သိမ်ဖြူငွေလဲကောင်တာတွင် ဇွန်လဒုတိယပတ် ဒေါ်လာလဲနှုန်း ၉၇၂ ကျပ်ခန့် ရှိနေပြီး ဗဟိုဘဏ်၏ နိုင်ငံခြားရည်ညွှန်း ငွေလဲနှုန်း ၉၆၇ ကျပ်သို့ မြင့်တက်လာ

ပို့စ်တင်ချိန် - 6/10/2014 09:18:00 AM


သိမ်ဖြူငွေလဲကောင်တာတွင် နိုင်ငံခြားငွေလဲလှယ် ရောင်းဝယ်နေသူအချို့ကို တွေ့ရစဉ် (ဓာတ်ပုံ-အောင်မြတ်ကို)

ဇွန်လဒုတိယပတ် သိမ်ဖြူငွေလဲကောင်တာတွင် ဒေါ်လာလဲနှုန်း ၉၇၂ ကျပ် ၀န်းကျင်တွင် တည်ရှိနေပြီး ဗဟိုဘဏ်၏ နိုင်ငံခြားရည်ညွှန်း ငွေလဲနှုန်းတွင် တစ်ဒေါ်လာ ၉၆၇ ကျပ်သို့ မြင့်တက်လာကြောင်း ဗဟိုဘဏ်၏ ခွင့်ပြုချက်ရရှိထားသော နိုင်ငံခြားငွေကြေး လဲလှယ်ရေးလုပ်ငန်း လုပ်ကိုင်ခွင့် ရရှိထားသည့် ပြည်တွင်းပုဂ္ဂလိက ဘဏ်များနှင့် ပြင်ပဈေးကွက် အသိုင်းအ၀ိုင်းထံမှ သိရသည်။

ဇွန်လဆန်းပိုင်းတွင် သိမ်ဖြူငွေလဲ ကောင်တာ၌ တစ်ဒေါ်လာ တန်ဖိုးမှာ ရောင်းဈေး ၉၇၂ ကျပ် ၀န်းကျင်၊ ၀ယ်ဈေး ၉၆၄ ကျပ် ၀န်းကျင်တွင်ရှိနေပြီး ပြင်ပငွေလဲနှုန်းတွင် တစ်ဒေါ်လာတန်ဖိုးမှာ ရောင်းဈေး ၉၆၉ ကျပ် ၀န်းကျင်၊ ၀ယ်ဈေး ၉၆၇ ကျပ် ၀န်းကျင်တွင် ရှိခဲ့သည်။

မေ ၂၈ ရက်မှ ၃၀ ရက်အထိ သိမ်ဖြူငွေလဲကောင်တာ၌ တစ်ဒေါ်လာ တန်ဖိုးမှာ ရောင်းဈေး ၉၇၂ ကျပ် ၀န်းကျင်၊ ၀ယ်ဈေး ၉၆၂ ကျပ် ၀န်းကျင်တွင်ရှိနေပြီး ပြင်ပငွေလဲနှုန်းတွင် တစ်ဒေါ်လာတန်ဖိုးမှာ ရောင်းဈေး ၉၆၇ ကျပ် ၀န်းကျင်၊ ၀ယ်ဈေး ၉၆၅ ကျပ် ၀န်းကျင်တွင်ရှိသို့ မြင့်တက်လာခဲ့သည်။ ဗဟိုဘဏ်၏ ရည်ညွှန်းနိုင်ငံခြား ငွေလဲနှုန်းမှာ မေ ၃၀ ရက်မှစ၍ တစ်ဒေါ်လာလျှင် ၉၆၆ ကျပ်သို့ ပြောင်းလဲသတ်မှတ်ထားသည်။

မေ ၂၆ ရက်မှ စတင်၍ သိမ်ဖြူငွေလဲ ကောင်တာ၌ တစ်ဒေါ်လာတန်ဖိုးမှာ ရောင်းဈေး ၉၇၀ ကျပ် ၀န်းကျင်ရှိနေပြီး ပြင်ပငွေလဲနှုန်းတွင် တစ်ဒေါ်လာတန်ဖိုးမှာ ရောင်းဈေး ၉၆၅ ကျပ် ၀န်းကျင်တွင်ရှိခဲ့ကာ ဗဟိုဘဏ်၏ ရည်ညွှန်းနိုင်ငံခြား ငွေလဲနှုန်းမှာ တစ်ဒေါ်လာလျှင် ၉၆၄ ကျပ် သတ်မှတ်ထားသည်။

ဧပြီမှစ၍ သီတင်းခုနစ်ပတ်ကျော်ကြာ တည်ငြိမ်နေသော ဒေါ်လာလဲနှုန်းသည် မေလနောက်ဆုံးပတ်တွင် အနည်းငယ်ပြန်လည် မြင့်တက်လာခဲ့ပြီး မေလ၏ နောက်ဆုံးရက်တွင် ၉၇၂ ကျပ်သို့ ဆက်လက်မြင့်တက် လာကြောင်း သိရသည်။

တရားဝင်ငွေလဲလှယ်ရေး လုပ်ငန်းများသည် ဗဟိုဘဏ်၏ ရည်ညွှန်းငွေလဲနှုန်းကို အခြေခံ၍ သိမ်ဖြူဈေးကွက် လက်လီရောင်းဝယ် မှုများအတွက် ဗဟိုဘဏ် Reference Rate ၏ + ၀ ဒသမ ၈ ရာခိုင်နှုန်းနှင့် – ၀ ဒသမ ၈ ရာခိုင်နှုန်း ဘောင်အတွင်းတွင် လည်းကောင်း A.D လိုင်စင်ရ ဘဏ်များအကြား Interbank Market တွင် လက်ကား ရောင်းဝယ်မှုများအတွက် ဗဟိုဘဏ် Reference Rate ၏ + ၀ ဒသမ ၃ ရာခိုင်နှုန်းနှင့် – ၀ ဒသမ ၃ ရာခိုင်နှုန်း ဘောင်အတွင်း၌လည်းကောင်း ဆောင်ရွက်နေခြင်းဖြစ်သည်။

Eleven Media