မိုးရွာတဲ့နေ့က အဘိုးအိုတစ်ယောက်

ပို့စ်တင်ချိန် - 6/23/2014 09:06:00 AM


အဲ့နေ့က မိုးရွာပြီးစမို့ လမ်းတွေကစိုနေပါတယ်။ သူငယ်ချင်းတစ်ယောက်နဲ့အတူ ကျွန်တော်က ကားထဲမှာ ထိုင်နေတာပါ။ ကျွန်တော်တို့ရှေ့ ခပ်လှမ်းလှမ်းမှာက အဘိုးကြီး တစ်ယောက်ပါ။ လက်ထဲမှာလည်း တုတ်တစ်ချောင်းနဲ့။ သူ့ကြည့်ရတာ သနားစရာပုံပါ။ ဒီတုတ်နဲ့ သူက အနိုင်နိုင် ရပ်နေရပုံ ပါပဲ။

ကျွန်တော့်မှာ လူအိုကြီးတွေနဲ့ပက်သက်လာရင် အားနည်းချက် ရှိပါတယ်။ ဒီလို လူအိုကြီးတွေမြင်ရင် ဘာကြောင့်မှန်းမသိပဲ ဝမ်းနည်း တတ်ပါတယ်။ သူတို့ကို စောင့်ရှောက်ပေးမဲ့ မိသားစုမရှိဘဲ လမ်းပေါ်မှာ တောင်းနေတာတို့၊  တစ်ခုခု ရောင်းနေတာတို့တွေ့ရင် ကျွန်တော့်စိတ်က ပိုဆိုးပါတယ်။

အဘိုးကြီးနား မရောက်မီ ကျွန်တော်တို့ရှေ့မှာ ကားတစ်စီးရှိပါတယ်။ သူ့ကိုပေးဖို့ ကျွန်တော်လည်းလက်ထဲမှာ ပိုက်ဆံကိုင်ထား လိုက်ပါတယ်။ ရှေ့ကားထဲက ဒရိုင်ဘာကလည်း ကားထဲကနေ ပိုက်ဆံကို ပစ်ပေးပါတယ်။ သူ တမင်တကာပဲ လုပ်တာလား။ မတော်မဆပဲလားတော့ မသိပါဘူး။ ပိုက်ဆံက အဘိုးကြီးမျက်နှာကိုမှန်ပြီး လမ်းပေါ်က ရေအိုင်ထဲ ကျသွားပါတယ်။

အဘိုးကြီးက ကျသွားတဲ့ ပိုက်ဆံကို လှမ်းကြည့်နေပါတယ်။ အနိုင်နိုင်ရပ်နေတဲ့သူက ကုန်းကောက်ဖို့ဆိုရင် တော်တော်အားစိုက် ရပါလိမ့်မယ်။
သူကုန်းကောက်ဖို့ လုပ်နေတုန်း ကျွန်တော်လည်း ကားတံခါးဆွဲဖွင့်ပြီး သွားကောက် ပေးလိုက်ပါတယ်။ ပိုက်ဆံကိုလည်း ကျွန်တော့် ဂျင်းဘောင်းဘီနဲ့ သုတ်ပေး လိုက်ပါတယ်။ သူ့အတွက် ရည်ရွယ်ထားတဲ့ ကျွန်တော့်ပိုက်ဆံကိုလည်း ပေးလိုက်ပါတယ်။

ကျွန်တော်က လူတွေကို အကျိုးအမြတ်ရလိုမှုနဲ့လည်း ကူညီခဲ့ဖူးပါတယ်။ ကူညီမိမှန်းတောင် မသိဘဲနဲ့လည်း ကူညီဖူးပါတယ်။ ဒါတွေက အရေးမကြီးပါဘူး။ ကျွန်တော်ပြောချင်တာ ဒီအဘိုးကြီးရဲ့မျက်လုံးပါ။ သူ ကျွန်တော့်ကို ကျေးဇူးတင်ဝမ်းသာပြီး ကြည့်လိုက်တဲ့မျက်လုံးက တစ်ဖက်သားကို ကူညီလို့ရလိုက်တဲ့ ဆုလဒ်တွေထဲမှာ ကျွန်တော်တစ်ခါမှ မမြင်ခဲ့ဘူးတဲ့ ဆုလာဒ်ပါ။

သူက စကားတွေ တတွတ်တွတ် ပြောနေပါတယ်။ ကျွန်တော့်အတွက် ဆုတောင်းပေးနေတာ ထင်ပါတယ်။ ဒါပေမဲ့ သူပြောနေတဲ့စကားတွေက မသဲကွဲတာကြောင့် ကျွန်တော် နားမလည်ပါဘူး။ သူ့မျက်လုံးတွေကို ကျွန်တော်မကြည့်ရဲပါဘူး။ ကားဘက်ဆီ ကျွန်တော်ပြန်ပြေးခဲ့ပါတယ်။ ကားထဲရောက်တာနဲ့ ကျွန်တော် ငိုချလိုက်ပါတယ်။

ငိုရလောက်အောင်ဖြစ်ခဲ့တဲ့ ကျွန်တော့်ခံစားချက်ကိုလည်း ကောင်းကောင်းရှင်းမပြနိုင်ပါဘူး။
အခက်အခဲဖြစ်နေတဲ့ အဘိုးကြီးတစ်ယောက်အနေနဲ့ သူကတော့ လှိုက်လှိုက်လှဲလှဲ ကျေးဇူးတင်တဲ့ အကြည့်တွေနဲ့ ကြည့်ခဲ့တာပါ။

ဒါပေမဲ့ အိုမင်းမစွမ်းတဲ့ အဘိုးကြီးတစ်ယောက်ရဲ့ ကျေးဇူးတင်ဝမ်းသာသွားတဲ့ အကြည့်က ကျွန်တော့်ကို ငိုလောက်အောင်ဖြစ်သွားခဲ့တယ် ဆိုတာ သူမသိပါဘူး။
တစ်ခါတစ်လေ မိုးရွာလို့ ကားမောင်းလာရင်း အဘိုးကြီး အဘွားကြီးကိုတွေ့ရင် ဒီအဘိုးကြီးကို
ကျွန်တော် သတိရနေတုန်းပါပဲ….



Credit:photutaw