ဘယ်လို ကိစ္စရှိရှိ ဇွဲကပင် ကေဘယ်လ်စီမံကိန်း ဆက်လုပ်မည်ဟု ပီနန်ဆရာတော်ကြီး မိန့်ကြား

ပို့စ်တင်ချိန် - 6/20/2014 08:47:00 AM


ရန်ကုန်၊ မဇ္ဈိမ။           ။ သာသနာရေးဝန်ကြီးဌာနမှ မဟာသန္တိသုခကျောင်းတိုက်တွင် ကျူးကျော်နေထိုင်သူဟု စွပ်စွဲထားသည့် ပီနန်ဆရာတော် ဦးပညာဝံသက မည်သို့သော ကိစ္စများ ရှိစေ ဇွဲကပင်တောင် ကေဘယ်လ်ကားစီမံကိန်းကို ဆက်လက်လုပ်ဆောင်သွားမည်ဟု ပီနန်ဆရာတော်က မဇ္ဈိမသို့ မိန့်ကြားသည်။

“ထိခိုက်စရာမရှိဘူး။ ဆက်လုပ်သွားမယ်။ ကောင်းတဲ့အလုပ်က လုပ်ရမယ်’’ဟု ပီနန်ဆရာတော် ဦးပညာဝံသက မိန့်ကြားသည်။

ကရင်ပြည်နယ် ဘားအံမြို့နယ်ရှိ ဇွဲကပင်တောင်ခြေရင်းတွင် စတင်အကောင်အထည်ဖော်နေသည့် ကေဘယ်လ်ကား စီမံကိန်းကို ပီနန်ဆရာတော်က ဦးဆောင်ခဲ့ပြီး ယခုကဲ့သို့ မဟာန္တိသုခကျောင်းတိုက် အရေးကြောင့် အဆိုပါ စီမံကိန်းနှင့်ပတ်သက်၍ ရပ်ဆိုင်းခြင်း ရှိ၊မရှိ မဇ္ဈိမက မေးမြန်းလျှောက်ထားရာတွင် အထက်ပါအတိုင်း ဖြေကြားခဲ့ခြင်းဖြစ်သည်။

ဇွဲကပင်တောင်ခြေမှ တောင်ပေါ်ရှိ ဇွဲကပင်ဆံတော်ရှင်သို့ အချိန်သုံးနာရီကြာ တက်ရောက်ဖူးမျှော်ရာမှ မိနစ်အနည်းငယ်ဖြင့်သာ တက်ရောက်ဖူးမျှော်နိုင်မည့် အမေရိကန်ဒေါ်လာ ၇သန်း ကုန်ကျသော ကေဘယ်လ်ကားစီမံကိန်းကို ၂ဝ၁၃ခုနှစ် သြဂုတ်လမှ စတင်ကာ အလှူငွေများ ကောက်ခံ အကောင်ထည်ဖော်လျှက်ရှိသည်။ အဆိုပါ စီမံကိန်းကို ဇွန်လမှ စတင်ပြီး ၁၆လအတွင်း အပြီးဆောင်ရွက်သွားမည်ဟု ပီနန်ဆရာတော်ကြီးက ဇွန်လ ၃ရက်က ဂျပန်နိုင်ငံသို့ မကြွချီမီ မီဒီယာများသို့ မိန့်ကြားခဲ့ဖူးသည်။

ပီနန်ဆရာတော် ဦးပညာဝံသ မြန်မာနိုင်ငံသို့ ပြန်လည် ကြွရောက်သည်ဖြစ်စေ၊ မရောက်သည်ဖြစ်စေ ထိုစီမံကိန်းကို ဖြစ်မြောက်အောင် ဆက်လက်ဆောင်ရွက်သွားမည်ဟု ဇွဲကပင်တောင် ဆရာတော်ဘဒ္ဒန္တကဝိဓဇက မဇ္ဈိမကို မိန့်ကြားသည်။

ဇွဲကပင်တောင်ဆရာတော်ဘဒ္ဒန္တကဝိဓဇက “ပီနန် ဆရာတော်ကြီးက ပြန်လာမယ်လို့ ပြောတယ်။ လာလို့ရလား၊ မရလား မသိသေးဘူး။ ဒါပေမဲ့ ဆရာတော်ကြီး ပြန်လာလို့ မရလည်း ဖြစ်အောင် လုပ်သွားမယ်”ဟု မိန့်သည်။

အဆိုပါ စီမံကိန်း၏ ကေဘယ်လ်အဆောက်အဦကို ဇွဲကပင်တောင် အနောက်ဘက် လုမ္ဗိနီဥယာဉ်တွင် တည်ဆောက်သွားမည်ဖြစ်ပြီး လက်ရှိ ဇွဲကပင်ကေဘလ်ကားစီမံကိန်း မြေတိုင်းခြင်း၊ မြေတူမြေစမ်းခြင်း၊ ဒီဇိုင်းစာရံ ငွေပေးခြင်းနှင့် သံဃာအပါး ၁ဝ၈ပါးနှင့် မြေသန့်ပရိတ်ရွက်ခြင်းတို့ ဆောင်ရွက်ပြီး ဖြစ်သည်။

ပီနန်ဆရာတော်ကြီးကလည်း မြန်မာနိုင်ငံသို့ မည်သည့်အချိန်တွင် ပြန်လည်ကြွချီနိုင်မည်ကို မမိန့်နိုင်သေးဟု ဇွန်လ ၁၉ ရက်က မိန့်သည်။

ပီနန်ဆရာတော်ကျောင်းထိုင်သည့် ရန်ကုန်တိုင်း၊ တာမွေမြို့နယ်၊ နတ်ချောင်းရပ်ကွက်ရှိ မဟာသန္တိသုခကျောင်းတိုက်ကို ဇွန် ၁၁ရက် နံနက် ၁နာရီခန့်တွင် သာသနာတော် စည်းကမ်းထိန်းသိမ်းရေး အဖွဲ့နှင့် ရဲတပ်ဖွဲ့ဝင်များက ဝင်ရောက် စီးနင်းကာ ကျောင်းတိုက်ကို  ချိတ်ပိတ်ခဲ့သည်။ ထိုသို့ ဝင်ရောက်စီးနင်းချိန်တွင် ပီနန်ဆရာတော်ကြီးက ရှိမနေပေ။ ပီနန်ဆရာတော်ကြီးက ဇွန်လ ၅ရက်မှ စတင်ကာ ဂျပန် နိုင်ငံသို့ သာသနာပြုခရီးစဉ် သွားရောက်နေခြင်းဖြစ်သည်။

Mizzima Burmese