ထိန်းသိမ်းထားသည့် နိုင်ငံခြားသား ၄၀ ကျော်ကို ဆွန်နီသူပုန် ပြန်လွှတ်

ပို့စ်တင်ချိန် - 6/20/2014 05:21:00 PM


ဓာတ်ပုံ - ရိုက်တာ

အီရတ်နိုင်ငံမြောက်ပိုင်းကို သိမ်းပိုက်ထားတဲ့ အယ်ကိုင်ဒါအဖွဲ့ခွဲတခုဖြစ်တဲ့ အိုင်အက်စ်အိုင်အယ်လ်တပ်က သူတို့ ထိန်းသိမ်းထားတဲ့ နိုင်ငံခြားသားတွေထဲက အယောက် ၄၀ ကျော်ကို ဇွန် ၁၉ ရက်နေ့က ပြန်လွှတ်ပေးလိုက်ပါတယ်။

တူရကီအင်ဂျင်နီယာ ၄ ယောက်၊ တာဒ်မေနစ္စတန်နိုင်ငံက ၂၇ ယောက်နဲ့ နီပေါနိုင်ငံက ၁၀ ယောက်တို့ ဖြစ်ပြီး ကာကွက်မြို့ကနေ ပြန်လွှတ်ပေးလိုက်တာ ဖြစ်ပါတယ်။

အဖမ်းခံခဲ့ရတဲ့ တူရကီအင်ဂျင်နီယာတဦးဟာ ဆမာရာမြို့ကနေ ကာကွက်မြို့ကို အလုပ်ကနေအပြန် စစ်ဆေးရေးဂိတ်မှာ အဖမ်းခံခဲ့ရတာ ဖြစ်ပြီး ဓာတ်ပုံတွေ ရိုက်ယူထားပြီး ပြန်လွှတ်ပေးလိုက်တယ်လို့ ပြောဆိုခဲ့ပါတယ်။

တူရကီအင်ဂျင်နီယာ နောက်တဦးကလည်း ဖမ်းဆီးခံရတဲ့ ၄ ရက်တာကာလအတွင်း အစားအသောက် ထောက်ပံ့ပေးပေမယ့် အိုင်အက်စ်အိုင်အယ်လ်တပ်တွေက သူတို့ကို သတ်ပစ်မှာကို အမြဲကြောက်လန့်နေရတယ်လို့ ပြောဆိုပါတယ်။

အီရတ်မြောက်ပိုင်းမြို့တွေကို  အိုင်အက်စ်အိုင်အယ်လ်တပ်တွေ သိမ်းပိုက်စဉ်အတွင်း နိုင်ငံခြားသား အများအပြား ဖမ်းဆီးခံထားကြရပါတယ်။

ပြီးခဲ့တဲ့ ၂ ပတ်က မိုဆူးလ်မြို့ကို သိမ်းပိုက်စဉ်အတွင်း တူရကီစစ်သားတွေ၊ သံတမန်တွေ နဲ့ ကလေးတွေလည်း ဖမ်းဆီးခံခဲ့ရပါတယ်။

အိန္ဒိယနိုင်ငံသား အယောက် ၄၀ ကျော်လည်း ဖမ်းဆီးခံထားရပြီး ဘယ်နေရာမှာ ထိန်းသိမ်းထားတယ်ဆိုတာကိုလည်း ခုချိန်ထိ မသိရှိသေးဘူးလို့ အိန္ဒိယနိုင်ငံခြားရေးဝန်ကြီးဌာန က ဇွန် ၁၈ ရက်နေ့က ပြောဆိုပါတယ်။

အစ္စလာမ်မစ်နိုင်ငံတော်ထူထောင်ရေး တိုက်ပွဲဝင်နေတဲ့ အိုင်အက်စ်အိုင်အယ်လ် တပ်တွေဟာ ဘဂ္ဂဒက်မြို့ပြင် တိုင်ဂရစ်မြစ်ဝှမ်းတလျှောက်နားအထိ သိမ်းပိုက်ထားပါတယ်။

DVB Burmese