ခွင့်ပြုမိန့်မရသည့်အပြင် အတားအဆီးများရှိခဲ့သော်လည်း မကွေးတိုင်းကိုယ်စားပြု ၂၀၀၈ ခုနှစ် ဖွဲ့စည်းပုံအခြေခံဥပဒေပြင်ဆင်ရေး ဟောပြောပွဲ ကျင်းပနိုင်ခဲ့

ပို့စ်တင်ချိန် - 6/10/2014 09:59:00 AM



ခွင့်ပြုမိန့်မရသည့်အပြင် အတားအဆီးများရှိခဲ့သော်လည်း မကွေးတိုင်းကိုယ်စားပြု ၂၀၀၈ ခုနှစ် အခြေခံဥပဒေပြင်ဆင်ရေးဟောပြောပွဲကို မကွေးမြို့ ကန်သာရပ်အေးစေတီ ဘုရားကွင်းအတွင်း ဇွန် ၉ ရက်နံနက်က အောင်မြင်စွာကျင်းပခဲ့ပြီး မကွေးတိုင်းအတွင်း မြို့နယ်များမှ ကျေးရွာများအထိ လူဦးရေတစ်သောင်းခွဲခန့် တက်ရောက်ခဲ့ကြောင်း ပွဲစီစဉ်သူများထံမှ သိရသည်။

မကွေးတိုင်း NLD ပါတီနှင့် ၈၈ မျိုးဆက် ငြိမ်းချမ်းရေးနှင့် ပွင့်လင်းလူ့အဖွဲ့အစည်း (မကွေး) တို့ ဦးဆောင်ကျင်းပခဲ့သည့် ယင်းဟောပြောပွဲသို့ NLD ပါတီ ဗဟိုဥပဒေအထောက်အကူပြုကော်မတီဝင် ဥပဒေပညာရှင် ဦးအောင်သိန်း၊ ၈၈ မျိုးဆက် ငြိမ်းချမ်းရေးနှင့် ပွင့်လင်းလူ့အဖွဲ့အစည်းမှ ဦးဌေးကြွယ်၊ ပွင့်ဖြူမြို့နယ် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဒေါက်တာ ဦးအောင်မိုးညို နှင့် NLD ပါတီ မကွေးတိုင်းအတွင်းရေးမှူး ဦးနေမျိုးကျော်တို့က အဆိုပါဥပဒေ၏ အားနည်းချက်များ၊ ဒီမိုကရေစီစနစ်နှင့်အညီ မဖြစ်မနေပြင်ဆင်သင့်သည့် ပုဒ်မများအကြောင်းနှင့် ထိုသို့ပြင်ဆင်နိုင်ရန် ပြည်သူလူထု၏လက်မှတ်များ စုဆောင်းနေမှုအခြေအနေများကို ဟောပြောခဲ့ကြသည်။

"ထိုင်းနိုင်ငံမှာ နှစ်ပေါင်း ၃၀ အတွင်း စစ်တပ်က ၁၉ ကြိမ် အာဏာသိမ်းခဲ့တယ်။ ဒါပေမဲ့ အာဏာသိမ်းပြီးရင် စစ်တပ်က စစ်တန်းလျားပြန်သွားကြတယ်။ ကျွန်တော်တို့နိုင်ငံမှာ ၆၂ ခုနှစ်က တစ်ကြိမ်၊ ၈၈ ခုနှစ်က တစ်ကြိမ် အာဏာသိမ်းပြီး န၀တ၊ နအဖဆိုပြီး အုပ်ချုပ်ခဲ့ကြတယ်။ နှစ်ကြိမ်အာဏာသိမ်းပေမယ့် စစ်တန်းလျားပြန်သွားတာမတွေ့ရဘူး။ စစ်တပ်က ဒီမိုကရေစီလိုလားတာနဲ့ မလိုလားတာ ကွာတာကိုတွေ့ရတယ်။ စစ်တပ်က စစ်တန်းလျားမပြန်ဘဲ ဘောင်းဘီချွတ်လိုက်၊ တိုက်ပုံဝတ်လိုက်၊ ဦးထုပ်ကိုဘေးချထားလိုက်နဲ့ စစ်သားတစ်ပိုင်း၊ အရပ်သားတစ်ပိုင်းအုပ်ချုပ်ခဲ့တာ နှစ် ၅၀ ကြာခဲ့ပြီ။ ဖွဲ့စည်းပုံကို စိတ်တိုင်းကျဆွဲပြီး နောက်တစ်လှမ်းပဲဆုတ်တာကို သိရတယ်။ ဒါစစ်တပ်ကိုမုန်းလို့ပြောတာမဟုတ်ဘူး။ စစ်တပ်က စစ်တပ်အလုပ်ပဲ လုပ်စေချင်တယ်။ နိုင်ငံရေးပြောင်းတိုင်း အာဏာလိုက်သိမ်းနေရင် မကောင်းပါဘူး" ဟု NLD ပါတီ ဗဟိုဥပဒေအထောက်အကူပြုကော်မတီဝင် ဥပဒေပညာရှင် ဦးအောင်သိန်းက ဟောပြောခဲ့သည်။

၈၈ မျိုးဆက် ငြိမ်းချမ်းရေးနှင့် ပွင့်လင်းလူ့အဖွဲ့အစည်းမှ ဦးဌေးကြွယ်ကလည်း ၂၀၀၈ ခုနှစ် ဥပဒေပြင်ဆင်ရေးဆိုသည်မှာ တပ်မတော်ကို သီးခြားအခွင့်အရေးများရနေသော နိုင်ငံသားများဟု မသတ်မှတ်ချင်၍ဖြစ်ကြောင်း၊ တပ်မတော်နှင့်ပြည်သူ အတူတူပဲဟုယူဆ၍ ထိုဥပဒေပြင်ဆင်ရန် ပြောဆိုနေခြင်းဖြစ်ကြောင်း ပြောကြားခဲ့သည်။

ပွင့်ဖြူမြို့နယ် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဒေါက်တာဦးအောင်မိုးညိုက လတ်တလော လွှတ်တော်သို့ ၎င်းတင်ပြထားသည်များမှ တရားဥပဒေစိုးမိုးမှု အားနည်းခြင်းကြောင့် ဖြစ်ပေါ်သောကိစ္စများကို ထုတ်နုတ်တင်ပြခဲ့ကြောင်း၊ NLD ပါတီ မကွေးတိုင်းအတွင်းရေးမှူး ဦးနေမျိုးကျော်က အဆိုပါဥပဒေပြင်ဆင်ရေးအတွက် ပြည်သူလူထု၏ လက်မှတ်များစုဆောင်းနေမှုနှင့် ထိုစုဆောင်းထားသောလက်မှတ်များကို လွှတ်တော်သို့တင်ပြမည့်အခြေအနေများကို ဟောပြောခဲ့ကြောင်း သိရသည်။

အဆိုပါဟောပြောပွဲသို့ တက်ရောက်လာသည့် မကွေးမြို့နယ် ကြာပြည့်အင်းကျေးရွာမှ တောင်သူဒေါ်ခင်ကလည်း "အန်တီတို့က ဒီ ၂၀၀၈ ဥပဒေဆိုတာကြီးကို သေချာမသိပါဘူး။ ဒါကြောင့် ဗဟုသုတရချင်တာရယ်၊ ဥပဒေပြင်ဆင်ဖို့ဆိုတာကိုလည်း သိချင်တာရယ်ကြောင့် အလုပ်တွေကိုပစ်ပြီး လာခဲ့တာပါ" ဟု ပြောပြသည်။

ယင်းဟောပြောပွဲကျင်းပသည့် မြေနေရာအတွက် အေးစေတီဘုရားဂေါပကအဖွဲ့နှင့် ကန်သာရပ်ကွက်အုပ်ချုပ်ရေးမှူးတို့က ခွင့်ပြုခဲ့သော်လည်း ပြန်လည်ရုပ်သိမ်းခံခဲ့ရကြောင်း၊ ပွဲကျင်းပခွင့်အမိန့်အတွက် သက်ဆိုင်ရာဋ္ဌာနများသို့ အကြိမ်ကြိမ် တင်ပြခဲ့သော်လည်း ငြင်းပယ်ခံခဲ့ရကြောင်း၊ ပွဲကျင်းပခဲ့သည့်ကွင်းအတွင်း ကြိုတင်ပြင်ဆင်မှုများ ဆောင်ရွက်နေချိန်က အုပ်ချုပ်ရေးအဖွဲ့များမှ ဘုရားကွင်းအတွင်း ဘာသာရေးနှင့်ဆိုင်သည့်ကိစ္စများသာ ခွင့်ပြုသည်ဟု စာသားပါဆိုင်းဘုတ်များထောင်ခဲ့ပြီး ဇွန် ၈ ရက်တွင် မကွေးမြို့နယ်အုပ်ချုပ်ရေးမှူးက ပွဲကျင်းပရေးကော်မတီဝင်များအား အခမ်းအနားကျင်းပမည့်စင်မြင့်ကို ဖျက်ပေးရန် ပြောဆိုခဲ့ကြောင်း သိရသည်။

အဆိုပါဟောပြောပွဲအတွက် ကြိုတင်လှုံ့ဆော်မှုအဖြစ် မကွေးမြို့ပေါ်ရပ်ကွက်များသို့ မေ ၃၀ ရက် ညပိုင်းက အသံချဲ့စက်ဖြင့် လိုက်လံကြေညာခဲ့ခြင်းနှင့် ပတ်သက်၍လည်း ယင်းပွဲဖြစ်မြောက်ရေးကော်မတီမှ ဦးဆောင်သူနှစ်ဦးအား မကွေးမြို့ သက်ဆိုင်ရာရဲစခန်းများက ရဲဥပဒေ ပုဒ်မ ၄၉၊ ခွင့်ပြုချက်မဲ့ အသံချဲ့စက်အသုံးပြုမှုဖြင့် အမှုဖွင့်ထားကြောင်း ကာယကံရှင်များထံမှ သိရသည်။

Eleven Media Group