အလည်ဗီဇာဖြင့်ပို့သည့်ပွဲစားဇနီးမောင်နှံအားဖမ်းမိ

ပို့စ်တင်ချိန် - 6/27/2014 01:28:00 PM



ထိုင်းနိုင်ငံသို့ အလည်ဗီဇာဖြင့် မြန်မာအလုပ်သမားများ အားတင်ပို့ထားသည့် ပွဲစား
ဇနီးမောင်နှံတို့အား ထိုင်းနိုင်ငံအနောက်ပိုင်းကန်ချနဘူရီခရိုင် ထာ့မကာမြို့နယ်၊ ဆင်သော်
ရပ်ကွက်တွင်ရှိသော VITA နာနတ်သီး စက်ရုံအနီး တွင်ယနေ့နံနက်က ပူးပေါင်း အဖွဲ့များက အလုပ်သမားများနှင့်အတူ ဖမ်းဆီးနိုင်ခဲ့ကြောင်းသိရှိရသည်။

           အလယ်ဗီဇာ PV ဖြင့်တင်ပို့ခံရပြီးအခက်အခဲကြုံနေကြသည့် အလုပ်သမား များ၏ အကူညီတောင်း ခံလာမှုများအား ထိုင်းနိုင်ငံရောက်မြန်မာနိုင်ငံသားများအဖွဲ့ MAT က အချက်အလက်များအား အချိန်ယူ၍စု ဆောင်းခဲ့သည်။ ခိုင်မာစွာရရှိထား သည့် အချက်အလက်များအား MAT ဥပဒေအကြံပေး ဦးအောင်မျိုးသန့် နှင့် ထိုင်းတောင်ပိုင်း ဖန်င အခြေစိုက် ပညာရေးဖွံ့ဖြိုးရေးဖေါင်ဒေးရှင်းFED ဒါရိုက်တာ ဦးထူးချစ် တို့နှင့် ညှိနှိုင်း ၍အစီ အစဉ်ရေးဆွဲကြသည်။ ထို့နောက် ထိုင်းအစိုးရ လူကုန် ကူးမှု တိုက်ဖျက်ရေး အထူးရဲတပ်ဖွဲ့ AHTD အား အချက်အလက်များအား တင်ပြပြီးေ နာက် ဘန်ကောက်မြန်မာသံရုံးမှ အလုပ်သမားသံအရာရှိ ဦးသိန်းနိုင် နှင့် ပူးပေါင်း၍ အရေးယူဆောင်ရွက်ခဲ့ကြခြင်းဖြစ်ပါသည်။


            ရွှေဘိုနယ်နှင့် ပုဂံနယ်တို့မှ အလုပ်သမား ၁၃ဦးတို့အား တစ်ဦးလျှင် ကျပ်ငွေ ငါးသိန်းခွဲမှ ခြောက်သိန်း ခွဲအထိ အကျိုးဆောင်ခယူ၍ D4U(ဒီဖိုးယူ)ပြည်ပအလုပ် အကိုင်ရှာဖွေရေးကုမ္ပဏီက ထိုင်းနိုင်ငံသို့ အလည်ဗီဇာ အမျိုးအစား PV ဖြင့် ၂၀၁၄ ခု မေလ ၁၇ရက်နေ့က ထိုင်းနိုင်ငံအတွင်းသို့ ပို့ဆောင်ခဲ့ခြင်းဖြစ်သည်။
         အလုပ်သမားများအား ပို့ဆောင်ခဲ့သူများမှာ အသက်၂၉နှစ်အရွယ် ကိုမင်းသန့်   ရွှေဘိုမြို့နယ်၊ အုန်းပေါက်ရွာ နှင့် မြောင်းမြမြို့နယ်၊ ကန့်ကော်မြိုင်ရွာမှ အသက် ၂၁   နှစ်အရွယ် မထက်ထက်အောင် တို့ နှင့်အတူရန်ကုန်မြို့ တောင်ဒဂုံ  တောင်/မြောက် လမ်းဆုံ အောင်ဇေယျာအိမ်ယာ တိုက်အမှတ်(၂၇) အပေါ်ထပ် ဗိုလ်မင်းရောင်လမ်း အမှတ် ၄၃ ရပ်ကွက် ပင်လုံလေဘာရုံးရှေ့မှ  D4U (ဒီဖိုးယူ)ပြည်ပအလုပ်အကိုင်ရှာ   ဖွေရေးကုမ္ပဏီ ဒါရိုက်တာ ဦးဧရာချိန်မော် တို့ဖြစ်ကြောင်း အလုပ်သမားများကပြော သည်။
              မုံရွာတက္ကသိုလ်မှ သင်္ချာဒုတိယနှစ်ကျောင်းသား ကိုဌေးနိုင် က “ ကျနော် ကျပ်ငွေ ခြောက်သိန်းခွဲပေးခဲ့ရပါ တယ်။ ရန်ကုန်ကို သွားလိုက်လာလိုက်နဲ့စုစုပေါင်း ဆယ့်နှစ်သိန်းလောက် ကုန်ကျပါတယ်။ ကျနော်တို့ မတိုင် ခင်လည်း ဒီလူတွေ ဒီလိုပဲ လုပ်ခဲ့ကြသလို ယခုလည်း ရွှေဘိုနယ်နဲ့ ပုဂံနယ်ကတစ်ယောက်ကို ကျပ်ငွေခြောက် သိန်းခွဲစီယူထားတဲ့ လူ ၁၅ ယောက်ရှိတယ်လို့ ကျနော်တို့ကိုရွာက ဖုန်းဆက်လို့သိရ ပါတယ်။ ဒီပွဲစားနဲ့ ကုမ္ပဏီ ကို အစိုးရအနေနဲ့ ထိထိရောက်ရောက် အရေးယူဆောင် ရွက်ပေးစေချင်ပါတယ်။ မဟုတ်ရင် အခြားလူ တွေကို လည်း ဒီအတိုင်းပဲ လိမ်နေကြ အုံးမှာ ဖြစ်ပါတယ်” ဟုပြောသည်။

              အလုပ်သမား ၁၇ဦးတင်ပို့ထားသည့်အနက် ၇ဦးမှာ ပြန်သွားခဲ့ ကြပြီးဖြစ် သည်။ အလုပ်သမား ၆ဦး ရှိနေရာသို့ ပွဲစားဇနီးမောင်နှံတို့ ရောက်ရှိနေကြောင်း MAT အဖွဲ့က သိရှိခဲ့ရပြီး AHTD နှင့် အလုပ်သမားသံ အရာရှိတို့အား တင်ပြပြီး ယမန်နေ့ ညဥ့်ကတည်း ဖမ်းဆီးနိုင်ရန် ပြင်ဆင်ခဲ့သော်လည်း အဆင်မပြေခဲ့ချေ။

          ဘန်ကောက်မြန်မာသံရုံး အလုပ်သမားသံအရာရှိ ဦးသိန်းနိုင် က “မြန်မာနိုင်ငံ သားတွေအနေနဲ့က တရားမ၀င်လာရင် ဘယ်လိုအခက်အခဲတွေ ကြုံရနိုင်တယ်ဆိုတာ ကျယ်ကျယ်ပြန့်ပြန့်သိစေချင်တယ်။ တရားဝင်လာရင်စိုးရိမ်စရာမလိုဘူး။အစစ်အဆေး  ခံနိုင်တာပေါ့။ PV ဆိုတာ အလယ်ဗီဇာဖြစ်နေတယ်။ တကယ်စက်ရုံမှာ ၀င်လုပ်ရင် (ဘတ်မဲ့) တရားမ၀င်ဖြစ်နေတာပေါ့။ ပြည်ပကိုလာအလုပ်လုပ်ကြမယ့် မြန်မာနိုင်ငံ
သားတွေအနေနဲ့ ပတ်စပို့ဗဟုသုတတွေကို သိစေချင်တယ်။   လူမှုအဖွဲ့အစည်းတွေနဲ့ ကျယ်ကျယ်ပြန့်ပြန့်လုပ်ရမှာဖြစ်ပါတယ်။ တရားမ၀င်ပို့ဆောင်တာဖြစ်တာကြောင့် လက်ရှိ မြန်မာနိုင်ငံမှာ ပြဌာန်းထားတဲ့ဥပဒေအတိုင်း ဆောက်ရွက် စေမှာပေါ့  လိုအပ်သလိုအရေးယူဖို့ကျနော်တို့အပ်လိုက်ပြီ” ဟုပြောသည်။

              ပွဲစားဇနီးမောင်နှံနှစ်ဦးနှင့်အတူအလုပ်သမား၆ဦးတို့အား အချက်အလက် အပြည့်အစုံမေးမြန်းရန်အ တွက်သံရုံးသို့ခေါ်ဆောင်လာခဲ့သည်။ မြ၀တီ လူကုန်ကူးမှု တားဆီးနှိမ်နင်းရေးတပ်ဖွဲ့သို့ လွှဲအပ်စာနှင့်အတူ အလုပ်သမားသံအရာရှိ ပေးအပ် သည့် လမ်းစရိတ်ဖြင့် ၎င်းတို့အား MATအဖွဲ့က ယနေ့ညနေတွင်မြ၀တီသို့ ပို့ဆောင် လိုက်သည်။ အလုပ်သမားသံအရာရှိ ဦးသိန်းနိုင် ထိုင်းနိုင်ငံသို့ လာရောက်တာဝန် ထမ်းဆောင်ပြီးနောက် MAT အဖွဲ့နှင့် ပူးပေါင်းဆောင်ရွက်မှုမှာ ပထမဦးဆုံးအကြိမ်ဖြစ် သည်။

           ထိုင်းနိုင်မြန်မာနိုင်ငံသားများအဖွဲ့ MAT ဒါရိုက်တာ ဦးကျော်သောင်း က“   ပြည်ပအလုပ်အကိုင် အေဂျင် စီအချို့နဲ့ပွဲစားတွေဟာ နယ်စပ်တွေမှာ MOU လုပ်တာ   တွေကို ပိတ်လိုက်ကတည်းက အလည်ဗီဇာPV နဲ့ ထိုင်း နဲ့မလေးရှားနိုင်ငံတွေကိုပို့   နေပြီ ဆိုတာ ကျနော် အချက်အလက်အပြည့်အစုံနဲ့ သတင်းရေးဖူးတယ်။ မီဒီယာ   တွေမှာလည်း ပြောဖူးပါတယ်။ ကျနော်တို့အကြံပြုတင်ပြတာတွေကို မြန်မာအာဏာ ပိုင်တွေဘက်က အရေးယူဆောင်ရွက်မှု အားနည်းပါတယ်။

 ခုလောလောဆယ် ထိုင်းနိုင်ငံအတွင်းမှာ PV ဗီဇာနဲ့ ရောက်လာတဲ့ အလုပ်သမားတွေရာပေါင်းများစွာ ကျနော့်ဆီမှာ အကူညီတောင်းထားတာရှိပါတယ်။ ကျနော်တို့က နဲနဲပဲဖေါ်ထုတ် နိုင် ပါတယ်။ မြန်မာအစိုးရက အင်တိုက်အားတိုက် အရေးယူရမှာဖြစ်ပါတယ်။ ဒီကိစ္စက ထိုင်းအစိုးရက အရေးမယူဘူး။ ကျနော်တို့တွေရဲ့အားနည်းချက်တွေနဲ့ ပြည်ပကို ထွက်ခွာအလုပ်လုပ် ချင်ကြတဲ့အလုပ်သမား တွေကြားထဲမှာ ရတဲ့နည်းနဲ့ ပြည်ပကို လူတင်ပို့နေကြတာပါ”ဟုပြောသည်။

       ပြီးခဲ့သည့်မတ်လက ထိုင်းနိုင်ငံတောင်ပိုင်း စူရတ်ဌာနီ ၀ုန်ဘန်ထစ်စက်ရုံသို့ အလည်ဗီဇာPV ဖြင့် ရောက်လာခဲ့သော မကွေးနယ်မှ အလုပ်သမား ၁၄ ယောက် နှင့် ထိုင်းနိုင်ငံတောင်ပိုင်း ခြုံဖေါ်မြို့နယ်၊ ထပ်စကက်အရပ်မှ တွင်အလုပ်လုပ်ကြေသော မကွေးမြို့မှ ၁၈ ယောက် တို့အား စားစရာအခက်အခဲရှိနေချိန်တွင် စူရပ်ဌာနီတွင်နေ ထိုင်သည့် MAT အဖွဲ့၏ ဥပဒေအကြံပေးရှေ့နေကြီး ဦးအောင်မျိုးသန့် က အစားအေ သာက်နှင့် ငွေကြေးအချို့အကူညီပေးခဲ့သည်။


           မြန်မာနိုင်ငံအလုပ်သမားဝန်ကြီးဌာနအနေဖြင့် အလည်ဗီဇာPV ဖြင့်ပို့ဆောင် သည့် တရားမ၀င် လူတင်ပို့နေကြသည့် ကုမ္ပဏီများနှင့် ပွဲစားများအား မည်သို့ ဆက် လက်ဖေါ်ထုတ်အရေးယူမည်ကို တကမ္ဘာလုံးမှ မြန်မာရွှေ့ပြောင်းအလုပ်သမားက   စောင့်ကြည်နေကြမည်ဖြစ်ကြောင်းသိရှိရသည်။

ရွှေလုပ်သား