မန္တလေးတိုင်း ၀န်ကြီးချုပ်နေအိမ်အနီး ယမန်ည သန်းခေါင်မှစကာ ရပ်ထားသည် ကားကို မသင်္ကာမှုဖြင့် စစ်ဆေး

ပို့စ်တင်ချိန် - 6/16/2014 07:55:00 PM


မန္တလေးမြို့ ၆၅လမ်း၊၂၃လမ်းနှင့် ၂၄လမ်းကြားရှိ မန္တလေးတိုင်းဝန်ကြီးချုပ် နေအိမ်
အနီးတွင် ဇွန်၁၅ ရက် ည၁၂ နာရီခန့်က စတင် ရပ်ထားခဲ့သော အဲဖတ်(Alphard)ကား အဖြူရောင်ကို မသင်္ကာသောကြောင့် ဇွန်လ ၁၆ ရက် မွန်းလွဲ ၁၂နာရီ ၁၅မိနစ်တွင် အမှတ် ၂ ရဲစခန်းက စစ်ဆေးရာ ဂေါက်ဒုတ်များ၊ ခရီးဆောင်အိတ်နှင့် ဝေါ်ကီတော်ကီ စကားပြောစက်များ ရှာဖွေတွေ့ရှိသည်။

ယင်းကား ရပ်ထားခဲ့သည့် နေရာတွင် ရှာဖွေစစ်ဆေးမှု ၂ နာရီခန့် ပြုလုပ်ပြီးနောက် အမှတ် ၂ ရဲစခန်းသို့ ယူဆောင်၍ ဆက်လက်စစ်ဆေးမှုများ လုပ်ခဲ့သည်ဟု စစ်ဆေးရာတွင် ပါဝင်သည့် ယာဉ်ထိန်းရဲတပ်ဖွဲ့မှ ရဲမှူးတစ်ဦးက ပြောသည်။

ကညနဌာနမှ စက်မှုကျွမ်းကျင် ၃ ဦးသူရလှိုင်က အဆိုပါကားကို စစ်ဆေးရာတွင် ကား၏နံပါတ်အရ ဘောင်အမှတ်မှာ Z/2010/AYTY/001/007 ဖြစ်ပြီး စက်အမှတ်1KZ-0722788 ဟု ကွန်ပျူတာ မှတ်တမ်း တွင်ပါရှိသည်။

လက်ရှိကားတွင် ဘောင်နံပါတ် မတွေ့ရှိရသေးသလို အင်ဂျင်အမျိုးအစားလည်း မတူကြောင်း သိရသည်။ အဆိုပါ ဖြစ်စဉ်အား အောင်မြေသာစံ မြို့နယ်ရှိ အမှတ် ၂ ရဲစခန်းမှ ညနေ ၅နာရီအထိ စစ်ဆေးနေဆဲဖြစ်ပြီး အသေးစိတ် အချက်အလက်များကို ထုတ်ပြန်ခြင်းမရှိသေးပေ။

ပုံစာ- မန္တလေးတိုင်း ဝန်ကြီးချုပ်အိမ်အနီးတွင် ဇွန်လ ၁၅ရက် ညမှ ၁၆ရက် နေ့လည်အထိ ရပ်ထားသည့် ကားကို မန္တလေးမြို့ အမှတ် ၂ရဲစခန်းတွင် စစ်ဆေးနေစဉ်။

(ဓာတ်ပုံ အောင်ကိုဦး)

Mizzima News Daily