အသည်းကွဲအိမ်ရှင်မတို့ အားကိုးရာ

ပို့စ်တင်ချိန် - 6/04/2014 05:49:00 PM


ပြတင်းပေါက်မှ ၀င်ရောက်လာသည့် နေရောင်က ၁၀ ပေ ပတ်လည်ခန့်သာ ကျယ်ဝန်းသော အခန်းလေးကို အလင်းရောင် ကောင်းစွာပေးလျက် ရှိသည်။ အခန်းထဲမှာတော့ ဂမ္ဘီရဆန်ဆန် အသုံးအဆောင်ပစ္စည်းများ၊ ကိုးကွယ်ယုံကြည်မှုနှင့် သက်ဆိုင်သည့် ရုပ်တုများ၊ အစဉ်အဆက် အသုံးပြုခဲ့ကြသည့် ဗေဒင်လက္ခဏာကျမ်းများက နေရာယူထားသည်။ ခန်းမ၏ထိပ်တွင် ဆုံလည်ကုလားထိုင်ဖြင့် အမျိုးသမီးတစ်ဦး ထိုင်နေသည်။ သူ၏ရှေ့တွင်တော့ ထိုင်ခုံလွတ် နှစ်ခု၊ သုံးခုခန့်။ ထိုင်ခုံလွတ်များက ရန်ကုန်မြို့အနှံ့မှ လာရောက်ကြမည့် အိမ်မကပ်တော့သည့် အိမ်ဦးနတ်များ အိမ်ပြန်လာရေးအတွက် လာရောက်တိုင်ပင်ကြသည့် အသည်းကွဲနေသည့် အိမ်ရှင်မအမျိုးသမီးများအတွက်ပင် ဖြစ်သည်။ ဗေဒင်လက္ခဏာပညာရှင် ဒေါ်ထက်နွေးစန္ဒီ၏ ရှေ့တွင်ချထားသော ခုံလွတ်တွင် နေ့စဉ် လူပြတ်သည်မရှိလောက်အောင် စည်ကားလျက်ရှိသည်။

ရန်ကုန်မြို့လယ် ဆူးလေမှ လေးဆယ့်ငါးမိနစ်ခန့် သွားရသည့် ဒဂုံမြောက်ပိုင်း မဟာမြိုင်အိမ်ရာရှိ အဆိုပါ အမျိုးသမီးသီးသန့် ဗေဒင်လက္ခဏာဟောခန်းသို့ အသည်းကွဲအမျိုးသမီးများ ဒါဇင်နှင့်ချီကာ နေ့စဉ်တဖွဲဖွဲလာရောက်လျက်ရှိသည်။ ဗေဒင်ဆရာမက သူတို့အတွက် အဆောင်အယောင်များ ပြုလုပ်ပေးရသည်။

‘‘ကျွန်မ ဟောခန်းစဖွင့်တာ ၂၀၀၇ လောက်က စတာ။ ဒါပေမဲ့ ၂၀၁၀ နောက်ပိုင်းမှာ လာမေးကြတဲ့သူတွေ တော်တော်လေး သိသိသာသာ များလာတယ်။ တစ်နေ့တစ်နေ့ လာမေးတဲ့သူတွေရဲ့ အဓိကက ဒီ (အမျိုးသားတွေ အိမ်ထောင်ရေးဖောက်ပြန်တဲ့) ပြဿနာ ဖြစ်နေတယ်’’ ဟု ဗေဒင်လက္ခဏာပညာရှင် ဒေါ်ထက်နွေးစန္ဒီကပြောသည်။

မိမိလင်ယောက်ျား အိမ်ပြန်လာရေးအတွက် ဓာတ်ရိုက်ဓာတ်ဆင်ယတြာ လာရောက်လုပ်ကြသည့် အမျိုးသမီးများသည် ဒေါ်ထက်နွေးစန္ဒီ၏ ဗေဒင်ခန်းတွင်သာမကဘဲ ရန်ကုန်မြို့ရှိ ဗေဒင်ဟောခန်းတော်တော်များများတွင် ပြည့်နှက်နေလျက်ရှိသည်။

အချက်အလက်ရရှိရန် ခက်ခဲလှသည့် မြန်မာနိုင်ငံတွင် အိမ်ထောင်ရေးအဆင်မပြေမှုများ၊ အိမ်ထောင်ပြိုကွဲမှုများ မည်မျှရှိသည်ကို တိတိကျကျသိရန် ခက်ခဲလှသည်။ သို့သော်လည်း ဗေဒင်ဟောခန်းများဆီသို့ တစ်ရက်တစ်ရက် လာရောက်ကြသည့် အမျိုးသမီးအရေအတွက်ကို ကြည့်လျှင် မြန်မာ့လူ့အဖွဲ့အစည်းအတွက် မသေးလှသည် ပြဿနာဖြစ်ကြောင်း မီးမောင်းထိုးပြလျက်ရှိသည်။ ထိုအချက်ကို မကြာသေးမီက မီဒီယာစာမျက်နှာများပေါ်တွင် ရေပန်းစားခဲ့သော အနုပညာရှင်အချို့၏ အိမ်ထောင်ရေးသတင်းများက သက်သေပြနေသည်။

မိသားစုအသိုက်အ၀န်းဆီမှ စွန့်ခွာပြီး အချစ်သစ်ရှာတွေ့သွားကြသည့် လင်ယောက်ျားများအတွက် ရတက်မအေးဖြစ်နေရသည့် အမျိုးသမီးများ ရန်ကုန်တွင် တစ်နေ့တခြား များပြားလာကြောင်း 7Day မှ သွားရောက်တွေ့ဆုံ မေးမြန်းကြသည့် ဗေဒင်လက္ခဏာပညာရှင်များက ပြောသည်။

‘‘မိန်းမတစ်ယောက် ရောက်လာပြီ။ မျက်နှာအနေအထားက ၀မ်းနည်းနေပြီဆိုရင် တွက်ချက်မနေတော့ဘူး။ တန်းပြောလိုက်တာ အိမ်ထောင်ရေးမကောင်းဘူး မဟုတ်လားဆိုပြီး။ မှန်တယ် အဲဒါက။ အဲဒီလောက်ထိကို ဖြစ်နေတာ’’ ဟု ရန်ကုန် ကန်တော်လေးတွင် ဗေဒင်ဟောခန်းဖွင့်ထားသည့် အကြားအမြင် မနောစွမ်းအားဖြင့် ဟောကြားသည့် ဦးရှင်မင်းက ပြောသည်။

အိမ်ထောင်ရေးအဆင်မပြေမှုများအတွက် လာရောက်မေးမြန်းကြသည့် အမျိုးသမီးများမှာ အသက် (၃၀)မှ (၅၀)အရွယ်မှာ အများဆုံးဖြစ်ကြောင်း ဗေဒင်ဟောကြားသူများက ပြောသည်။ ဖောက်ပြန်သည့် အမျိုးသားများမှာ အသက်(၃၀) မှ (၆၀)အရွယ်မှာ အများဆုံးဖြစ်ကြောင်းလည်း ဗေဒင်ပညာရှင်များက ပြောသည်။

အိမ်ထောင်ဦးစီး၏ ဖောက်ပြန်မှုများ အဆုံးသတ်စေရေးအတွက် အမျိုးသမီးများ လာရောက်တိုင်ပင်မှုသည် ၂၀၁၀ ခန့်မှစတင်ပြီး သိသိသာသာ မြင့်တက်လာကာ ၂၀၁၃ တွင် အမြင့်ဆုံးအခြေအနေဖြစ်လာကြောင်း ဒေါ်ထက်နွေးစန္ဒီကပြောသည်။

အမျိုးသားများ၏ ချစ်သူအသစ်များသည် ကာရာအိုကေ၊ အနှိပ်ခန်း စသည့်နေရာများမှ အမျိုးသမီးငယ်များသာမက ဘွဲ့ရပညာတတ်အသိုင်းအ၀ိုင်းမှ အမျိုးသမီးများလည်း ပါဝင်လာကြကြောင်း သူ့ထံသို့ လာရောက်ဆွေးနွေးသူများ၏ ပြောကြားချက်များကို ကိုးကား၍ ဒေါ်ထက်နွေးစန္ဒီကပြောသည်။

‘‘၁၅ နှစ်လောက် အမှားအယွင်းမရှိဘဲ အိမ်ထောင်ရေး ထိန်းသိမ်းလာကြတဲ့သူတွေလည်းပါတယ်။ ဖောက်ပြန်တဲ့ ယောက်ျားတွေထဲမှာ အသက်(၇၀)ကျော်တွေတောင် ပါလာတယ်’’ ဟု ဒေါ်ထက်နွေးစန္ဒီကပြောသည်။

လင်ယောက်ျားများ၏ အိမ်ထောင်ရေးဖောက်ပြန်မှုများ ကြုံတွေ့နေရသည့် အမျိုးသမီးများသည် ဗေဒင်ပညာရှင်များဆီသို့သာ သွားရောက်ကြသည်မှာ သက်ဝင်ယုံကြည်မှု တစ်ခုတည်းကြောင့်တော့ မဟုတ်ပါ။ လက်ရှိ ပြဋ္ဌာန်းထားသည့် ဥပဒေများကြောင့်လည်း ဖြစ်သည်။ အမျိုးသားများ၏ အိမ်ထောင်ရေးဖောက်ပြန်မှုအတွက် ရာဇ၀တ်မှုအဖြစ် အရေးယူရန် ခက်ခဲလှသောကြောင့် ဖြစ်သည်။

မြန်မာဓလေ့ထုံးတမ်းဥပဒေတွင် လင်ဖြစ်သူ၏ ဖောက်ပြန်မှုကို သာမန်အိမ်ထောင်ရေးပြစ်မှုအဖြစ် သတ်မှတ်ပြီး မယားဖြစ်သူ၏ ဖောက်ပြန်မှုကို ကြီးလေးသော အိမ်ထောင်ရေးပြစ်မှုအဖြစ် သတ်မှတ်သည်။

‘‘မြန်မာဓလေ့ထုံးတမ်းဥပဒေမှာ ယောက်ျားတစ်ယောက်က မိန်းမတစ်ယောက်ထက် ပိုယူခွင့်ရှိတယ်’’ဟု တရားလွှတ်တော်ရှေ့နေ ဦးကျော်ဇေယျက ပြောသည်။ ဇနီးမယားဖြစ်သူတစ်ယောက် အချစ်သစ်ရှာဖွေတွေ့ရှိသွားပါက သူမ၏ချစ်သူသစ်ကို မယားခိုးမှုသတ်မှတ်ကာ ရာဇ၀တ်မှုကြောင်းအရ အရေးယူပေးရန် လင်ယောက်ျားဖြစ်သူက တရားရုံးတော်သို့ လျှောက်ထားရန် အခွင့်အရေးရှိသည်။ သို့သော် အမျိုးသမီးများအတွက်တော့ ထိုအခွင့်အရေးမရနိုင်။ မိမိ၏ လင်ယောက်ျားဖြစ်သူ အချစ်သစ်ရှာဖွေတွေ့ရှိခဲ့ပါက အမျိုးသား၏ချစ်သူသစ်ကို ရာဇ၀တ်မှုကြောင်းအရ တရားစွဲခွင့် အမျိုးသမီးများတွင်မရှိ။ ကွာရှင်းရန်အတွက်သာ တောင်းဆိုနိုင်သည်။

‘‘မယားကြီးရှိလျက်နဲ့ ယောက်ျားက နောက်အိမ်ထောင်ပြုရင် မိန်းမက ဒါဟာ ရက်စက်တဲ့အမှု၊ အိမ်ထောင်ရေးပြစ်မှုနဲ့ ကွာလိုမှုလျှောက်လို့ရတယ်။ မြန်မာအမျိုးသမီးတစ်ယောက်ရဲ့ အခွင့်အရေးက ကွာလိုမှုလျှောက်တဲ့ အခွင့်အရေးတစ်ခုပဲရှိတယ်။ ရာဇ၀တ်မှုနဲ့ ဆွဲလို့မရဘူး’’ဟု တရားလွှတ်တော်ရှေ့နေ ဦးကျော်ဇေယျက ပြောသည်။

ထိုအချက်သည် အိမ်ထောင်ရေးဖောက်ပြန်သည့် အမျိုးသားများနှင့် ချစ်သူအသစ်များအတွက် အားသာသည့်အချက် ဖြစ်လာခဲ့သည်။

ဗေဒင်ဟောခန်းများသို့ လာရောက်ကြသော အိမ်ထောင်ရေးအဆင်မပြေသည့် အမျိုးသမီးများ၏အဆိုအရ ယောက်ျားဖြစ်သူသည် သူ၏ ချစ်သူအသစ်ကို မယားကြီးနေထိုင်သည့် အိမ်ပေါ်အထိခေါ်လာပြီး နေထိုင်သည်အထိရှိလာကြောင်း ဗေဒင်ပညာရှင်များကပြောသည်။ ထို့အတွက် ဇနီးမယားဖြစ်သူဘက်မှ အချစ်သစ်ဇာတ်လမ်းစခဲ့ပါက သူမ၏အဖော်သစ်ကို ထောင်ထဲပို့ပြီး အဆုံးသတ်သွားရန် အမျိုးသားဘက်တွင် အခွင့်အရေးရှိသလို အမျိုးသမီးများက လုပ်ခွင့်မရ။ အိမ်ပေါ်ခေါ်လာသည့် ယောက်ျား၏ ချစ်သူသစ်ကို နောက်ဆုတ်ရန် (သို့မဟုတ်) ထောင်ထဲပို့ရန် အခွင့်အရေးမရ။ အများဆုံးရနိုင်သည့် အခွင့်အရေးမှာ လင်မယားနှစ်ဦးကြား တရားဝင်လမ်းခွဲရန်သာဖြစ်သည်။

‘‘တချို့အမျိုးသမီးတွေ ရောက်လာရင် တရားစွဲမယ်ဆိုပြီး ပြောကြတယ်။ ဒီအခွင့်အရေးမရှိဘူး။ ကျွန်မတို့ လုပ်နိုင်တာက ယတြာတွေနဲ့ သူပြန်လာဖို့ပဲဆိုတာ ရှင်းပြရတယ်’’ ဟု ဥပဒေပညာရပ်နှင့် ဘွဲ့ရခဲ့သူလည်းဖြစ်သည့် ဗေဒင်ပညာရှင် ဒေါ်ထက်နွေးစန္ဒီကပြောသည်။ အနှစ်နှစ်အလလက တည်ဆောက်ထားသည့် မိသားစုကို မပြိုကွဲစေလိုသည့် အမျိုးသမီးများအတွက်တော့ ရုံးတော်တွင် သွားရောက်ဖြေရှင်းလိုခြင်း မရှိကြ။ ဒီအစား အိမ်ထောင်ဦးစီးပြန်လာရေးအတွက် ဗေဒင်ခန်းများဆီသို့သာ သွားလိုကြသည်။ သူတို့အတွက်တော့ ဗေဒင်ယတြာနှင့် ဂမ္ဘီရအဆောင်အယောင်များက တရားဥပဒေထက် ပိုအားကိုးအားထားပြုစရာ ဖြစ်ခဲ့ရသည်။

အိမ်ထောင်ရေးဖောက်ပြန်သည့် အမျိုးသားများ၊ အိမ်မကပ်တော့သည့် အိမ်ဦးနတ်များ ပြန်လာရန်အတွက် အမျိုးသမီးများစွာသည် ရန်ကုန်မြို့ရှိ ဗေဒင်ဟောခန်းများဆီသို့ နေ့စဉ် ခေါက်တုံ့ခေါက်ပြန် သွားလာနေကြရသည်။ သို့သော် ဗေဒင်ယတြာဆိုသည်က တရားဥပဒေလို လူတိုင်းအပေါ် တစ်ပြေးညီ သတ်မှတ်နိုင်သည်တော့မဟုတ်။ အစီအရင်များကြောင့် လင်ယောက်ျားများ မိသားစုဆီပြန်လာသူများလည်း ရှိသလို အဝေးထွက်ခွာသွားသူများအတွက် ပူဆွေးနေရုံမှတစ်ပါး အခြားမရှိသည့် ဇနီးမယားများ၊ ကိုယ့်မျက်စိရှေ့တွင် ကိုယ့်ယောက်ျား အခြားတစ်ဦးနှင့် ချစ်ရည်လူးနေသည်ကို ကြည့်နေရသည့် ဇနီးမယားများလည်း ရှိနေဆဲဖြစ်သည်။

7day daily