ဖောက်ထွင်းခဲ့သည့် အိမ်ရှိ ကွန်ပျူတာတွင် Facebook သုံးခဲ့သော ဖောက်ထွင်းရေးသမား ဖမ်းဆီးခံရ

ပို့စ်တင်ချိန် - 6/25/2014 04:22:00 PM



မင်နက်ဆိုတာပြည်နယ် တွင် နေထိုင်သူ အသက် ၂၆ နှစ် အရွယ် အမျိုးသား တစ်ဦးသည် ၎င်း ဖောက်ထွင်း ခဲ့သည့် အိမ်တွင် Facebook အသုံးပြုပြီး log out မလုပ်ခဲ့သောကြောင့် ရဲအဖွဲ့၏ ဖမ်းဆီးခြင်းကို ခံခဲ့ရကြောင်း သိရသည်။

နီကိုလပ်စ်ဝစ်ခ်ျ ဟုခေါ်သည့် ဖောက်ထွင်းရေး သမားသည် ဇွန်လ ၁၉ ရက်က စိန့်ပေါလ်တောင်ဘက် ရှိ နေအိမ် တစ်အိမ် တွင် ဖောက်ထွင်းမှု တစ်ရပ် ပြုလုပ် ခဲ့ပြီး ၎င်းနေအိမ်ရှိ ကွန်ပျူတာတွင် Facebook အသုံးပြု ခဲ့ကြောင်း၊ သို့သော်လည်း log out ပြုလုပ်ရန် မေ့လျော့ သွားခဲ့ကြောင်း အာဏာပိုင်များ က ပြောကြား ခဲ့သည်။

ထို့နောက်တွင် အိမ်ပိုင်ရှင် ဂျိမ်းစ်ဝုဒ်က ၎င်း၏အိမ် ဖောက်ထွင်း ခံရကြောင်းကို သတိပြုမိပြီး နေအိမ်မှ ငွေသားများ အပြင် အကြွေးဝယ် ကတ်များနှင့် နာရီတစ်လုံး ပျောက်ဆုံး ခဲ့ကာ ဂျင်းဘောင်းဘီ တစ်စုံ၊ ခါးပတ် တစ်ခုနှင့် Nike တင်းနစ်ဖိနပ် အချို့ကို တွေ့ရှိ ခဲ့ကြောင်း၊ ၎င်းအပြင် ကွန်ပျူတာ၌ Facebook page တစ်ခု ဖွင့်ထားသည်ကို သတိပြုမိပြီးနောက် ရဲများထံ အကြောင်းကြား ခဲ့ခြင်း ဖြစ်ကြောင်း သိရသည်။

မစ္စတာဝုဒ်က ဝစ်ခ်ျသည် သူခိုး တစ်ယောက်ဖြစ်ကြောင်း ကြေညာခဲ့ပြီး ၎င်း၏ ဖုန်းနံပါတ် ကို ဝေမျှကာ အချက်အလက် များကို တောင်းဆို ခဲ့သည်။ ညနေပိုင်းတွင် မစ္စတာဝုဒ်သည် ဝစ်ခ်ျထံမှ message တစ်စောင်ကို ရရှိခဲ့ပြီး အိမ်တွင် ကျန်ခဲ့သည့် ပစ္စည်းများ ကို ပြန်ပေးရန် အတွက် ချိန်းဆိုခဲ့ကာ ဖောက်ထွင်းရေး သမားက ကျန်ခဲ့သည့် ပစ္စည်းများ ကို ပြန်လာယူချိန်တွင် ၉၁၁ ကို ဖုန်းဆက်ပြီး ဖမ်းဆီး ခဲ့ခြင်း ဖြစ်သည်။

ရဲများက ဝစ်ခ်ျကို ဖမ်းဆီးချိန်တွင် ၎င်းသည် မိမိ၏ နာရီကို ဝတ်ဆင် ထားကြောင်းနှင့် အဆိုပါ ဖောက်ထွင်းရေး သမားသည် ကမ္ဘာပေါ်တွင် အတုံးဆုံး ဒုစရိုက်သမား ဖြစ်ကြောင်း မစ္စတာဝုဒ် က ပြောကြားခဲ့သည်။

ဝစ်ခ်ျသည် အဆိုပါ ဖောက်ထွင်းမှုကြောင့် ထောင်ဒဏ် ၁ဝ နှစ် အပြင် ဒဏ်ကြေး ဒေါ်လာ ၂ဝ,ဝဝဝ ပြစ်ဒဏ် ချမှတ်ခံရမည့် အရေးနှင့် ရင်ဆိုင်နေရသည်။

Info Bank