ဘိုင်ယန်မှ ထွက်ခွာတော့မည်ဖြစ်ကြောင်း မန်ဇူကစ် အတည်ပြု

ပို့စ်တင်ချိန် - 6/10/2014 09:58:00 AM


အသက်(၂၈)နှစ်ရှိ ခရိုအေးရှား လက်ရွေးစင်က ဘိုင်ယန်နည်းပြ ဂျိုးဆက် ဂွာဒီယိုလာ၏ နည်းစနစ်ပိုင်းနှင့် ပတ်သက်၍ သဘောထား ကွဲလွဲမှုများ ရှိနေခြင်းကြောင့် ကမ္ဘာ့ဖလား ပြိုင်ပွဲအပြီးတွင် ဂျာမန်ချန်ပီယံ အသင်းကို စွန့်ခွာသွားမည်ဖြစ်ကြောင်း ကြေညာခဲ့သည်။ မန်ဇူကစ်သည် ဘိုင်ယန်က ဘိုရပ်ရှားဒေါ့တ်မန်ကို (၂-၀)ဖြင့် အနိုင်ရခဲ့သည့် ဂျာမန်ရှုံးထွက် ဗိုလ်လုပွဲတွင် အသင်းလူစာရင်းမှ ချန်လှပ်ခံခဲ့ရပြီး ထိုစဉ်ကတည်းက ကစားသမား အနေဖြင့် အေလီယန့်ဇ် ကွင်းကြီးကို စွန့်ခွာတော့မည်ဟု သတင်းများ ထွက်ပေါ်ခဲ့ဖူးသည်။

မန်ဇူကစ်က ခရိုအေးရှား သတင်းစာ Sportske Novostiနှင့် တွေ့ဆုံရာတွင် “ကျွန်တော် ဘိုင်ယန်ဥက္ကဋ္ဌ ကားလ်ဟိန့်ဇ် ရူမန်နစ်ဂီနဲ့ စကားပြောပြီးပါပြီ။ ဂျာမန်ဖလား ဗိုလ်လုပွဲ မတိုင်ခင် ကတည်းကပါ။ အသင်းကနေ ကျွန်တော် ထွက်ခွာချင်ပြီလို့ သူ့ကို အသိပေးခဲ့တယ်။ ဘိုင်ယန်မှာ အကောင်းဆုံး ကာလတွေ ကျွန်တော့်အနေနဲ့ ဖြတ်သန်းခဲ့ပြီးပါပြီ။ ဘိုင်ယန်ဟာ တကယ့်ကို ခမ်းနားတဲ့ အသင်းကောင်း တစ်ခုပါ။ အရင်ကတော့ ကျွန်တော် ဒီအသင်းကို စွန့်ခွာချင်လိမ့်မယ်လို့ ဘယ်တုန်းကမှ မတွေးမိခဲ့ဘူး။ ဒါပေမဲ့ ရိုးရိုးသားသားပဲ တွေးကြည့်ရအောင်။ ကျွန်တော့် အနေနဲ့ ဂွာဒီယိုလာရဲ့ ပုံစံခွက်မှာ အံဝင်အောင် မကစားနိုင်ပါဘူး။ ကျွန်တော် ဘယ်လောက်ပဲ ကြိုးစားအားထုတ်ပါစေ၊ မရနိုင်ပါဘူး။ ရီးယဲလ်မက်ဒရစ်ကို (၁-၀)နဲ့ အရေးနိမ့်တဲ့ ချန်ပီယံလိဂ် အကြိုဗိုလ်လုပွဲ၊ ပထမအကျော့ ပွဲစဉ်မှာ ဒီအချက်ကို ကျွန်တော်သေချာ သိလာပါတယ်။ ဒါကြောင့် လမ်းခွဲခြင်းကသာ အားလုံးအတွက် အကောင်းဆုံး ဖြစ်ပါလိမ့်မယ်”ဟု ပြောကြားခဲ့သည်။

၎င်းက “ဂွာဒီယိုလာဟာ ထူးချွန်တဲ့ နည်းပြတစ်ယောက်ပါ။ သူရော၊ အသင်းက လူတိုင်းအတွက်ပါ အနာဂတ်မှာ အကောင်းဆုံးတွေ ကြုံပါစေလို့ ကျွန်တော် ဆန္ဒပြုပေးလိုက်ပါတယ်။ ဘိုင်ယန်နဲ့ အသင်းပရိသတ်တွေဟာ ကျွန်တော့်ဘဝမှာ အရေးအပါဆုံး၊ စိတ်လှုပ်ရှားစရာ အကောင်းဆုံးအဖြစ် စွဲမြဲနေမှာ ဖြစ်ပါတယ်”ဟုလည်း ဖွင့်ဟခဲ့သည်။ မန်ဇူကစ်သည် ဂွာဒီယိုလာ လက်အောက်တွင် ပြီးခဲ့သည့်ရာသီက (၄၈)ပွဲ၌ (၂၆)ဂိုးထိ သွင်းယူခဲ့သော်လည်း တိုက်ရိုက်ကျကျ ဘောလုံးပေးပို့မှုများကို လက်ခံယူရာတွင် အားသာချက်ရှိသော ကစားသမား အနေဖြင့် စပိန်နည်းပြ၏ Tiki-Takaပုံစံ ဘောလုံးကစားဟန်တွင် ရုန်းကန်ခဲ့ရကြောင်း သိရှိရသည်။

Ref:Dailymail
soccer myanmar