နင်စေရင်ဇာတ်ကားကို စိတ်နှစ်သရုပ်ဆောင်ရင်း ဖျားသွားလို့ ဒရစ်တောင်ချိတ်ခဲ့ရတယ်လို့ ဆိုလာတဲ့ ၀တ်မှုန်ရွှေရည်

ပို့စ်တင်ချိန် - 6/06/2014 06:36:00 AM


ဝတ်မှုန်ရွှေရည်ဆိုတာ  နုနုရွရွနဲ့ တို့ထိရက်စရာမရှိလောက်အောင် ပျိုမြစ်နုနယ်တဲ့ သရုပ်ဆောင်မင်းသမီးတစ်ဦးပါ။ အဲဒီမင်းသမီးလေး က နင်စေရင်ဆိုတဲ့ကားမှာ  ပရိသတ်တွေလုံးဝ မမြင်ဖူးသေးတဲ့ ဆန်းပြားတဲ့ ကာရိုက်တာ၊ နင့်နဲ့တဲ့ စကားလုံးအသုံးအနှုန်း တွေ၊ ဟန်ချက်ညီလှတဲ့ သရုပ်ဆောင်ချက်တွေနဲ့ သရုပ်ဆောင်ရင်း သူမရဲ့အနုပညာအစွမ်းအစကို ချပြခဲ့တာမို့ ဒီဇာတ်ကားနဲ့ ပတ်သက်ပြီး သူမကို သိချင်တာတွေ မေးမြန်းခဲ့တဲ့အခါ “အဲဒီကားလေးက ဇာတ်ညွှန်းကို ဒါရိုက်တာက ၂လလောက်ကြိုပေးတယ်။ အဲဒီအပေါ်မှာမှ စဉ်းစားပြီး ရိုက်ဖြစ် မရိုက်ဖြစ် အဖြေပြန်ပေးဖြစ်တာပေါ့။ ဂါဂါဖြစ်ဖို့အတွက်ကတော့ ဒါရိုက်တာက အသက်သွင်းပေးထားတယ်။ အဲဒီအပေါ်မှာ ကစ်က ထပ်ပြီးကြိုးစားရတာပေါ့။ ဂါဂါ ကာရိုက်တာက ကစ်မလုပ်ဖူးသေးတဲ့ ကာရိုက်တာ။ ကစ်အတွက် စိန်ခေါ်မှုတစ်ခုပေါ့။ ကစ်ကလဲ စိန်ခေါ်မှုမို့လို့သဘောကျလို့လက်ခံခဲ့တာပါ။ ဒီကားလေးကို ကစ်က ပရိသတ်လဲ အမြင်ဆန်းအောင်၊ အပြောင်းအလဲလေးလဲ ဖြစ်အောင် ပုံမှန်မြင်နေကျ ဇာတ်ရုပ်တွေထက် ကွဲထွက်အောင် လက်ခံဖြစ်ခဲ့တာပါ။

ပရက်ရှိုးကြည့်တဲ့ အခါမှာ ကိုယ့်ကိုကိုယ် ကျေနပ်တယ်။ ဇာတ်ရုပ်ကလဲ ကြမ်းတယ်။ နင်စေရင်မှာ ဂါဂါဆိုတဲ့ ကာရိုက်တာက လေသံကအစ မာထန်နေတယ်။ အပြင်မှာဆိုရင်လဲ အဲဒီမိန်းကလေးက ဘ၀နှစ်ခုအပြောင်းအလဲမှာ ဒီလိုစရိုက်မျိုး ပြောင်းလဲသွားနိုင်တာပဲ။ အဲဒါလေးကတော့ ရှိတယ်။ ပြီးတော့ ခုက စာနယ်ဇင်းတွေပဲ ကြည့်ရသေးတယ်။ ရုံတင်တဲ့ခါမှာ ပရိသတ်ရဲ့ဝေဖန်မှုကိုလဲ မျှော်လင့်ပါတယ်။  ကစ်ကိုယ်တိုင်လဲ ရင်ခုန်နေတယ်။ ဘယ်လိုအသံတွေ ပြန်ကြားရမလဲဆိုတာကိုပေါ့။ ဇာတ်ရုပ်ကတော့ ပြင်ဆင်မှု အရမ်းများတယ်။ ဒီကား စရိုက်ကတည်းကအဆုံးထိက ဂါဂါဖြစ်နေခဲ့တာပါ။ အဲဒီကားထဲက ဂါဂါနေရာက မွန်းကြပ်တယ်လို့ထင်ပါတယ်။ အကယ်ဒမီကတော့ ကစ်မမှန်းရဲပါဘူး။ အကယ်ဒမီဆိုတာ နတ်ကြီးတယ်လေနော့။ ဒါပေမဲ့ ကစ်အတတ်နိုင်ဆုံး ကြိုးစားထားပါတယ်။ အမှန်အတိုင်း ပြောရရင် ဒီကားမှာပါတဲ့ လူတွေအားလုံး အရမ်းပင်ပန်းပါတယ်။ စိတ်နှစ်ပြီး သရုပ်ဆောင်ခဲ့တယ်။ မှတ်မှတ်ရရ ဒီကားရိုက်ရင်းနဲ့ ၄ရက်လောက် ဖျားသွားတာ ဒရစ်ပါချိတ်လိုက်ရတယ်။ အဲဒါလေးကတော့အမှတ်တရပါပဲလို့ပြောပြပေးခဲ့ပါတယ်။

Trend Myanmar