ခွင့်ပြုချက်မရရှိဘဲ ကျောင်းစာသင်ခန်းအတွင်း ၀င်ရောက်သူအား ကျောင်းအုပ်ကြီးမှ အမှုဖွင့်အရေးယူ

ပို့စ်တင်ချိန် - 6/28/2014 04:46:00 AM


သတင်း၊ ကိုတိုးကြီး
ကသာ၊ ဇွန် ၂၈
စစ်ကိုင်းတိုင်းဒေသကြီး၊ ကသာမြို့နယ်၊ အောက်ဝဲကြီးကျေးရွာရှိ အမှတ်(၁၀) အခြေခံပညာအလယ်တန်း ကျောင်းခွဲဝင်းအတွင်း၌ သက်ဆိုင်ရာကျောင်းအုပ်ဆရာမကြီး၏ ခွင့်ပြုချက်မရရှိဘဲ ဇွန်လ ၂၆ ရက်နေ့ မနက် ၈ နာရီအချိန်က ပထမတန်းစာသင်းခန်းအတွင်းသို့ ၀င်ရောက်လာသူ အမျိုးသမီးတစ်ဦးကို ရဲစခန်း၌ အမှုဖွင့်အရေးယူလိုက်သည်ဟု တိုင်းဒေသကြီးရဲတပ်ဖွဲ့မှူးရုံးရှိ ရဲအရာရှိတစ်ဦးမှ ပြောပြသည်။
ခွင့်ပြုချက်မရရှိဘဲ စာသင်ခန်းအတွင်းသို့ ကျူးကျော်ဝင်ရောက်ခဲ့သူမှာ အသက်(၁၉)နှစ်အရွယ် အမျိုးသမီး တစ်ဦးဖြစ်သည်။ စာသင်ခန်းအတွင်းသို့ ခွင့်ပြုချက်မရရှိဘဲ ၀င်ရောက်ခဲ့ခြင်းမှာ ကျောင်းသူ မမြယမင်း ရွှေရည် ဆိုသူအား လိုက်လံရှာဖွေခဲ့ခြင်းဖြစ်သည်ဟု ကျောင်းအုပ်ဆရာမကြီး ဒေါ်ကြင်စိန်က အမှုစစ်ရဲအ ရာရှိဖြစ်သူ ဒုရဲအုပ် သိန်းထွန်းမြင့်ထံပြောကြားခဲ့သေးသည်။
ထို့ကြောင့် ကသာမြို့မရဲစခန်းက ကျောင်းအုပ်ဆရာမကြီး၏ တိုင်တန်းချက်အား (ပ) ၁၁၇/ ၂၀၁၄ ပြစ်မှု ပုဒ်မ ၄၅၃ အရ အမှုဖွင့်ဆောင်ရွက်ခဲ့ခြင်းဖြစ်ကြောင်း ၎င်းရဲစခန်းမှ သိရသည်။ ထိုမျှမက ခွင့်ပြုချက်မရရှိဘဲ စာသင်ခန်းအတွင်းသို့ ကျူးကျော်ဝင်ရောက်ခဲ့သူ အသက်(၁၉)နှစ်အရွယ် အမျိုးသမီး တစ်ဦးဖြစ်သူမှာ ဇွန် လ ၂၅ ရက်နေ့ နေ့လည် ၁ နာရီခွဲအချိန်က ကသာမြို့၊ အမှတ်(၁) အခြေခံပညာအထက်တန်းကျောင်းတွင် သတ္တမတန်းကျောင်းပညာများကို သင်ယူလျက်ရှိသော ကျောင်းသူ မစုရတီဇော် အသက်(၁၃)နှစ်ဆိုသူကို “ ဟာသဆိုင်” သို့ပြပေးရန်အတွက်ဟုဆိုကာ ဆိုင်ကယ်ဖြင့် တင်ဆောင်၍ မောင်းနှင်ထွက်ပြေးခဲ့သေးသည်။
ထို့အချိန်တွင် (၇)တန်းကျောင်းသူမလေး မစုရတီဇော် မှ ဆိုင်ကယ်အား ရပ်တန့်ခိုင်းသော်လည်း ရပ်တန့် ပေးခြင်းမရှိခဲ့သဖြင့် ဆိုင်ကယ်ပေါ်မှ ခုန်ခြထွက်ပြေးခဲ့ရသည်။ ဆိုင်ကယ်ပေါ်မှ ခုန်ချထွက်ပြေးခဲ့ရသည့်အ တွက်လည်း ညာဘက်လက်ဆစ်၊ ပခုံး၊ နှင့် တင်ပါးနေရာများတွင် ပေါက်ပြဲပွန်းပဲ့ဒဏ်ရာများရရှိခဲ့သည်။
ထို့ကြောင့် ကျောင်းဆရာမ ဒေါ်အေးအေးမြိုင်မှ ကျောင်းသူမလေး၏ အုပ်ထိန်းသူများထံ ဖုန်းဆက်၍ အကြောင်းကြားခဲ့ရသေးသည်။ မိဘ/အုပ်ထိန်းသူများ၏ ခွင့်ပြုချက်မရရှိဘဲ ကျောင်းသူမလေးတစ်ဦးအား ဆိုင်ကယ်ဖြင့် တင်ဆောင်ခေါ်ယူမောင်းနှင်သွားခဲ့သူအား ကျောင်းအုပ်ဆရာမကြီး ဒေါ်ကြင်စိန်မှ တရားလို ပြုလုပ်၍ ရဲစခန်း၌ တိုင်တန်းခဲ့ရာ ၎င်းတိုင်တန်းချက်အား ကသာမြို့မရဲစခန်းက(ပ) ၁၁၆/၂၀၁၄ ပြစ်မှုပုဒ်မ ၃၆၃ အရ အမှုဖွင့်ဆောင်ရွက်လျက်ရှိကြောင်း ၎င်းရဲစခန်းမှ သိရသည်။

ကိုတိုး ချင်းတွင်း