ပွဲတက်ဝတ်စုံဝတ်ပြီး မြေအောက်ရထားစီးတဲ့ မာရီယာကာရေး

ပို့စ်တင်ချိန် - 6/11/2014 01:07:00 PM


ကမ္ဘာကျော် ပေါ့ပ်အဆိုတော် မာရီယာကာရေးကို ညနေခင်း ပွဲတက်ဝတ်စုံကြီးနဲ့ မြေအောက်ရထားထဲ ဝင်လာတာကို တွေ့လိုက်ရတဲ့ ရထားစီး ခရီးသည်တွေ ကြောင်အမ်းအမ်း ဖြစ်သွားပါတယ်။ အဆိုပိုင်နိုင်တဲ့ ဂရမ်မီဆုရှင် အသက် ၄၄ နှစ်အရွယ် မာရီယာကာရေးဟာ တောက်ပြောင်သားနားတဲ့ ညနေခင်း ဝတ်စုံကြီးနဲ့ မြေအောက်ရထားစီးခဲ့တာမို့ သူမရဲ့ သွားလာရေးမှာ ဘယ်လို ယာဉ်ပုံစံကိုမဆို လက်ခံဖို့ အသင့်ရှိတယ်လို့ ပြောပြလိုက်သလိုပါပဲ။ ပြီးတော့ သူမရဲ့ Vine အမည်ရ ဝက်ဘ်စာမျက်နှာမှာ နယူးယော့ခ်မြို့က ရှုပ်ထွေးပွေလီနေတဲ့ လမ်းပေါ်မှာ ဂါဝန်မပြီး လမ်းဖြတ်ကူးနေတာ တွေ့ရဦးမှာပါ။

"မြေအောက်ရထားထဲ ဝင်လာချိန်မှာ လူတွေ အံ့အားသင့်သွားပါတယ်။ နောက်မှ ကျွန်မကို မှတ်မိသွားပြီး အားလုံးပဲ ရယ်ရယ်မောမောနဲ့ ပြီးသွားတယ်။ မြေအောက်ရထားစီးရတာ အဆင်ပြေပါတယ်။ ကိုယ့်ဂါဝန်ကိုတော့ ဒေါက်ဖိနပ်နဲ့ မကြာခဏ တက်နင်းမိတယ်။ ဒီလိုပွဲမျိုးကို ကိုယ်ပိုင်ကားနဲ့ မသွားဘဲ ရထားစီးသွားမယ်လို့ ဘယ်သူထင်မှာလဲ။ ရထားနဲ့လည်း လိုရာခရီး ရောက်ပါတယ်" လို့ Hero၊ Heartbreaker သီချင်းတွေနဲ့ ကျော်ကြားလာခဲ့တဲ့ မာရီယာကာရေးက ပြောပါတယ်။ မာရီယာကာရေးဟာ မေ ၃၀ ရက်နေ့က နယူးယော့ခ် မြေအောက် ရထားကို စီးပြီး ဟီးရိုးဂါလာဆိုတဲ့ပွဲကို တက်ရောက်ခဲ့တာ ဖြစ်ပါတယ်။ ရထားနဲ့ တိုက်ရိုက်မရောက်လို့ တက္ကစီ စီးခဲ့ရပါသေးတယ်။ မာရီယာကာရေးဟာ ယခု သီတင်းပတ်ထဲမှာပဲ ကမ္ဘာ့ဂီတ ဆုပေးပွဲ World Music Awards ကို တက်ဖို့ ရှိပါတယ်။ အဲဒီပွဲကို ဘာနဲ့ ရောက်လာဦးမလဲဆိုတာ စိတ်ဝင်စားစရာပဲ မဟုတ်လား။

Credit : Auto World Journal