မီဒီယာများ အပေါ် ဆက်ဆံရေး ပြောင်းလဲခြင်းမဟုတ်ဟု နိုင်ငံ ဂုဏ်ဆောင် မေမြတ်နိုး ငြင်းဆို

ပို့စ်တင်ချိန် - 6/25/2014 09:20:00 AM


ကိုရီးယားနိုင်ငံတွင် ကျင်းပခဲ့သည့် Miss Asia Pacific World 2014 ဆုရရှိခဲ့သည့်အပြင် Popularity Award နှင့် Missosologists Choice Award တို့ကို ရရှိခဲ့သည့် အလှမယ်မေမြတ်နိုးသည် ၎င်း၏ အနုပညာ လှုပ်ရှားမှုများနှင့် ပက်သက်ပြီး စာနယ်ဇင်းမီဒီယာများက ဆက်သွယ်မေးမြန်းရာ ဆက်ဆံရေး ပြောင်းလဲ လာသည်ဟု မီဒီယာများ၏ အသံများ ထွက်ပေါ်လာခဲ့သည်။ ယင်းကိစ္စကြောင့် အလှမယ်မေမြတ်နိုးသည် မီဒီယာများအပေါ် ဆက်ဆံရေးပြောင်းလဲခြင်း မဟုတ်ဟု ပွင့်လင်းစွာပြောသည်။

” အဲဒီလို ပြောင်းလဲ သွားတာတော့ မဟုတ်ပါဘူး၊ တကယ်ကို မအားလို့ပါ။ မြတ်နိုး ကိုရီးယားမှာ သွားမပြိုင်ခင် ကတည်းက ကြော်ငြာတွေ ရိုက်ဖြစ် တယ်။ ပြန်လာတော့ အဲဒါတွေကို လက်စသတ် ရတယ်။ ပြီးတော့ ဓါတ်ပုံဆရာတွေနဲ့ ဓါတ်ပုံရိုက်ဖို့ ချိတ်ထား တာတွေ ရှိတော့ ဓါတ်ပုံတွေရိုက်တယ်။ စာနယ်ဇင်းတွေကို အင်တာဗျုးဖို့ ရက်ပေးထား တာတွေကိုလည်း အင်တာဗျုးတွေ ဖြေပေးတယ်။ အဲဒါတွေကြောင့် တကယ်ကို မအားလပ်လို့ ဖုန်း လဲမကိုင်ဖြစ်တာပါ” ဟု မေမြတ်နိုးကပြောသည်။

အလှမယ်မေမြတ်နိုးသည် အနုပညာ လှုပ်ရှားမှုများ များပြား လာခြင်းကြောင့် စာနယ်ဇင်းသမားများနှင့် မီဒီယာသမားများသည် စိတ်ဝင်စားစွာ ၎င်း၏ အနုပညာ လှုပ်ရှားမှုများကို သတင်းယူကြခြင်း ဖြစ်သော်လည်း ၎င်းအနေဖြင့် အနုပညာအလုပ်များ မအားလပ်ခြင်းကြောင့် နောက်ပိုင်းတွင် အင်တာဗျူး များ နှင့်၎င်း၏ သတင်းများကို သေချာစွာ ဖြေကြား နိုင်ခြင်းမရှိဟု စာနယ်ဇင်းများက ပြောဆိုကြသည်။

မေမြတ်နိုးသည် ကိုရီးယားနိုင်ငံတွင် ရိုက်ကူးမည့် ရုပ်သံဇာတ်လမ်းတွဲများ ပါဝင် သရုပ်ဆောင်မည်ဖြစ်ပြီး ယင်းနိုင်ငံက ပေးအပ် ချီးမြင့်သည့် ” Korea Film Actor’s Association (KAA) ကိုလည်း ရရှိခဲ့သူဖြစ်သည်။.

၎င်းသည် ဆာတိုရီ ဗီဒီယိုထုတ်လုပ်ရေးမှ ရိုက်ကူးမည့် ဗီဒီယို ဇာတ်လမ်းတွင် မင်းသား ဒေါင်းနှင့်အတူ ပါဝင် သရုပ်ဆောင်မှာဖြစ်ပြီး ရုပ်ရှင်ကားကြီး တစ်ကား ရိုက်ကူးရန်လည်း ကမ်းလှမ်းခံ ခြင်းခံရသူဖြစ်သည်။

Mizzima Burmese