တောင်ငူမြို့ ဇေယျာ သီရိ မိဘမဲ့ အမျိုးသမီးဂေဟာ အစာအဆိပ်သင့်မှု ဖြစ်စဉ်နှင့် စပ်လျဉ်း၍ ကျန်းမာရေးဝန်ကြီးဌာန၏ ထုတ်ပြန်ကြေညာချက်

ပို့စ်တင်ချိန် - 6/14/2014 11:18:00 AM


၂၆-၅-၂၀၁၄ရက်နေ့ထုတ် The Street View ဂျာနယ်(အတွဲ-၃၊အမှတ် ၁၉)မျက်နှာဖုံး သတင်းခေါင်းစဉ် နှင့် စာမျက်နှာ(၆)တွင် စားသုံးသူကာကွယ်ရေးဥက္ကဋ္ဌ ဦးဗအုပ်ခိုင်နှင့် တွေ့ဆုံမေးမြန်းခြင်းသတင်းဖော်ပြချက်၌ “ပြည်ပသွင်းကုန် ဒီးဒို အချိုရည်အစာအဆိပ်သင့်မှုက FDA နဲ့ ကျန်းမာရေးဝန်ကြီးဌာနတာဝန်မဲ့မှုကိုဖော်ပြ” ဆိုသည့်ခေါင်စဉ်ဖြင့် အဆိုပါအစာအဆိပ်သင့်မှုဖြစ်စဉ်မှာ DeeDo အချိုရည်ကြောင့်ဖြစ်ကြောင်း ဦးဗအုပ်ခိုင်၏ ပြောဆိုချက်များကို သတင်းရေးသားသူ စန္ဒီထွဏ်းနှင့် ဖြူဖြူခိုင်က ရေးသားဖော်ပြခဲ့သည်။

ဖြစ်စဉ်အမှန်မှာ ပဲခူးတိုင်းဒေသကြီး တောင်ငူမြို့ ဇေယျာသီရိ မိဘမဲ့အမျိုးသမီးဂေဟာတွင် မေ ၁၉ရက်၌ အစာအဆိပ်သင့်မှုဖြစ်စဉ် ဖြစ်ပွားခဲ့ပါသည်။ အဆိုပါဖြစ်စဉ်တွင် အစာအဆိပ်သင့်လက္ခဏာခံစားရသူ ၆၈ ဦး ရှိပြီး အသေအပျောက်မရှိပါ။ အဆိုပါ ၆၈ဦးအနက် ၄၆ဦးမှာ တောင်ငူဆေးရုံတွင် ပြင်ပလူနာအဖြစ် ကုသမှုခံယူခဲ့ ပြီး ၂၂ဦးကို အတွင်းလူနာအဖြစ် စောင့်ကြည့်ကုသမှုပေးခဲ့သည်။ ထိုနေ့နံနက်က ဆန်ပြားသုပ်နှင့် DeeDo အချိုရည်(နာနတ်၊လိုင်ချီး) တိုက်ကျွေးခဲ့ကြောင်း စိစစ်တွေ့ရှိရပြီး ကျွေးမွေးသောဆန်ပြားသုပ်နမူနာ၊ DeeDo အချိုရည်နမူနာ၊ ဖျော်စပ်သော၊ တိုက်ကျွေးသောရေနမူနာများ၊ အစားအသောက်ကိုင်တွယ်သူများ၏ လက်၊ နှာခေါင်းတို့ဖတ်နမူနာများ၊ လူနာများ၏အန်ဖတ်၊ စအိုတို့ဖတ်နမူနာများကို ပြည်သူ့ကျန်းမာရေး ဓာတ်ခွဲမှုဆိုင်ရာ ဌာနတွင် ဓာတ်ခွဲစစ်ဆေးခဲ့ပါသည်။

စိစစ်စစ်ဆေးတွေ့ရှိချက်အရ ဆန်ပြား(မုန့်ဟင်းခါး၊ ညှပ်ဖတ်) သုပ်နမူနာတွင် အစာအဆိပ်သင့်စေသော ဗက်တီးရီးယားပိုးနှင့် ပိုးအဆိပ်ပါဝင်ကြောင်း စစ်ဆေးတွေ့ရှိရပါသည်။ သောက်သုံးရေနှင့် DeeDo အချိုရည် (နာနတ်၊ လိုင်ချီး)၊ အန်ဖတ်၊ လက်/နှာခေါင်း၊ စအိုတို့ဖတ်နမူနာများမှ ဗက်တီးရီးယားပိုးနှင့် ပိုးဆိပ်များ ပေါက်ပွားမှုမရှိကြောင်း စစ်ဆေးတွေ့ရှိရပါသည်။

သို့ဖြစ်ပါ၍ အဆိုပါဖြစ်စဉ်အကြောင်းရင်းမှာ ပိုးမွှားများပေါက်ပွားနေသော ဆန်ပြား၊ (မုန့်ဟင်းခါး၊ ညှပ်ဖတ်) သုပ် စားသုံးမှုကြောင့်ဖြစ်ပြီး သောက်သုံးရေနှင့် DeeDo အချိုရည်(နာနတ်၊ လိုင်ချီး)သောက်သုံးမှုကြောင့် မဟုတ် ပါကြောင်း ထုတ်ပြန်ကြေညာအပ်ပါသည်။
ကျန်းမာရေးဝန်ကြီးဌာန

MOI Webportal Myanmar