ကမ္ဘာကျော်မင်းသမီး အန်ဂျလီနာဂျိုလီ မြန်မာနိုင်ငံသို့ လာရောက်လိုဟုဆို

ပို့စ်တင်ချိန် - 6/14/2014 12:51:00 PM


ကမ္ဘာကျော် မင်းသမီး အန်ဂျလီနာ ဂျိုလီ (The kansascity Star)
ရန်ကုန်- ကမ္ဘာကျော်ရုပ်ရှင်မင်း သမီး အန်ဂျလီနာဂျိုလီက ပဋိပက္ခများအတွင်း လိင်ပိုင်းဆိုင်ရာ အကြမ်းဖက်မှု ခံစားနေရသော မြန်မာအမျိုးသမီးများကို အားပေးစကား ပြောကြားခဲ့ပြီး မြန်မာနိုင်ငံသို့ လာရောက် လည်ပတ်လိုကြောင်း ပြောကြားခဲ့သည်ဟု သတင်းရရှိသည်။

ဇွန်လ ၁၁ ရက်မှ ၁၃ ရက် အထိ လန်ဒန်မြို့ Excel တာဝါ တွင်ကျင်းပနေသည့် ပဋိပက္ခများ အတွင်း အမျိုးသမီးများ လိင်ပိုင်း ဆိုင်ရာ အကြမ်းဖက်မှုရပ်တန့် ရေးထိပ်သီးဆွေးနွေးပွဲ၌ ဂျိုလီက ပြောကြားခဲ့ခြင်းဖြစ်ကြောင်း ထိပ်သီးဆွေးနွေးပွဲ တက်ရောက်နေသည့် ဒေါ်စူဇန်နာလှလှစိုးက အတည်ပြု ပြောကြားသည်။

 ‘‘မနေ့က ရုပ်ရှင်မင်းသမီး အန်ဂျလီနာဂျိုလီနဲ့ ကျွန်မတို့ မြန်မာနိုင်ငံက ကိုယ်စားလှယ်တွေ တွေ့ဆုံကြတဲ့အခါမှာ မြန်မာအမျိုးသမီးတွေအတွက် သူကစိတ်ဓာတ်ခွန်အား မြှင့်တင်ပေးခဲ့တဲ့အနေနဲ့ အားပေးစကားတွေ ပြောတယ်။ နောက်ပြီး မြန်မာနိုင်ငံကို သူလာလည်ချင်တယ်လို့ ပြောပါတယ်’’ ဟု အန်ဂျလီနာဂျိုလီနှင့် တွေ့ဆုံမှုတွင် ပါဝင်ခဲ့သည့် ကရင်အမျိုးသမီးများ ဖွံ့ဖြိုးတိုးတက်ရေးအဖွဲ့မှ ဒေါ်စူဇန်နာလှလှစိုးက ပြောကြားသည်။

 ဂျိုလီသည် ကုလသမဂ္ဂ ကလေးများရန်ပုံငွေအဖွဲ့၏ သံတမန်လည်းဖြစ်ပြီး မြန်မာနိုင်ငံသို့ လာရောက်ရန် ၂၀၀၉ ခုနှစ်က ကြိုးစားဖူးသော်လည်း မအောင်မြင်ခဲ့ဘဲ မြန်မာ-ထိုင်းနယ်စပ်ရှိဒုက္ခသည်စခန်းများသို့ သွားရောက်၍ မြန်မာဒုက္ခသည်များနှင့် တွေ့ဆုံခဲ့သည်။

 ‘‘သူက မြန်မာကို သိပ်ပြီး လာချင်ပုံပဲ။ စိတ်လည်း ထက်သန်နေပါတယ်။ ဒါပေမဲ့ ဘယ်တော့ လည်းဆိုတာတော့ သူမပြောဘူး။ တွေ့ရတဲ့အချိန်ကလည်း နည်း တယ်။ အကြမ်းဖက်ခံရတဲ့ မြန်မာ အမျိုးသမီးတွေ ဘာမှ စိတ်ဓာတ် မကျဖို့ သူကအားပေးခဲ့တယ်’’ ဟု မြန်မာအစိုးရကိုယ်စားလှယ် အဖွဲ့မှ တာဝန်ရှိသူတစ်ဦးက အီးမေးလ်မှတစ်ဆင့် ဖြေကြားခဲ့ သည်။ အန်ဂျလီနာဂျိုလီသည် လိင်ပိုင်းဆိုင်ရာ အကြမ်းဖက်မှု ခံစားခဲ့ရသည့် မြန်မာအပါအ၀င် အခြားသော ကမ္ဘာ့နိုင်ငံမှအမျိုးသမီးဒုက္ခသည်များနှင့် လန်ဒန်ဆွေးနွေးပွဲတွင် တွေ့ဆုံခဲ့ပြီး အားပေးစကားများပြောခဲ့သည်။

ထို့ပြင် ဗြိတိန်နိုင်ငံခြားရေး ၀န်ကြီး ၀ီလျံဟိတ်နှင့် ပူးတွဲပြု လုပ်သည့် သတင်းစာရှင်းလင်းပွဲ တွင်လည်း ဂျိုလီက လိင်ပိုင်းဆိုင် ရာ အကြမ်းဖက်မှုခံရခြင်းမှာ ရှက်စရာမဟုတ်ဘဲ ပြုကျင့်သူက သာ ရှက်ဖို့ကောင်းကြောင်း ပြောကြားခဲ့သည်။

လန်ဒန်တွင် ကျင်းပနေသော ယင်းဆွေးနွေးပွဲသို့ ကရင်အမျိုးသမီးများ ဖွံ့ဖြိုးတိုးတက်ရေးအဖွဲ့မှ ဒေါ်စူဇန်နာလှလှစိုး၊ ကျားမ တန်းတူညီမျှရေး ကွန်ရက်မှ ဒေါ်မေစပယ်ဖြူ၊ မြန်မာနိုင်ငံလုံးဆိုင်ရာ အမျိုးသမီးများ အဖွဲ့ချုပ်မှဥက္ကဋ္ဌ ဒေါ်တင်တင်ညိုနှင့် နော်ဝါးခူးရှီး၊ မြန်မာအစိုးရဘက်မှ နိုင်ငံခြားရေးဒုဝန်ကြီး ဦးသန့်ကျော်၊ ညွှန်ကြားရေးမှူး ဦးရဲမင်းသိန်းတို့ တက်ရောက်လျက်ရှိသည်။

ယခုဆွေးနွေးပွဲတွင် မြန်မာ နိုင်ငံ၌ ပဋိပက္ခဖြစ်ပွားရာ ဒေသများတွင် လိင်ပိုင်းဆိုင်ရာအကြမ်းဖက်မှုများ ခံနေရသည့် အမျိုးသမီးများအား အထောက်အပံ့အကာအကွယ်ပေးနိုင်ရေးအတွက် ကုလသမဂ္ဂနှင့် နိုင်ငံတကာ အစိုးရမဟုတ်သော အဖွဲ့အစည်းများနှင့် ပူးပေါင်း ဆွေးနွေးနိုင်ခဲ့ကြောင်းဒေါ်စူဇန်နာလှလှစိုးက ပြောကြား သည်။ ပဋိပက္ခများတွင် လိင်ပိုင်း ဆိုင်ရာ အကြမ်းဖက်မှုရပ်တန့် ရေး ကြေညာချက်ကိုမြန်မာက ဇွန်လ ၅ ရက်တွင် လက်မှတ်ရေး ထိုးခဲ့ခြင်းအတွက် ဗြိတိန်အစိုးရက ထောက်ခံကြိုဆိုခဲ့ပြီး မြန်မာနိုင်ငံ တွင် လိင်ပိုင်းဆိုင်ရာ အကြမ်းဖက် မှုကိစ္စရပ်များအတွက် ဥပဒေများ ပြဋ္ဌာန်းနိုင်ရန် နှစ်နိုင်ငံအတူတကွ ပူးတွဲလုပ်ဆောင်သွားလိုကြောင်း ပြောကြားထားသည်။

7day daily