယှဉ်ပြိုင်ကစားရန်အတွက် ညှိနှိုင်းမှုများ ပြုလုပ်လျက်ရှိကြောင်း သိရသည်။ မြန်မာ ယူ-၁၉ အသင်းသည် ၀က်စ်ဟမ်း လူငယ်အသင်း အပါအ၀င် အခြားဒေသခံ လူငယ်ကလပ် အသင်းများနှင့် ခြေစမ်းကစားရန် ညှိနှိုင်းလျက်ရှိပြီး နောက်ဆုံးအဆင့် ဆွေးနွေးမှုများ ပြုလုပ်လျက်ရှိသည်။ မြန်မာ ယူ-၁၉ အသင်းသည် လာမည့် ဇွန် ၂၉ ရက်မှ ဇူလိုင် ၂၅ ရက်အထိ သွားရောက်လေ့ကျင့်ရန် စီစဉ်ထားပြီး ဂျာမနီနိုင်ငံသို့ ဦးစွာသွားရောက်မည် ဖြစ်သည်။

မြန်မာ ယူ-၁၉ အသင်းသည် ဥရောပခြေစမ်း ခရီးစဉ်အတွက် ပဏာမလက်ရွေးစင် ကစားသမား ၂၇ ဦးဖြင့် လေ့ကျင့်လျက်ရှိပြီး အပြီးသတ် ၂၅ ဦးကို ဇွန်လစတုတ္ထပတ်တွင် ရွေးချယ်သွားမည်ဖြစ်သည်။ မြန်မာ ယူ-၁၉ အသင်းသည် ပြီးခဲ့သည့် ဧပြီလ ကတည်းက စခန်းဝင်လေ့ကျင့်မှုများ ပြုလုပ်နေခြင်းဖြစ်ပြီး ပြိုင်ပွဲအကြို ယှဉ်ပြိုင်ကစားခဲ့သော နိုင်ငံတကာ ခြေစမ်းပွဲများတွင် ရလဒ်ကောင်းများ ရယူထားနိုင်သည်။ ဂျပန် ယူ-၁၉ အသင်းကို (၁-၀)ဂိုး၊ နိုင်ဂျီးရီးယားကလပ် အာရာဖတ်အသင်းကို (၇-၁) ဂိုးတို့ဖြင့် အနိုင်ရရှိထားပြီး အင်ဒိုနီးရှားတွင် သွားရောက်ကစားခဲ့သော အင်ဒိုနီးရှား ယူ-၁၉ အသင်းနှင့် ခြေစမ်းပွဲနှစ်ပွဲတွင် တစ်ပွဲနိုင်၊ တစ်ပွဲသရေကျခဲ့ကြောင်း သိရသည်။



Eleven Media Group