တရုတ်နိုင်ငံရှိ မြန်မာအလုပ်သမားများကို ကာကွယ်ပေးရန် သူရဦးရွှေမန်း ပြောကြား

ပို့စ်တင်ချိန် - 6/28/2014 04:46:00 AM



နေပြည်တော်၊ဇွန် ၂၆

တရုတ်ပြည်သူ့သမ္မတနိုင်ငံသို့ နယ်စပ်မှတစ်ဆင့် တရားမဝင် သွားရောက် အလုပ်လုပ်ကိုင်လျက် ရှိသော မြန်မာနိုင်ငံသားများ၏ အလုပ်သမား အခွင့်အရေး ဆုံးရှုံးမှု မရှိစေရေး အကာအကွယ်ပေးရန် အတွက် ကြိုတင်ပြင်ဆင်မှုများ ပြုလုပ်ထားသင့်ကြောင်း ပြည်ထောင်စုလွှတ်တော် နာယက သူရဦးရွှေမန်းက တိုက်တွန်း ပြောကြားသည်။

ဇွန်လ ၂၆ ရက်တွင် ကျင်းပသော ပြည်သူ့လွှတ်တော် အစည်းအဝေးတွင် မူဆယ် မဲဆန္ဒနယ်မှ ဦးစိုင်းဘိုးအောင်က တရုတ်နိုင်ငံတွင် သွားရောက် အလုပ်လုပ်ကိုင်နေကြသော မြန်မာရွှေ့ပြောင်း အလုပ်သမားများသည် အလုပ်ခွင်နှင့် နေထိုင်မှုတွင် ဖိနှိပ်ခံရမှုများ ရှိနေကြောင်း၊ ၎င်းကို အစိုးရအနေနှင့် မည်သို့ ကာကွယ်ပေးမည်ကို သိရှိလိုကြောင်း မေးမြန်းရာတွင် သူရဦးရွှေမန်းက ယင်းကဲ့သို့ ကြားဖြတ် ဝင်ရောက် တိုက်တွန်းခဲ့ခြင်း ဖြစ်သည်။

“ကိုယ့်နိုင်ငံသားတွေ ဖိနှိပ်ခံနေရတာကို မသိခင်တုန်းက မသိလို့ပေါ့။ သိလာရင် ကျွန်တော်တို့ တာဝန်ရှိတယ်၊ နိုင်ငံသားတိုင်းရဲ့ မူလအခွင့်အရေး မဆုံးရှုံးဖို့ လွှတ်တော်ကိုရော အစိုးရကိုပါ စဉ်းစားပေးဖို့ တင်ပြလိုပါတယ်” ဟု သူရဦးရွှေမန်းက ဆိုသည်။

တရုတ်နိုင်ငံတွင် သွားရောက် အလုပ်လုပ်ကိုင်နေသော မြန်မာအလုပ်သမားများသည် တရားမဝင် သွားရောက်နေခြင်းသာ ဖြစ်ပြီး မြန်မာအလုပ်သမားများကို အလုပ်အကိုင်ရရန် တရုတ်နိုင်ငံက ကမ်းလှမ်းမှု မရှိသေးကြောင်း အလုပ်သမား ဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးထင်အောင်က ပြောကြားသည်။

တရုတ်ရောက် တရားမဝင် မြန်မာအလုပ်သမားများသည် လုပ်ခလစာ နှိမ်ခံရသည့်အပြင် လစာမပေးလိုသော အလုပ်ရှင်များက ဒေသအုပ်ချုပ်ရေး အရာရှိများနှင့် ပူးပေါင်းထောင်ချခြင်း၊ ထောင်အတွင်း ရောက်ရှိချိန်တွင် အစားအသောက် မကျွေးခြင်းအပြင် ထောင်အတွင်း၌ အလုပ်ကြမ်းများ ခိုင်းစေခြင်း စသည့် လူ့အခွင့်အရေး ချိုးဖောက်ခံ နေရမှုများ ရှိကြောင်း ဦးစိုင်းဘိုးအောင်က ဆိုသည်။

The Voice Weekly