ပြည်တွင်းမှာ နိုင်ငံခြားဘဏ်ဖွင့်လှစ်ခွင့်က အစိုးရနဲ့နီးစပ်တဲ့ ခရိုနီဘဏ်တွေ အတွက်လား၊ ပြည်တွင်းစီးပွားရေး ဖွံ့ဖြိုးဖို့လား

ပို့စ်တင်ချိန် - 6/16/2014 07:25:00 AM


မြန်မာနိုင်ငံတော် ဗဟိုဘဏ် ရန်ကုန်ရုံးခွဲကို တွေ့ရစဉ်

၂ဝ၁၄ ခုနှစ်အတွင်း နိုင်ငံခြားဘဏ်များ ဖွင့်လှစ်လုပ်ကိုင်ခွင့်ပြုမည်ဟု အစိုးရသစ်သက်တမ်း သုံးနှစ်မပြည့်မီ ၂ဝ၁၃ နှစ်ကုန်ပိုင်းက မြန်မာနိုင်ငံတော် ဗဟိုဘဏ်မှ တာဝန်ရှိသူများ၊ ဘဏ္ဍာရေးဝန်ကြီးဌာနက တာဝန်ရှိသူများက ပြည်တွင်းပြည်ပ မီဒီယာများသို့ ထုတ်ပြန်ပြောကြားခဲ့သည်။ ထိုသို့ လုပ်ဆောင်မှုများအရ မြန်မာနိုင်ငံအတွင်းရှိ စီးပွားရေးလုပ်ငန်းရှင်များ အကြားတွင် ပြည်တွင်းရှိဘဏ်များက ထောက်ပံ့မှု မပေးနိုင်ခဲ့သည့် ကာလရှည်ချေးငွေနှင့် အများအပြား ပေးနိုင်စွမ်းမရှိသည့် ချေးငွေများ၊ နိုင်ငံတကာနှင့် နှိုင်းယှဉ်ပါက သိသိသာသာ များပြားနေသည့် ချေးငွေအတိုးနှုန်းများကြောင့် တခြားနိုင်ငံများနှင့် ထုတ်လုပ်မှုကုန်ကျစရိတ် မနှိုင်းယှဉ်နိုင်သည့် အနေအထားများမှ ရုန်းထွက်နိုင်မည့် အဖြေတစ်ခုအဖြစ် ပြည်တွင်း၌ နိုင်ငံခြားဘဏ်များ ဖွင့်လှစ်မည့်အချိန်ကို မျှော်လင့်ခဲ့ကြသည်။

ထိုသို့ မျှော်လင့်ခဲ့သည့် မျှော်လင့်ချက်များသည် ပြည်တွင်းဘဏ်ဈေးကွက်အား အုပ်စီးထားသည့် အစိုးရနှင့် နီးစပ်သည့် ဘဏ်ကြီးများ၏ တစ်ခဲနက် ကန့်ကွက်မှုကြောင့် ပြည်တွင်း၌ နိုင်ငံခြားဘဏ် ဖွင့်လှစ်ခွင့်သည် နိုင်ငံအဆင့် စီးပွားရေးများအား ချုပ်ကိုင်နိုင်သည့် မြန်မာနိုင်ငံတစ်ဝန်းရှိ စီးပွားရေးကဏ္ဍ အသီးသီးအား ကိုယ်စားမပြုဘဲ တိုင်းပြည်တိုးတက်ရန် အရေးအပါဆုံး ငွေကြေးကဏ္ဍအား အမှန်တကယ် လုပ်ကိုင်နိုင်မှု မရှိဘဲ ချုပ်ကိုင်ထားသည့် ခရိုနီဘဏ်များ အတွက်သာ လုပ်ပိုင်ခွင့်ပြုရမည့် အနေအထားတစ်ခု ဖြစ်လာခဲ့သည်။

မြန်မာ့ငွေကြေးသမိုင်း

အာရှတွင် ဖွံ့ဖြိုးတိုးတက်နိုင်မှု အလားအလာအကောင်းဆုံး မြန်မာနိုင်ငံအား နှစ်ငါးဆယ်ကျော်အတွင်း အမှောင်ချောက်သို့ တွန်းချပြီးနောက် လွတ်မြောက်ရေးရောင်ခြည် သန်းချိန်ဖြစ်သည့် ၂ဝ၁၁ ခုနှစ် ဧပြီလမှ စတင်ခဲ့သည့် ပြုပြင်ပြောင်းလဲမှုများအနက် ထင်ရှားသည့် စီးပွားရေး ပြုပြင်ပြောင်းလဲမှု များစွာရှိခဲ့သည်။

အဆိုပါ ပြုပြင်ပြောင်းလဲမှုများအနက် ငွေကြေးကဏ္ဍနှင့် သက်ဆိုင်သည့် ပြုပြင်ပြောင်းလဲမှုများအဖြစ် ဗဟိုဘဏ်အား လွတ်လပ်စွာ ရပ်တည်ခွင့်ပြုခဲ့ခြင်း၊ နိုင်ငံခြားငွေလဲနှုန်းကို တစ်သားတည်းဖြစ်အောင် လုပ်ဆောင်ခဲ့ခြင်း၊ FEC ငွေလက်မှတ်များ ဖျက်သိမ်းခဲ့ခြင်း၊ ပုဂ္ဂလိကဘဏ်များအား နိုင်ငံခြားဘဏ်များနှင့် ချိတ်ဆက်လုပ်ကိုင်ခွင့်ပြုခဲ့ခြင်း၊ နိုင်ငံခြားငွေ စီမံခန့်ခွဲမှု ဥပဒေ အတည်ပြုနိုင်ခဲ့ခြင်း စသည့်လုပ်ရပ်များစွာ လုပ်ဆောင်နိုင်ခဲ့သည်။ အောင်မြင်မှု အနေအထားများအရ ရာနှုန်းပြည့်ဟု မဆိုနိုင်သော်လည်း ပြည်တွင်းငွေကြေးကဏ္ဍ လုပ်ကိုင်သူ ဘဏ်များအတွက် လှုပ်သာလှည့်သာရှိသော ပြုပြင်ပြောင်းလဲမှုများ ဖြစ်လာခဲ့သည်။

မြန်မာနိုင်ငံရှိ ဘဏ်များ၏ အခြေအနေ

မြန်မာနိုင်ငံရှိ ပုဂ္ဂလိကဘဏ် ၂၂ ခုအနက် ယခင်အစိုးရနှင့် နီးစပ်သည့် ဆက်ဆံရေးကောင်းများ ရှိခဲ့သည့် ကမ္ဘောဇဘဏ်က မြန်မာနိုင်ငံရှိ ဘဏ်ဈေးကွက်အား အကြီးဆုံး ချုပ်ကိုင်ထားပြီး နိုင်ငံတွင်းရှိ ဘဏ်ခွဲပေါင်း ၇ဝဝ ခန့်အနက် ဘဏ်ခွဲပေါင်း ၁၆ဝ ခန့်အား ပိုင်ဆိုင်ဖွင့်လှစ်ထားသည်။ လက်ရှိ အစိုးရလက်ထက်တွင် အဖွံ့ဖြိုးဆုံး အနေအထားသို့ ရောက်လာခဲ့သည့် သမ္မတ၏ စီးပွားရေးအကြံပေးအဖွဲ့ဝင် ဦးခင်မောင်အေး ပိုင်ဆိုင်ထားသည့် သမဝါယမဘဏ်မှာလည်း ဘဏ်ခွဲပေါင်း ၈ဝ ခန့်ဖြင့် အကြီးဆုံး အနေအထားတွင်ပင် ရှိနေသည်။ ထို့အပြင် သမဝါယမ ဝန်ကြီးဌာနနှင့် ပူးပေါင်းဖွင့်လှစ်ထားသည့် Myanma Microfinance Bank ဘဏ်ကိုလည်း ဘဏ်ခွဲများ အများအပြား ဖွင့်လှစ်နိုင်ရန် လုပ်ဆောင်နေသည်။ ပြည်တွင်းဘဏ်ခွဲအများဆုံး စာရင်းတွင် ရှိနေသည့် ဘဏ်များတွင် နာမည်ကျော် စီးပွားရေးလုပ်ငန်းရှင် ဦးတေဇ၏ ထူးကုမ္ပဏီမှ ပိုင်ဆိုင်ထားသည့် အာရှစိမ်းလန်းမှုဖွံ့ဖြိုးရေးဘဏ်က ဘဏ်ခွဲပေါင်း ၄ဝ ကျော်၊ ဧဒင်ဦးချစ်ခိုင်၏ မြန်မာ့ရှေ့ဆောင်ဘဏ်က ဘဏ်ခွဲပေါင်း ၃၄ ဘဏ်ခန့်၊ မက်စ်မြန်မာ ဦးဇော်ဇော်၏ ဧရာဝတီဘဏ်က ဘဏ်ခွဲပေါင်း ၆ဝ ခန့် နိုင်ငံခြားဘဏ်များ ပြည်တွင်း၌ ဖွင့်လှစ်ခွင့် မပြုသေးရန်နှင့် လုပ်ငန်းစဉ်များ ပွင့်လင်းမြင်သာမှု မရှိကြောင်း စဉ်ဆက်မပြတ် ဝေဖန်နေသည့် ပြည်သူ့လွှတ်တော်၊ မြန်မာနိုင်ငံဘဏ်များနှင့် ငွေကြေးဆိုင်ရာ ဖွံ့ ဖြိုးတိုးတက်ရေး ကော်မတီဥက္ကဋ္ဌ ဦးအောင်သောင်း၏ သားဖြစ်သူ ဦးနေအောင်၏ ယူနိုက်တတ်အမရဘဏ်က ဘဏ်ခွဲပေါင်း ၃ဝ ခန့်၊ အင်းဝနှင့် မြဝတီဘဏ်တို့က ဘဏ်တစ်ခုလျှင် ဘဏ်ခွဲပေါင်း ၃ဝ ကျော်၊ ကမ္ဘာ့ရတနာဘဏ်က ဘဏ်ခွဲပေါင်း ၈ဝ ခန့်နှင့် အစိုးရသစ်လက်ထက်တွင် နေရာနှင့် လုပ်ပိုင်ခွင့် ပြည်လည်ရလာသည့် FMI ဦးသိန်းဝေ၏ ရိုးမဘဏ်သည်လည်း ဘဏ်ခွဲအများအပြား ဖွင့်လှစ်ထားနိုင်သည်။ ရတနာပုံဘဏ်၊ နေပြည်တော်စည်ပင်ဘဏ်၊ ရန်ကုန်မြို့တော်ဘဏ်၊ အာရှရန်ကုန်ဘဏ်၊ မြန်မာနိုင်ငံသားများဘဏ်၊ ပထမပုဂ္ဂလိကဘဏ်၊ ထွန်းဖောင်ဒေးရှင်းဘဏ်၊ အသေးစားနှင့် အလတ်စားလုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်ရေးဘဏ်၊ စသည့်ဘဏ်များမှာ ဘဏ်ခွဲအနည်းငယ်သာ ဖွင့်လှစ်ထားနိုင်သည့် ဘဏ်များစာရင်းတွင် ပါဝင်နေသည်။ မြန်မာနိုင်ငံရှိ ဘဏ်များအနက် နိုင်ငံပိုင် ဘဏ်များဖြစ်သည့် မြန်မာ့စီးပွားရေးဘဏ်၊ မြန်မာ့နိုင်ငံခြား ကုန်သွယ်မှုဘဏ် စသည့်ဘဏ်များမှာမူ အရှုံးပေါ်နေသည့် နိုင်ငံပိုင် စီးပွားရေး လုပ်ငန်းများအဖြစ် ရင်ဆိုင်နေရသည်။ နိုင်ငံခြားဘဏ်များကိုမူ ပြည်တွင်း၌ ရုံးခွဲဖွင့်လှစ်ရန်သာ ခွင့်ပြုထားပြီး ဂျပန်၊ တရုတ်၊ ကိုရီးယား၊ ဗီယက်နမ်၊ ဘရူနိုင်း၊ အိန္ဒိယ၊ ဩစတြေးလျ၊ နယူးဇီလန် အစရှိသည့် နိုင်ငံများမှ နိုင်ငံခြားဘဏ်ခွဲပေါင်း ၄၂ ဘဏ်အား ပြည်တွင်း၌ ဘဏ်လုပ်ငန်းလုပ်ကိုင်ခွင့် မရှိသည့် ဘဏ်ခွဲများအဖြစ် ဖွင့်လှစ်ခွင့်ပြုထားသည်။ မြန်မာနိုင်ငံတွင် လာရောက်ဖွင့်လှစ်ထားသည့် ဘဏ်များကို လေ့လာကြည့်မည်ဆိုပါက အာရှနိုင်ငံများမှ ဘဏ်များသာ ဖြစ်နေပြီး ဥရောပနိုင်ငံများမှ ဘဏ်ဆို၍ ဗြိတိန်နိုင်ငံအခြေစိုက် Standard Chartered Bank ဘဏ်သာ လာရောက်ဖွင့်လှစ်ထားသည်။

မြန်မာနိုင်ငံ အပါအဝင် နိုင်ငံတကာ၌ ယခင်က ပုဂ္ဂလိကဘဏ်များ အများအပြားအား ဖွင့်လှစ်ခွင့်ပြုခဲ့သော်လည်း ဖွင့်လှစ်ခွင့်ရ ပုဂ္ဂလိကဘဏ်များသည် ခိုင်မာမှု အားနည်းခြင်း၊ ခိုင်မာသည့်ဘဏ်များ နည်းပါးခြင်း စသည့်ဖြစ်ရပ်များကြောင့် ဘဏ်များအများအပြား ဖွင့်လှစ်ခွင့်ပြုခြင်းထက် ခိုင်မာတောင့်တင်းသည့် ဘဏ်များ ပိုမိုပေါ်ထွက်ရန်သာ ရည်ရွယ်လုပ်ဆောင်လာကြောင်း မြန်မာနိုင်ငံတော် ဗဟိုဘဏ်ဒုဥက္ကဋ္ဌ ဦးဆက်အောင်က ပြောကြားသည်။

နိုင်ငံခြားဘဏ်များအား ပြည်တွင်း၌ ဖွင့်လှစ်ခွင့်ပြုရာတွင် ပြည်တွင်းရှိဘဏ်များ ထိခိုက်မည်ကို စိုးရိမ်မှုများ ရှိနေသော်လည်း ဒေသတွင်း နိုင်ငံများအကြား လုပ်ဆောင်နေသည့် အကန့်အသတ်များဖြင့်သာ နိုင်ငံခြားဘဏ်များအား ဖွင့်လှစ်ခွင့်ပြုသွားမည်ဖြစ်ကြောင်းနှင့် အကြီးအကျယ်ထိခိုက်မှု လုံးဝမရှိနိုင်ကြောင်း ဦးဆက်အောင်က ပြောကြားသည်။ ထို့ပြင် နိုင်ငံခြားဘဏ်များအား ပြည်တွင်း၌ လုပ်ကိုင်ခွင့်ပြုရန်မှာ တည်ဆဲဥပဒေအရ ဘဏ္ဍာရေးဝန်ကြီးဌာန လက်အောက်မှ သီးခြားရပ်တည်ခဲ့ပြီးဖြစ်သည့် ဗဟိုဘဏ်၏ တာဝန်သာဖြစ်ကြောင်း ယင်းက ဆက်လက်ပြောဆိုသည်။

မြန်မာနိုင်ငံရှိ ဘဏ်လုပ်ငန်း လုပ်ဆောင်သူများ အနေဖြင့် ထိုကဲ့သို့ စိုးရိမ်မှုများ ရှိနေသော်လည်း နိုင်ငံခြားဘဏ်များအား ပြည်တွင်း၌ ဖွင့်လှစ်ခွင့်ပြုလိုက်ပါက ဒေသတွင်း နိုင်ငံများကဲ့သို့ပင် မများပြားသော ချေးငွေအတိုးနှုန်းများ ရရှိခံစားခွင့်၊ လုပ်ငန်းများ အကောင်အထည်ဖော်နိုင်ရေး ချေးငွေများ ရယူရာတွင် ပြည်တွင်းဘဏ်များကဲ့သို့ မဟုတ်ဘဲ အလုံအလောက် ရယူနိုင်ခွင့် စသည့်တိုးတက်မှုများ ရှိလာနိုင်ကြောင်းနှင့် ပြည်ပဘဏ်များအား လုပ်ကိုင်ခွင့်ပြုလိုက်ပါက မြန်မာနိုင်ငံ၏ Financial Sector တိုးတက်မှုသည် ထင်မှတ်ထားသည်ထက် ပိုမိုမြန်ဆန်နိုင်ကြောင်း ပြည်တွင်းရှိ လုပ်ငန်းရှင်များ အပါအဝင် ဦးဆက်အောင်က ဆိုသည်။

မြန်မာနိုင်ငံ အပါအဝင် နိုင်ငံတကာ၌ ယခင်က ပုဂ္ဂလိကဘဏ်များ အများအပြားအား ဖွင့်လှစ်ခွင့်ပြုခဲ့သော်လည်း ဖွင့်လှစ်ခွင့်ရ ပုဂ္ဂလိကဘဏ်များသည် ခိုင်မာမှု အားနည်းခြင်း၊ ခိုင်မာသည့်ဘဏ်များ နည်းပါးခြင်း စသည့်ဖြစ်ရပ်များကြောင့် ဘဏ်များအများအပြား ဖွင့်လှစ်ခွင့်ပြုခြင်းထက် ခိုင်မာတောင့်တင်းသည့် ဘဏ်များ ပိုမိုပေါ်ထွက်ရန်သာ ရည်ရွယ်လုပ်ဆောင်လာကြောင်း . . . . .

မြန်မာနိုင်ငံအတွင်းရှိ ဘဏ်များ၏ ဘဏ်ခွဲများအားလုံး ပေါင်းလျှင်ပင် ပြည်ပဘဏ်တစ်ဘဏ်၏ ငွေကြေးမြှုပ်နှံမှု ပမာဏကို လိုက်မီနိုင်မှု မရှိသေးသော အခြေအနေ ဖြစ်နေသဖြင့် လတ်တလောတွင် နိုင်ငံခြားဘဏ်များ ဖွင့်လှစ်ခွင့်ပြုပါက ပြည်တွင်းရှိဘဏ်များ အခက်အခဲ ကြုံတွေ့မည်ကို စိုးရိမ်မှုများ ဖြစ်ပေါ်နေကြောင်း မြန်မာနိုင်ငံဘဏ်များအသင်း ဥက္ကဋ္ဌ ဦးသိန်းထွန်းက ပြောကြားသည်။

“မြန်မာနိုင်ငံမှာက ခရိုနီလို့ဆိုနိုင်တဲ့ လုပ်ငန်းရှင်ကြီးတွေပိုင်တဲ့ ဘဏ်တွေရှိတယ်။ မြဝတီလို ဦးပိုင်က ပိုင်ဆိုင်ထားတဲ့ဘဏ်တွေ ရှိတယ်။ အစုအဖွဲ့ပိုင်တဲ့ ဘဏ်တွေ ရှိသလို နိုင်ငံပိုင်ဘဏ်တွေလည်း ရှိတယ်။ ဘဏ်အမျိုးအစားချင်း မတူပါဘူး။ ဘဏ်လုပ်ငန်းဆိုတာက တိုင်းပြည်ရဲ့ စီးပွားရေးကို အများဆုံး တိုက်ရိုက်ပတ်သက်နေပါတယ်။ နိုင်ငံတကာမှာတော့ ဘဏ်လုပ်ငန်းလုပ်ရင် အခြားလုပ်ငန်း မလုပ်ကြဘူး။ ဒီလိုတွဲလုပ်ရင် စီးပွားရေးလုပ်ငန်းတွေ ထိခိုက်လာနိုင်တယ်။ ဘဏ်လုပ်ငန်းတစ်ခု ထိခိုက်ရင် တိုင်းပြည်စီးပွားရေးပါ ထိခိုက်နိုင်တယ်” ဟု မူဝါဒဆိုင်ရာ စီးပွားရေးပညာရှင် ဒေါက်တာအောင်ကိုကိုက ပြောကြားသည်။

မြန်မာ့စီးပွားရေးလုပ်ငန်းများ၊ စက်မှုလုပ်ငန်းများ ရင်ဆိုင်ရမည့် အနာဂတ်စိန်ခေါ်မှု

၂ဝ၁၅ ခုနှစ်တွင် စတင်မည့် အာဆီယံစီးပွားရေး အသိုက်အဝန်းအတွက် ဖွံ့ဖြိုးမှုနည်းပါးသည့် မြန်မာနိုင်ငံနှင့် ဗီယက်နမ်၊ ကမ္ဘောဒီးယား၊ လာအို အစရှိသည့် နိုင်ငံများက ကျန်အာဆီယံ ခြောက်နိုင်ငံကဲ့သို့ မဟုတ်ဘဲ ကုန်သွယ်မှုဆိုင်ရာ အတားအဆီးအချို့နှင့် ကုန်သွယ်မှုမဟုတ်သည့် အတားအဆီးအချို့အား ၂ဝ၁၈ ခုနှစ်တွင်မှ ဖြေလျှော့ပေးရန် လုပ်ဆောင်နိုင်သည့် အခွင့်အရေး အနည်းငယ်အား ရရှိထားသည်။ မြန်မာနိုင်ငံရှိ စက်မှုလက်မှု လုပ်ငန်းများအနက် အသေးစားနှင့် အလတ်စားလုပ်ငန်းများမှာ စက်မှုလက်မှု လုပ်ငန်းများ၏ ၉၉ ရာခိုင်နှုန်းကျော်အထိ ရှိနေသည်။ ဘဏ်များမှ ချေးငွေရယူရာတွင် ကာလရှည် မပေးနိုင်သည့်အပြင် အာမခံပစ္စည်းအဖြစ် အိမ်ခြံမြေကိုသာ ဘဏ်များက အဓိက လက်ခံကြသည်။ ထိုသို့ အာမခံ တင်ပြရာတွင်လည်း အိမ်ခြံမြေဈေးကွက်တန်ဖိုး၏ အများဆုံး ၃ဝ ရာခိုင်နှုန်းခန့်သာ ချေးငွေရရှိလေ့ရှိသည်။ အတိုးနှုန်းသည်လည်း အသေးစားအလတ်စား လုပ်ငန်းများအတွက် ၈ ဒသမ ၅ ရာခိုင်နှုန်းအထိ လျှော့ချပေးထားသည် ဆိုသော်လည်း ဘဏ်တိုင်းတွင် ချေးငွေလျှော့ချနိုင်သည် မဟုတ်ချေ။ ထို့ပြင် မြန်မာ့စီးပွားရေး လုပ်ငန်းရှင်များအတွက် ချေးငွေ ၁၃ ရာခိုင်နှုန်းထက် ဘဏ်များက ဝန်ဆောင်ခအား ပိုမိုကောက်ခံသည့် အနေအထားတွင် ရှိနေသည်။ မြန်မာနိုင်ငံ၏ စက်မှုကုန်ချော ပို့ကုန်များကို လေ့လာမည်ဆိုပါက ၂ဝ၁၃-၂ဝ၁၄ ဘဏ္ဍာနှစ်တွင် စက်မှုပို့ကုန်များသည် ထိပ်တန်းပို့ကုန်အဖြစ် ရပ်တည်နေပြီး ဒေါ်လာ ၄ ဒသမ ၅ဝ၅ ဘီလျံအထိ တင်ပို့ခဲ့နိုင်ခဲ့သည်။ ထိုသို့ စက်မှု့ကုန်ချော ပို့ကုန်စာရင်းတွင် မြန်မာ့သဘာဝ သယံဇာတဖြစ်သည့် သဘာဝဓာတ်ငွေ့မှ ရငွေသည် ကန်ဒေါ်လာ ၃ ဒသမ ၂ ဘီလျံကျော်ဖိုးအထိ တင်ပို့ခဲ့သည်။ ထို့ပြင် အစိုးရသစ်လက်ထက် ပြန်လည်ရရှိလာသည့် GSP အခွင့်အရေးများအရ တရုတ်၊ ဂျပန်၊ ကိုရီးယား စသည့်နိုင်ငံများက အလုံးအရင်းဖြင့် မြှုပ်နှံလာပြီး မြန်မာနိုင်ငံပိုင် အထည်ချုပ်လုပ်ငန်းရှင်များက CMP လက်ခစားစနစ်ဖြင့်သာ အဓိကလုပ်ကိုင်သည့် အထည်ချုပ်ကဏ္ဍမှ ဒေါ်လာ ၈၉၃ သန်းကျော်နှင့် သကြားမှ ဒေါ်လာ ၄၈ သန်းကျော်သာ တင်ပို့ခဲ့ကာ အခြားသော စက်မှုကုန်ချော ပို့ကုန်ဆိုသည်မှာ မေးခွန်းထုတ်စရာ အနေအထားအဖြစ် ဒေါ်လာ ၃၅၅ သန်းကျော်ဖိုးသာ တင်ပို့နိုင်သည့်အထိ ဆိုးရွားခဲ့သည်။

နိုင်ငံခြားဘဏ်များ ဖွင့်လှစ်ခွင့်ပြုရန် လက်ရှိလုပ်ဆောင်နေသည့် အခြေအနေ

နိုင်ငံခြား ဘဏ်လုပ်ငန်းများကို ပြည်တွင်း၌ တရားဝင် ဖွင့်လှစ်ခွင့်ပြုနိုင်ရေး လုပ်ဆောင်ပေးမည့် မြန်မာနိုင်ငံတော် ဗဟိုဘဏ်က ပြည်တွင်း၌ ကိုယ်စားလှယ်ရုံးခွဲ ဖွင့်လှစ်ထားသည့် နိုင်ငံခြားဘဏ်များသို့ ဘဏ်ရုံးခွဲတစ်ခု ဖွင့်လှစ်ပေးမည်ဖြစ်ပြီး နိုင်ငံခြားကုမ္ပဏီများအား ငွေကြေးထောက်ပံ့ပေးရန်၊ ပြည်တွင်းဘဏ်များ၏ ငွေကြေးဆောင်ရွက်မှုများကို ပံ့ပိုးပေး၍ ပြည်တွင်းဘဏ်လုပ်ငန်းများ တိုးတက်လာစေရန်၊ ပြည်တွင်းကုမ္ပဏီများကို ငွေချေးပေးရန်မူ ပြည်တွင်းအဖွဲ့အစည်းများနှင့် ပူးပေါင်းရန်၊ လိုင်စင်ထုတ်ပေးရန် ဇူလိုင် ၆ ရက်တွင် လျှောက်လွှာများကို သုံးသပ်မည်ဖြစ်ပြီး စက်တင်ဘာလကုန်တွင် ဘဏ်လုပ်ငန်းလိုင်စင် ၁ဝ ခုခန့် ထုတ်ပေးသွားမည်ဖြစ်ကြောင်း ရိုက်တာသတင်းဌာန အပါအဝင် နိုင်ငံတကာ သတင်းများတွင် ဖော်ပြခဲ့သည်။ ထို့ပြင် ပြည်တွင်းဘဏ်များ၏ ငွေကြေးရင်းနှီးမြှုပ်နှံမှုထက် များပြားသော ပမာဏဖြစ်သည့် ဒေါ်လာ ၇၅ သန်းကိုလည်း မ,တည် မြှုပ်နှံငွေအဖြစ် တင်ပြရမည်ဖြစ်ကြောင်းလည်း ဖော်ပြခဲ့သည်။

“နိုင်ငံခြားဘဏ်တွေကို ဖွင့်ခွင့်ပြုလိုက်တာ ဆိုရင်တော့ မြန်မာနိုင်ငံရဲ့ Financial Sector တိုးတက်မှုက ထင်ထားတာထက် အများကြီး ပိုမြန်သွားပါမယ်။ ပြည်တွင်းဘဏ်တွေကလည်း နိုင်ငံခြားဘဏ်တွေ ဝင်လာပြီး ဒုက္ခရောက်မသွားအောင် အကန့်အသတ်နဲ့ ဖွင့်ခွင့်ပေးသွားမှာ ဖြစ်ပါတယ်။ ဒီလို အကန့်အသတ်တွေကလည်း ဒေသတွင်းနိုင်ငံတွေ လက်ခံထားတဲ့ နည်းလမ်းပါ။ အင်္ဂလိပ်လိုဆို Regional Acceptable Condition သတ်မှတ်တဲ့အတွက် နိုင်ငံခြားဘဏ်တွေလည်း ကျေနပ်တယ်။ ပြီးတော့ ပြည်တွင်းဘဏ်တွေကိုလည်း အကြီးအကျယ် ထိခိုက်မှု မရှိဘူး။ မြန်မာနိုင်ငံရဲ့ Financial Sector လည်း အများကြီး တိုးတက်လာနိုင်တဲ့အတွက် ကျွန်တော်တို့ ခေါ်တာကတော့ win-win-win situation ဖြစ်မယ်လို့ ကျွန်တော်ထင်ပါတယ်။ အကန့်အသတ်က ဘာတွေလည်းဆိုရင် Retail Banking ပေးမလုပ်ဘူးဆိုတဲ့ အကန့်အသတ်။ နောက်ပြီးတော့ မြန်မာတစ်နိုင်ငံလုံးမှာ Domestic Branch တစ်ခုပဲ ရှိရမယ်ဆိုတဲ့ အကန့်အသတ်မျိုးပေါ့။ ဥပမာ ထိုင်းနိုင်ငံမှာဆို နိုင်ငံခြားဘဏ်တွေကို Domestic Branch တစ်နိုင်ငံလုံးမှာမှ ငါးခုပဲ ပေးဖွင့်တယ် ဆိုတာတို့ ၁ဝ ခုပဲ ပေးဖွင့်တယ်ဆိုတာတို့ ရှိပါတယ်” ဟု ဦးဆက်အောင်က ပြောကြားသည်။

လက်ရှိ နိုင်ငံခြားဘဏ် ဖွင့်လှစ်ခွင့်ပြုရန် လုပ်ဆောင်နေမှုများအား အထူးသတိပြုရန် လိုအပ်ပြီး ပြည်တွင်းစီးပွားရေး လုပ်ငန်းရှင်များအား နိုင်ငံခြားဘဏ်များက ငွေပံ့ပိုးပေးနိုင်ရန် လုပ်ဆောင်မည်ဆိုခြင်း၊ နိုင်ငံတွင်းဘဏ်များကိုသာ ငွေကြေးပံ့ပိုးပေးနိုင်ရန် ပြည်ပဘဏ်များ ဖွင့်လှစ်ခွင့်ပြုမည်ဆိုခြင်းနှင့် ငွေကြေးအင်အား တောင့်တင်းသည့် ပြည်ပရင်းနှီးမြှုပ်နှံသူများအား ပံ့ပိုးပေးရန် လုပ်ဆောင်မည်ဆိုသည့် ပြဿနာများအား လက်တွေ့ကျကျ ဆောင်ရွက်နိုင်ရန်နှင့် တရုတ်၊ ဗီယက်နမ် အစရှိသည့် ဘဏ္ဍာရေးစနစ်အား အဓိက ပြုပြင်ပြောင်းလဲသည့် နိုင်ငံများအား လေ့လာရန်နှင့် သတိကြီးစွာထား၍ လုပ်ဆောင်ရမည်ဖြစ်ကြောင်း ဒေါက်တာအောင်ကိုကိုက သုံးသပ်သည်။

“လုပ်ငန်းတိုင်းက ငွေကြေးအရင်းအနှီး လိုအပ်နေကြတာ များပါတယ်။ လိုအပ်နေတာ များတဲ့အတွက် တောင်သူလယ်သမားပဲဖြစ်ဖြစ် ပြည်သူတွေပါ ချေးလို့ရရင်တော့ အဆင်ပြေတာပေါ့။ ကြားကနေ ပုဂ္ဂလိကဘဏ်တွေ ခံနေပြီး သူတို့ကမှတစ်ဆင့် နိုင်ငံခြားဘဏ်တွေဆီက ချေးငွေယူရမယ်ဆိုရင်တော့ ကျွန်တော်တို့အတွက် အတိုးနှုန်း ပိုလာမှာပေါ့။ ပုဂ္ဂလိကဘဏ်တွေ အတွက်တော့ အကျိုးပိုရှိနိုင်တယ်။ သူတို့အတွက် ကာကွယ်ပေးသလို ဖြစ်နေတယ်။ အဲဒီလိုဆိုတော့ ခုနက ကျွန်တော်ပြောတဲ့ ဆိုက်ကားသမားတို့၊ ခေါင်းရွက်ဗျပ်ထိုးတို့ အသေးစားအလတ်စား လုပ်ငန်းတွေအတွက် အတိုးနှုန်းက သက်သာမလာဘူး။ အဲဒီလို မဟုတ်ဘဲ နိုင်ငံခြားဘဏ်တွေမှာ ပြည်သူတွေနဲ့ စီးပွားရေးလုပ်ငန်းရှင်တွေက တိုက်ရိုက်ငွေချေးနိုင်မယ် ဆိုရင်တော့ ပြည်သူတွေအတွက် ကျွန်တော်တို့ တိုင်းပြည်အတွက် အကျိုးရှိမယ်လို့ ကျွန်တော်မြင်ပါတယ်” ဟု စီးပွားရေးလုပ်ငန်းရှင်ဖြစ်သူ ဒေါက်တာစိုးထွန်းက အကြံပြုသည်။

Eleven Media