ပိုစတာဓာတ်ပုံ တည်းဖြတ်ခံရသဖြင့် အီဗာဂရင်း စိတ်ပျက်

ပို့စ်တင်ချိန် - 6/06/2014 12:21:00 PM





Sin City ဇာတ်ကားသစ်တွင် သူမ၏ ပိုစတာဓာတ်ပုံ တည်းဖြတ်ပြုပြင်ခြင်း ခံရသည့်အတွက် စိတ်အနှောင့်အယှက် ဖြစ်မိကြောင်း အီဗာဂရင်းက ဖွင့်ဟ ဝန်ခံခဲ့သည်။ အမေရိကန် ရုပ်ရှင်အဖွဲ့ချုပ် (MPAA)က ညှို့ဓာတ်ပြင်းပြင်း ကိုယ်ဟန်အမူအယာဖြင့် ရိုက်ကူးထားသည့် ဓာတ်ပုံတွင် အီဗာ၏ အဝတ်အစားမှာ ပါးလွန်းပြီး ရင်သားများကို ထွင်းဖောက် မြင်နေရခြင်းအတွက် အမြင်မသင့်တော်ကြောင်း ဆုံးဖြတ်ကာ ပိတ်ပင်ခဲ့သည်။ ထို့ကြောင့်လည်း အဆိုပါပုံကို အတန်ငယ် ပြန်လည်ပြင်ဆင်ပြီး ခပ်ဝါးဝါးအဖြစ် ပြောင်းလဲခဲ့သလို အဝတ်အစားများကိုလည်း အနည်းငယ် ထူလာအောင် ပြောင်းလဲခဲ့ရသည်။

သို့သော်လည်း Sin City: A Dame to Kill For ဇာတ်ကား၏ ပိုစတာကို ယင်းကဲ့သို့ ပြုပြင်လိုက်ခြင်းမျိုးအား မနှစ်မြို့ဟု ပြင်သစ်မင်းသမီးက ပြောကြားခဲ့သည်။ 300: Rise of An Empireစတား အီဗာက “ဒီဆုံးဖြတ်ချက်ကို ကြားလိုက်တော့ ကျွန်မ တော်တော် အံ့ဩသွားတယ်”ဟု Vanity Fair မဂ္ဂဇင်းသို့ ပြောဆိုခဲ့သည်။ သူမက “ဒါက ပွင့်ပွင့်လင်းလင်း ဖြစ်သင့်တဲ့ ဓာတ်ပုံပါ။ ခုတော့ ဒီပိုစတာနဲ့ ပတ်သက်ပြီး တော်တော်လေး ဆူဆူညံညံ ဖြစ်သွားတယ်လေ။ ဘာမှလည်း ခြေခြေမြစ်မြစ် အကြောင်းပြချက် မရှိဘဲ အငြင်းပွားကုန်တယ်”ဟုလည်း ဆိုသည်။

အီဗာက အစောပိုင်း ပြင်ဆင်မထားသည့် မူရင်းပိုစတာသည် အမှန်တကယ် ညှို့ဓာတ်အားကောင်းကြောင်းလည်း မှတ်ချက်ပြုခဲ့သည်။ “လိုချင်တဲ့ အနေအထားအတိုင်း ရိုက်ထားတဲ့ ပိုစတာပါ။ ဒါကို အဲဒီလောက် အကဲဆတ်ဖို့ မလိုဘူး။ ရုပ်ရှင်လောကမှာ ဒီထက် ပိုပြီး အနာအဆာ ထောက်ပြစရာတွေမှ အများကြီး”ဟုလည်း အီဗာက ဝေဖန်သွားခဲ့သည်။
Planet Myanmar Network