အောင်ရင်ငြိမ်း ၏ ရိုမန်ဘော့ထ်တွေရဲ့ကမ္ဘာ စာအုပ် ဖတ်ပြီး ရွံရှာမိသည်ဟု သမ္မတ၏ ပြောရေးဆိုခွင့် ရှိသူ ဦးရဲထွဋ္ဋ်မှ ပြော

ပို့စ်တင်ချိန် - 6/27/2014 07:57:00 AM



Written By မြင့်မြင့်စိုး

ရန်ကုန်၊ မဇ္ဈိမ။ ။ စာရေးဆရာ အောင်ရင်ငြိမ်း ၏ ရိုမန်ဘော့ထ်တွေရဲ့ကမ္ဘာ စာအုပ်သည် အဓမ္မကျင့်မှုများ ပိုမိုဖြစ်ပေါ်အောင် တွန်းအားပေး နေသည်ဟု ပြန်ကြားရေး ဒုတိယဝန်ကြီး ဦးရဲထွဋ်က မဇ္ဈိမ၏ ဆက်သွယ်မေးမြန်းမှုကို ဖြေကြားလိုက်သည်။

ယင်းစာအုပ်မျိုး ထပ်မံထွက်ရှိခြင်း မရှိစေရန်အတွက် စာရေးဆရာများနှင့် ပတ်သက်သော အဖွဲ့အစည်းများ၊ စာနယ်ဇင်းကောင်စီများ အနေဖြင့် ပွင့်ပွင့်လင်းလင်း ပြောဆိုဆောင်ရွက်နိုင်ရန် လိုအပ်နေသည်ဟု ဦးရဲထွဋ်က ထပ်မံပြော ဆိုလိုက်သည်။

" အဲဒီ စာအုပ်ကို ဖတ်ဖြစ်ခဲ့ပါတယ်။ ပထမအခန်း ဖတ်ပြီးတော့ ရွံရှာလို့ ဆက်မဖတ် ဖြစ်တော့ ပါဘူး။ အဲဒီ စာအုပ်ဘက်ကနေ အခု ကာကွယ်ပြီး ပြောဆိုနေတဲ့ သူတွေရှိပါတယ်။ အဲဒီ သူတွေကို စကားနှစ်ခွန်း ပြောချင်ပါတယ်။ တစ်ခွန်းက သူတို့ ကိုယ်တိုင် သူတို့အိမ်ရှေ့ စားပွဲပေါ် တင်ထားပြီး သူတို့ရဲ့သားသမီး မြေးမြစ် တွေကို လွတ်လွတ်လပ်လပ် ဖတ်ခွင့်ပြုနိုင်တဲ့အခြေအနေရှိလား။ သူ့ကို ကာကွယ်ပေးနေတဲ့ စာရေးဆရာ ကြီးတွေအနေနဲ့ သူတို့ စာအုပ်ကို အောင်ရင်ငြိမ်းရဲ့စာအုပ်နဲ့ တစ်တန်းထဲထားပြီး ရောင်းနိုင်မလား ဆိုတာကို စဉ်းစားစေချင်တယ်" ဟု ၎င်းက ပြောသည်။

ယခင်က ယခုလို စာအုပ်မျိုးသည် ခိုးချောင်ခိုးဝှက်ဝယ် ခိုးချောင်ခိုးဝှက် ဖတ်ရသည့် စာအုပ်မျိုးဖြစ်ပြီး ယခုလို လွတ်လွတ်လပ်လပ် ဆိုင်ပေါ်များ၌ ဝယ်ယူ ဖတ်ရှုခွင့် ရရှိခြင်းသည် မုဒိမ်းမှုများ ပိုမိုဖြစ်အောင် တွန်းအား ပေးနေခြင်း ဖြစ်သည်ဟု ဦးရဲထွဋ်က သုံးသပ်ပြောကြား ခဲ့ခြင်းဖြစ်သည်။

ယင်းအပြင် ပုံနှိပ်ထုတ်ဝေသူများအသင်း၊ စာနယ်ဇင်းနှင့် သက်ဆိုင်သည့် အသင်းအဖွဲ့များ အနေဖြင့် ယင်းစာပေမျိုးကို ထုတ်ဝေ ဖြန့်ချိခြင်း ပြုသင့်မသင့်ကို သေချာစွာ စဉ်းစား ဆုံးဖြတ် သင့်သည်ဟု ၄င်းကပြောသည်။

အောင်ရင်ငြိမ်း ၏ ရိုမန်ဘော့ထ်တွေရဲ့ကမ္ဘာ စာအုပ်သည် လူအဖွဲ့အစည်း တစ်ခုလုံး၏ ဂုဏ်သိက္ခာနှင့် သက်ဆိုင်သည့် ကိစ္စတစ်ခု ဖြစ်ခြင်းကြောင့် ဥပဒေကြောင်း တစ်ခုတည်းနှင့် သာမက အဖွဲ့အစည်း အားလုံးအနေဖြင့် ဝိုင်းဝန်းထိန်းသိမ်းသင့်သည်ဟု ဦးရဲထွဋ်က သုံးသပ် ပြောကြားခဲ့ခြင်းဖြစ်သည်။

" အဲဒီစာအုပ်နဲ့ ပတ်သက်ပြီး မူပိုင်ခွင့်နဲ့ မှတ်ပုံတင်ဌာနက ကျွန်တော်တို့ ကို အကြောင်းကြား ထားပါတယ်။ အရင်ဆုံး အောင်ရင်ငြိမ်းရဲ့ စာအုပ်က တရားဝင်ထုတ်တဲ့ စာအုပ်ဟုတ်မဟုတ်ကို အရင်ကြည့်စေ ချင်ပါတယ်။ အဲဒီစာအုပ်မှာ ထုတ်ဝေသူ နာမည်လည်း မပါသလို ပုံနှိပ်စက် အမည်လည်း မပါဘူး။ အဲဒါတွေမပါရင် တရားဝင် ထုတ်တယ်လို့ပြောလို့မရဘူး။ ကျွန်တော် တို့က ထုတ်ဝေသူ မပါတဲ့ စာအုပ်ကို မှတ်ချက်ပေးလို့မရဘူး။ အဲဒီစာအုပ်က ပြည်သူလူထု ကြားထဲ ထုတ်ဝေသင့်တဲ့ စာအုပ် မဟုတ်ဘူး။ ပုံနှိပ်ခြင်းနှင့် ထုတ်ဝေခြင်း ဥပဒေနဲ့လည်း ငြိစွန်းနေတယ်" ဟု မြန်မာနိုင်ငံ စာပေထုတ်ဝေသူနှင့် ဖြန့်ချိသူများ အသင်းမှ ဒုတိယ ဥက္ကဌ ဦးမျိုးအောင်က ပြောသည်။

မြန်မာနိုင်ငံ စာရေးဆရာများ သမဂ္ဂအသင်း ဥက္ကဌ ဦးထက်မြက်ကလည်း ၏ ရိုမန်ဘော့တ်တွေရဲ့ကမ္ဘာ စာအုပ် နှင့် ပတ်သက်ပြီး အမျိုးသားယဉ်ကျေးမှုကို ဆန့်ကျင်သည့် စာအုပ်ဖြစ်ခြင်းကြောင့် ယင်းစာပေမျိုးကို မြန်မာနိုင်ငံ စာရေးဆရာများ အသင်းသမဂ္ဂမှ လက်မခံကြောင်းနှင့် ရိုမန်ဘော့တ်တွေရဲ့ကမ္ဘာ စာအုပ်စာရေးသူ အောင်ရင်ငြိမ်းသည် မြန်မာနိုင်ငံ စာရေးဆရာများ အသင်းသမဂ္ဂတွင် အသင်းဝင်တစ်ဦး မဟုတ်ကြောင်းပြောခဲ့သည်။

စာရေးဆရာ အောင်ရင်ငြိမ်း၏ ကိုယ်ပိုင်စာမျက်နှာ ဖေ့ဘွတ်ပေါ်တွင် ရိုမန်ဘော့တ်တွေရဲ့ကမ္ဘာ စာအုပ်နှင့် ပတ်သက်ပြီး "ကျွန်တော့်အလုပ်က ကဗျာရေး ဝတ္ထုအက်ဆေး ဆောင်းပါးရေး။ အဲဒီလို ကိုယ် ယုံကြည်လို့ တစ်သက်စာ ရွေးချယ်ထားတဲ့ စာပေအလုပ်အပြင် အသက်မွေးဝမ်းကျောင်း အလုပ်အဖြစ်လည်း စာပေလောကနဲ့ ဆက်စပ်တဲ့ အလုပ်တွေဖြစ်တဲ့ အယ်ဒီတာ ပရုဖ်ဖတ်သူ သတင်းထောက် စာအုပ်ဟောင်းရောင်းသမား အလုပ်တွေကို လုပ်ခဲ့ဖူးပါတယ်။ကိုယ်ပိုင် အားလပ်ချိန်တွေ ပရဟိတကျောင်းတစ်ကျောင်းမှာ Grade- 10 & 11 တွေကို အင်္ဂလိပ်စာ သင်ပေးတာ ကတော့ အသက်မွေးဝမ်းကျောင်း အလုပ်မဟုတ်ဘဲ ပရဟိတ အလုပ်လုပ်တာ ဖြစ်ပါတယ်။ အခု ရိုမန်းဘော့ထ်တွေရဲ့ နောက်ဆက်တွဲ ပြသနာတွေ အဖြစ် ကျွန်တော့် စာအုပ်ဟာ အစိုးရရဲ့ နောက်ကွယ် ကြိုးကိုင်မှုနဲ့ ပုဒ်မ ၄၃၆ လှုပ်ရှားမှုကို အာရုံလွှဲပြောင်းဖို့ အစီအစဉ်တကျ ပေါ်ထွက်လာတဲ့ စာအုပ်တစ်အုပ်ဖြစ်တယ်ဆိုတဲ့ ကိုယ်လိုရာ ဆွဲတွေးမှန်းဆချက်တွေ ထွက်ပေါ် လာတယ်လို့ သိရပါတယ်။ ကျွန်တော်ပြောတဲ့ အမှောင်ခေတ် အလွန် အရူးခေတ်ရဲ့ ရယ်မောစရာ အကောင်းဆုံး ဟာသပြက်လုံး တစ်ခုပါပဲ။ ဒါဟာ ကျွန်တော့်ကို လုပ်ကြံ တိုက်ခိုက်မှု အသစ်တစ်ခု ဖန်တီးလိုက်တာလို့လည်း ယူဆမိပါတယ်။" ဟု ရေးသား ဖော်ပြထားသည်။

စာရေးသူ အောင်ရင်ငြိမ်းကို မဇ္ဈိမသတင်းစာမှ ဆက်သွယ်မေးမြန်းရာတွင် ၎င်းကိုင်ဆောင်သည့် တယ်လီဖုန်း ပိတ်ထားခြင်းကြောင့် ဆက်သွယ်မှု မရရှိခဲ့ပေ။ အောင်ရင်ငြိမ်း ၏ ရိုမန်ဘော့တ်တွေရဲ့ကမ္ဘာ စာအုပ်ကို မြန်မာနိုင်ငံ ရဲတပ်ဖွဲ့မှ ရာဇသတ်ကြီးပုဒ်မ ၂၉၂၊ ၂၉၃ ညစ်ညမ်း စာပေရေးသား ထုတ်ဝေမှုနှင့် တရားစွဲဆို အရေးယူနိုင်ရန် စီစဉ်ဆောင်ရွက်လျက် ရှိသည်ဟု ပြန်ကြားရေးဒုတိယဝန်ကြီး ဦးရဲထွဋ်ကပြောသည်။

အောင်ရင်ငြိမ်း၏ စာအုပ်ကို ၂ဝ၁၄ ခုနှစ်ဇွန်လတွင် လူငယ်တစ်ယောက်စာပေမှ ပထမဆုံး အကြိမ် ရိုက်နှိပ်ကာ ပင်လယ်သစ် စာပေမှ မြန်မာတစ်နိုင်ငံလုံးသို့ တစ်အုပ်လျှင် ၂၅ဝဝ ကျပ်ဖြင့် မြန်မာတစ်နိုင်ငံလုံးသို့ ထုတ်ဝေဖြန့်ချိခဲ့ခြင်းဖြစ်သည်။


Mizzima Burmese