တက္ကသိုလ်ဆရာ၊ ဆရာမများ ရာထူးတိုးနှင့် အပြောင်းအရွှေ့ နှစ်ပတ်အတွင်း ကြေညာမည်ဟုဆို

ပို့စ်တင်ချိန် - 6/07/2014 10:55:00 AM


ပညာရေးဝန်ကြီးဌာန သည် တက္ကသိုလ်ဆရာ၊ ဆရာမများ၏ ရာထူးတိုး နှင့် အပြောင်းအရွှေ့အစီ အစဉ်ကို လာမည့်နှစ်ပတ်အတွင်း ကြေညာနိုင်ရန် ဆောင်ရွက်နေကြောင်း အဆင့်မြင့်ပညာဦးစီး ဌာန(အောက်မြန်မာပြည်) မှ တာဝန်ရှိသူတစ်ဦးက ပြောသည်။

တက္ကသိုလ်ဆရာ၊ ဆရာမ များ၏  ရာထူးတိုးပြောင်းရွှေ့မှု ဆိုင်ရာ မူဝါဒကိုလည်း အရည်အ ချင်းပေါ် အခြေခံသော စနစ်သို့ ပြောင်းလဲကျင့်သုံးရန် စီစဉ်နေပြီး တက္ကသိုလ်ဆရာ၊ ဆရာမများကို ပွင့်လင်းမြင်သာစွာ အသိပေး သွားမည်ဖြစ်ကြောင်း ၎င်းကဆိုသည်။

လက်ရှိအချိန်တွင် ပညာရေး ၀န်ကြီးဌာနသည် တက္ကသိုလ် ဆရာ၊ဆရာမများ ရာထူးတိုးအပြောင်းအရွှေ့ရေးဆောင်ရွက်ရာတွင် ကျင့်သုံးသောမူဝါဒများကို ဆရာ၊ ဆရာမသို့ပထမဆုံးအကြိမ်ချပြ၍ သဘောဆန္ဒတောင်းခံထားသည်။

 အဆိုပါ မူဝါဒများသည် တက္ကသိုလ်ဆရာ၊ ဆရာမများ၏ လုပ်သက်ပေါ် အဓိကအခြေခံနေ ခြင်းကြောင့် အရည်အချင်းပေါ် အခြေခံသော မူဝါဒများဖြစ်လာ စေရန် သဘောဆန္ဒတုံ့ပြန်ထား ကြောင်း တက္ကသိုလ်ဆရာမတစ် ဦးက ပြောသည်။

ယခုနှစ်အတွင်း ပညာရေး ၀န်ကြီးဌာနသည် ပါမောက္ခချုပ် ရာထူး  နှစ်နေရာနှင့်  ဒုတိယ ပါမောက္ခချုပ်နှင့် ပါမောက္ခရာထူး နေရာ ၃၀ ခန့်ကို အပြောင်းအလဲ ပြုလုပ်ခဲ့ပြီးနောက် အခြားဆရာ၊ ဆရာမရာထူးနေရာများအတွက် ရာထူးတိုးနှင့် နေရာအပြောင်း အလဲကြေညာရန် နှောင့်နှေးနေ ခြင်းဖြစ်သည်။

နေလင်းထွန်း
7day daily