နိုင်ငံတော်သမ္မတ၏ ပြောရေးဆိုခွင့်ရှိသူ ဦးရဲထွဋ်က Facebook တွင် ဒေါ်အောင်ဆန်းစုကြည်အား ပုဂ္ဂိုလ်ရေးအပုပ်ချထားသည့် ဓာတ်ပုံအတုကို Share ခဲ့သော ဇနီးသည်နှင့်ပတ်သက်ပြီး တောင်းပန်ခဲ့မှုကို ဘီဘီစီသတင်းဌာန ပြန်လည်ဖော်ပြ

ပို့စ်တင်ချိန် - 6/11/2014 11:48:00 AM

ဇွန် ၉ ရက်က ဘီဘီစီသတင်းဌာန၏ ၀က်ဘ်ဆိုက်စာမျက်နှာတွင် ဖော်ပြထားမှုအား တွေ့ရစဉ်



နိုင်ငံတော်သမ္မတ ဦးသိန်းစိန်၏ ပြောရေးဆိုခွင့်ရှိသူ ဦးရဲထွဋ်က Facebook တွင် ဒေါ်အောင်ဆန်းစုကြည်အား ပုဂ္ဂိုလ်ရေးအပုပ်ချထားသည့် ဓာတ်ပုံအတုကို Share လုပ်ခဲ့သော ဇနီးသည်နှင့်ပတ်သက်ပြီး တောင်းပန်ခဲ့ရခြင်းကို ဘီဘီစီသတင်းဌာန၏ အင်္ဂလိပ်ဝက်ဘ်ဆိုက်စာမျက်နှာ၌ ဇွန် ၉ ရက်တွင် သတင်းပြန်လည်ဖော်ပြခဲ့သည်။

အဆိုပါကိစ္စရပ်နှင့်ပတ်သက်သောသတင်းကို ဇွန် ၆ ရက်က ဧရာဝတီသတင်းဌာန၏ အင်္ဂလိပ်ဝက်ဘ်ဆိုက်စာမျက်နှာ၌ သတင်းဖော်ပြခဲ့ပြီးနောက် သုံးရက်အကြာတွင် ဘီဘီစီက ထပ်မံဖော်ပြခဲ့ခြင်းဖြစ်သည်။

သမ္မတ၏ပြောရေးဆိုခွင့်ရှိသူ ဦးရဲထွဋ်၏ဇနီးသည် ဒေါ်ခင်စန္ဒာထွန်းသည် ဇွန်၅ရက်တွင် ၎င်း၏ Facebook စာမျက်နှာ၌ ဒေါ်အောင်ဆန်းစုကြည်အား ပုဂ္ဂိုလ်ရေးအပုပ်ချထားသည့် ဓာတ်ပုံတုတစ်ပုံကို Share ခဲ့ခြင်းဖြစ်သည်။

ထိုကဲ့သို့ ပြုလုပ်ခဲ့ခြင်းအပေါ် Facebook သုံးစွဲသူများက ပြင်းပြင်းထန်ထန်ဝေဖန်ခဲ့ပြီးနောက် ဇွန် ၆ ရက်တွင် ဦးရဲထွဋ်က ၎င်း၏ Facebook မှတစ်ဆင့် ဇနီးသည်၏အပြုအမူအပေါ် တောင်းပန်ခဲ့သည်။

“ကျွန်တော့်ဇနီးသည်ရဲ့ Facebook စာမျက်နှာမှာ မနေ့ကမျှဝေထားတဲ့ ပို့စ်တစ်ခုဟာ ဒေါ်အောင်ဆန်းစုကြည်ကို ပုဂ္ဂိုလ်ရေးအရ တိုက်ခိုက်ရာရောက်တဲ့ ဓာတ်ပုံပါဝင်နေတာတွေ့ရပါတယ်” ဟု ဦးရဲထွဋ်က ဇွန် ၆ ရက်တွင် ၎င်း၏ Facebook ၌ရေးသားခဲ့သည်။

ထို့ပြင် ဒေါ်အောင်ဆန်းစုကြည်ကိုလည်းကောင်း၊ ဒေါ်အောင်ဆန်းစုကြည်ကို ချစ်ခင်မြတ်နိုးထောက်ခံသူများကိုလည်းကောင်း တောင်းပန်ကြောင်း ဦးရဲထွဋ်က ထည့်သွင်းရေးသားခဲ့သည်။

ဦးရဲထွဋ်က ဇနီးသည်၏ အပြုအမူအပေါ်တောင်းပန်ခဲ့သော်လည်း ထိုတောင်းပန်ချက်ရေးသားထားသော ပို့စ်အောက်တွင် comment ၀င်ရောက်ရေးသားခဲ့သူများက သံသယဖြင့် တုံ့ပြန်ရေးသားခဲ့သည်။

သမ္မတ၏ ပြောရေးဆိုခွင့်ရှိသူ ဦးရဲထွဋ်သည် မကြာသေးမီအချိန်က ဖွဲ့စည်းပုံအခြေခံ ဥပဒေပုဒ်မ ၄၃၆ ပြင်ဆင်ရေးနှင့်ပတ်သက်၍ ဟောပြောမှုများ ပြုလုပ်နေသော ဒေါ်အောင်ဆန်းစုကြည်၏ ပြောဆိုမှုများအား ကလေးဆန်သည်ဟု တရားဝင်မှတ်ချက်ပြု ပြောဆိုခဲ့သူဖြစ်သည်။

ဦးရဲထွဋ်သည် ဒေါ်အောင်ဆန်းစုကြည်နှင့်ပတ်သက်သော အမြင်များကို ပြောဆိုရာ၌ မေးခွန်းထုတ်စရာများရှိနေခဲ့ပြီး အခြားတစ်ဖက်တွင်လည်း Facebook ပေါ်တွင် ဒေါ်အောင်ဆန်းစုကြည်အား ပုဂ္ဂိုလ်ရေးအပုပ်ချတိုက်ခိုက်မှုများ ပြုလုပ်လေ့ရှိသည့် ၀ါဒဖြန့်ချိရေးသမားများသည် ဦးရဲထွဋ်၏ ညွှန်ကြားမှုအောက်၌ လုပ်ဆောင်နေခြင်းဖြစ်သည်ဆိုသော သတင်းများလည်း ထွက်ပေါ်ခဲ့ဖူးသည်။

အထူးသဖြင့် လွှတ်တော်ကို ပုတ်ခတ်စော်ကားသည်ဟုဆိုကာ ၂၀၁၃ ခုနှစ် နှစ်ဆန်းပိုင်းက စုံစမ်းရေးကော်မရှင်ဖွဲ့ စစ်ဆေးခဲ့ရသည့် Voice of Myanmar ဘလော့နှင့် ဘလော့ဂ်ရေးသူ ဒေါက်တာဆိတ်ဖွားသည် ဦးရဲထွဋ်ဖြစ်ကြောင်း ပြောကြားမှုများရှိခဲ့သည်။ ဒေါက်တာဆိတ်ဖွားသည် ဒေါ်အောင်ဆန်းစုကြည်အား အပုပ်ချတိုက်ခိုက်ရေးသားသည့် စာများအား သုံးနှစ်ကြာ ဆက်တိုက်ရေးသားခဲ့သူဖြစ်ပါသည်။

ဒေါက်တာဆိတ်ဖွားအား စုံစမ်းစစ်ဆေးရာ၌ လွှတ်တော်စုံစမ်းရေးကော်မရှင်က ဦးရဲထွဋ်ကို ခေါ်ယူမေးမြန်းမှုပြုလုပ်ခဲ့ရာ ဒေါက်တာဆိတ်ဖွားမဟုတ်ကြောင်း ဦးရဲထွဋ်က ငြင်းဆိုခဲ့သည်။ သို့သော် လွှတ်တော်စုံစမ်းရေးကော်မရှင်က မေးမြန်းခဲ့ရာတွင် ပါဝင်ခဲ့သော Eleven Media Group ကမူ ဒေါက်တာဆိတ်ဖွားသည် ဦးရဲထွဋ်ဖြစ်သည်ဟု ယုံကြည်ကြောင်း တထစ်ချပြောကြားခဲ့သည်။ Eleven Media Group ကို ခေါ်ယူမေးမြန်းချိန်တွင်ရှိနေခဲ့သော စုံစမ်းရေးကော်မရှင်အဖွဲ့ဝင် အမျိုးသားလွှတ်တော်ကိုယ်စားလှယ် (ယခင် ပြန်ကြားရေးဝန်ကြီးဌာန ပိတောက်မြေရေဒီယိုတွင် သုံးနှစ်ကြာတာဝန်ထမ်းဆောင်ခဲ့ဖူးသူ) ဦးလှဆွေက Eleven Media Group ၏ ပြောကြားချက်များကိုထောက်ခံပြီး ဦးရဲထွဋ်သည် ဒေါက်တာဆိတ်ဖွားဖြစ်နိုင်ကြောင်း ၀င်ရောက်ဖြည့်စွက်ပြောကြားခြင်း ရှိခဲ့သည်။

ဒေါက်တာဆိတ်ဖွား မည်သူမည်ဝါကို ဖော်ထုတ်ရန်အတွက် ဖွဲ့စည်းခဲ့သော လွှတ်တော်စုံစမ်းရေးကော်မရှင်၏ အပြီးသတ်အစီရင်ခံစာအရ ဒေါက်တာဆိတ်ဖွားမည်သူဆိုသည်ကို အတိအကျပြောဆိုခဲ့ခြင်း မရှိသော်လည်းနှင့် ဒေါက်တာဆိတ်ဖွားသည် ၀ါဒဖြန့်ချိရေးအုပ်စုတစ်စုတွင် ပုဂ္ဂိုလ်တစ်ဦးဖြစ်နိုင်ကြောင်း ပြောဆိုခဲ့သည့်အပြင် “ဒေါက်တာဆိတ်ဖွား၏ လုပ်ဆောင်မှုသည် အမှောင်ထဲက ခဲဖြင့်ပေါက်ခြင်းသာဖြစ်နေပြီး အမှန်တရားကို တာဝန်ယူရင်ဆိုင်ဖြေရှင်းရဲသူမဟုတ်ဟု ယူဆကြောင်း” ပြည်ထောင်စုလွှတ်တော်နာယက ဦးခင်အောင်မြင့်ကလည်း ပြောကြားခဲ့သည်။

သို့သော် စုံစမ်းစစ်ဆေးရေးကော်မရှင်၏ အစီရင်ခံစာအရ ဒေါ်အောင်ဆန်းစုကြည်နှင့် ဒီမိုကရေစီအင်အားစုများကိုဝေဖန်ပြီး အစိုးရမူဝါဒများကောင်းကြောင်း ၀ါဒဖြန့်ချိရေးလုပ်ခဲ့သည့် ပိတောက်မြေရေဒီယိုမှာ ပြန်ကြားရေးဝန်ကြီးဌာနမှ သီးသန့်လုပ်ကိုင်ခဲ့ခြင်းဖြစ်ကြောင်း ပေါ်ပေါက်ခဲ့သည်။ အစီရင်ခံစာအရ ပိတောက်မြေရေဒီယိုကို ပြန်ကြားရေးဝန်ကြီးဟောင်း ဦးကျော်ဆန်းက တိုက်ရိုက်ကိုင်တွယ်ခဲ့ပြီး အသံထုတ်လွှင့်ချက် ရေးသားသူများထဲတွင် ဦးမြတ်သူ၊ ဦးကိုကိုလှိုင်တို့နှင့်အတူ ဦးရဲထွဋ်လည်း ပါဝင်ခဲ့ကြောင်း သိရသည်။

ဦးရဲထွဋ်သည် ပြန်ကြားရေးဝန်ကြီးဟောင်း ဦးကျော်ဆန်းလက်ထက်တွင် အစိုးရ၏ ၀ါဒဖြန့်ချိရေးဌာနကို ကိုင်တွယ်ခဲ့သူဖြစ်ကြောင်းသိရပြီး သမ္မတဦးသိန်းစိန်အစိုးရလက်ထက်တွင် ပြန်ကြားရေးဝန်ကြီးဌာန၊ ဒုတိယ၀န်ကြီးဖြစ်လာသည့်အပြင် သမ္မတ၏ပြောရေးဆိုခွင့်ရှိသူတာဝန်ကိုပါ ရရှိခဲ့သူဖြစ်သည်။ ဘီဘီစီသတင်းဌာန၏ သတင်းဖော်ပြချက်တွင် ဦးရဲထွဋ်အား “Facebook Minister” ဟု သုံးနှုန်းခဲ့သည်။ – See more at:

Eleven Media