တယ်လီကွန်း လိုင်စင်ရရှိပြီးပါက ၀န်ဆောင်မှုပေးနိုင်ရန်အသင့်ရှိဟု ရတနာပုံပြော

ပို့စ်တင်ချိန် - 6/14/2014 12:50:00 PM




ဖုန်းဆင်းမ်ကတ် အခမဲ့ပေးမည်မဟုတ်

မောင်မန်း

ရတနာပုံတယ်လီပို့ အများပိုင်ကုမ္ပဏီအနေဖြင့် တယ်လီကွန်းလိုင်စင်ရရှိနိုင်ရန်အတွက် လိုအပ်သည့် နည်းပညာလုပ်ငန်းများ၊ မိတ်ဖက်ကုမ္ပဏီနှင့် ညှိနှိုင်းဆွေးနွေးမှုများ ဆောင်ရွက်နေပြီး လိုင်စင်ရရှိပြီးပါက ၀န်ဆောင်မှုပေးနိုင်ရန်အတွက် ကျွမ်းကျင်ဝန်ထမ်းအင်အား အသင့်ရှိနေပြီဖြစ်သည်ဟု ရတနာပုံတယ်လီပို့ အများပိုင်ကုမ္ပဏီ၏ ဒါရိုက်တာအဖွဲ့ဝင် ဦးရှိန်းသူအောင်က မဇ္ဈိမကို ပြောသည်။

ဦးရှိန်းသူအောင်က“မိတ်ဖက်ကုမ္ပဏီနဲ့ ညှိနှိုင်းတာတွေ လုပ်နေပါတယ်။ လိုင်စင်ရပြီးတဲ့အချိန်ကျရင် ၀န် ဆောင်မှုပေးနိုင်ဖို့အတွက် ကျွမ်းကျင်ဝန်ထမ်း ၆၀၀ ကျော် အသင့်ဖြစ်နေပါပြီ”ဟု ဆိုသည်။တယ်လီဖုန်း လိုင်းများချပေးရာတွင် ၀န်ဆောင်မှုပုံစံ အမျိုးမျိုးဖြင့် ၀န်ဆောင်မှုပေးသွားမည်ဖြစ်ပြီး လက်ရှိထွက်ပေါ်နေ သည့် ဖုန်းဆင်းမ်ကတ်များ အခမဲ့ချပေးမည်ဟူသည့်သတင်းများ မှန်ကန်မှုမရှိဟု ဦးရှိန်းသူအောင်က မဇ္ဈိမ ကိုပြောသည်။

၎င်းက“၀န်ဆောင်မှုပုံစံက အမျိုးမျိုးရှိမှာပါ။ ကျောင်းသားတွေ၊ ရုံးဝန်ထမ်းတွေ၊ တောင်သူလယ်သမားတွေ အတွက် Package တွေ အမျိုးမျိုးရှိပါမယ်”ဟုဆိုသည်။

ဆက်လက်ပြီး“ဆင်းမ်ကတ်အရောင်းနဲ့ ပတ်သက်ပြီး ပြောထားတာ မရှိသေးပါဘူး။ Promotion Plan အနေနဲ့ လေဆိပ်လိုနေရာမျိုးတွေမှာ အခမဲ့ ဝေသွားမှာတွေတော့ရှိပါတယ်”ဟု ၎င်းကဆိုသည်။ရတနာပုံ တယ်လီပို့ အများပိုင်ကုမ္ပဏီအနေဖြင့် အများပြည်သူထံ ရှယ်ယာများ ရောင်းချနိုင်ရန် ဆောင်ရွက်လျက်ရှိပြီး လက်ရှိလည်ပတ်နေသည့် လုပ်ငန်းကိုဖွင့်ချပေးသည့် ပုံစံဖြစ်သည်ဟု ဦးရှိန်းသူအောင်က ဆိုသည်။

ရတနာပုံတယ်လီပို့အများပိုင်ကုမ္ပဏီတွင် အစိုးရအနေဖြင့် ရာခိုင်နှုန်းပမာဏတစ်ခုအထိ ပါဝင်နေဦးမည် ဖြစ်သည်ဟုလည်း ၎င်းက ဆိုသည်။

လက်ရှိအချိန်တွင် ပြည်ပအော်ပရေတာနှစ်ခုက ဆက်သွယ်ရေးဝန်ဆောင်မှုပေးနိုင်ရန် လုပ်ငန်းများ စတင်ဆောင်ရွက်နေပြီ ဖြစ်သည်။


Mizzima Burmese