Fast & Furious ဇာတ်ကားသစ်တွင် ပါဝင်ရန် ပေါလ်ဝေါ့ကား၏ ညီဖြစ်သူ သဘောတူ

ပို့စ်တင်ချိန် - 6/04/2014 11:10:00 AM


ကွယ်လွန်သွားပြီဖြစ်သည့် မင်းသား ပေါလ်ဝေါ့ကားနှင့် ရုပ်ချင်းဆင်သည့် ညီဖြစ်သူ ကိုဒီဝေါ့ကားက Fast & Furious ဇာတ်ကားသစ်များ၌ ပါဝင် သရုပ်ဆောင်သွားမည်ဟု သိရှိရသည်။

Fast & Furious 7 ဇာတ်ကားကို စတင်ရိုက်ကူးနေစဉ် အတောအတွင်း ပေါလ်သည် ယာဉ်မတော်တဆမှု တစ်ခု
ဖြင့် ဆုံးပါးသွားခြင်းဖြစ်သည်။ အဆိုပါ အခြေအနေတွင် ရိုက်ကူးရေး လုပ်ငန်း စဉ်များ ကမောက်ကမ ဖြစ်သွားသော်
လည်း စီစဉ်သူများက အသက် ၂၅ နှစ် အရွယ်ရှိ ကိုဒီအား ပေါလ်နောက်ပိုင်းတွင် ယင်းဇာတ်ကားများ၏ ဦးဆောင်
ဇာတ်ရုပ်တစ်နေရာအတွက် ဆက်ခံလာ ရန် သိမ်းသွင်းနိုင်ခဲ့သည်။ အသက် ၄၀ အရွယ်ရှိ ပေါလ်သည် ပြီးခဲ့သည့်နှစ်၊
နိုဝင်ဘာလက သေဆုံးသွားခြင်း ဖြစ်သည်။ ကိုဒီ၏ သရုပ်ဆောင်စွမ်းရည်ကို စစ်ဆေးပြီးနောက် ထုတ်လုပ်သူများက
အထင်တကြီးရှိခဲ့ပြီး ဇာတ်ကားသစ် အတွက် ကမ်းလှမ်းခဲ့ခြင်းဟုဆိုသည်။

ရိုက်ကွင်းနှင့် နီးစပ်သူ တစ်ဦးက “ပေါလ်ရဲ့ ဇာတ်ရုပ်ဖြစ်တဲ့ ဘရိုင်ယန် အိုကော်နာဇာတ်ရုပ်က အနားပေးလိုက် ရမယ့် သဘောတော့ ရှိနေတယ်။ အဲဒီ နေရာမှာ သူ့ညီက အစားထိုး ဝင်လာ တာမျိုးပေါ့။ ဒါပေမဲ့ ပေါလ်အဖြစ် ကိုဒီ ကို အစားထိုး ရိုက်ကူးဖို့ကတော့ မဖြစ်
နိုင်ဘူးလေ။ ဘာပဲဖြစ်ဖြစ် ထုတ်လုပ် ရေးအဖွဲ့ကတော့ ကိုဒီကိုစည်းရုံးပြီး ဒီ ဇာတ်ကားအတွက် အပြီးသတ်နိုင် အောင် ကူညီဖို့ ကမ်းလှမ်းဖြစ်ခဲ့တာကို ဝမ်းသာနေတယ်။ ကိုဒီအနေနဲ့လည်း Fast & Furious ဇာတ်ကားတွေမှာပါဝင် တာဟာ သူ့အစ်ကိုအတွက် ဂုဏ်ပြုမှု တစ်ရပ်လို့ ခံယူထားပါတယ်” ဟု ပြောကြားခဲ့သည်။ အစ်ကိုဖြစ်သူကို လက်လွှတ်ခဲ့ရခြင်း နှင့်ပတ်သက်ပြီး ကိုဒီက “ခုချိန်ထိ ဒီ
ဖြစ်ရပ်ဟာ အမှန်တကယ် မဟုတ်ခဲ့သ လိုပါပဲ။ ရုပ်ရှင်လောကသား တစ်ယောက်အနေနဲ့ သူဟာ ရိုက်ကွင်းကို ရောက်နေရင် မိသားစုနဲ့ ၃ လ၊ ၄ လ၊ ဒါမှမဟုတ် ၆ လလောက် ကင်းကွာနေ တတ်တယ်။ ခုလည်း သူက ရိုက်ကွင်း ကို ရောက်နေသလို ကျွန်တော်တို့ ခံစား
မိတယ်။ ဖုန်းလာရင်တောင် သူ့ဆီက များလားဆိုတာမျိုး ရုတ်တရက် အတွေး ဝင်သွားတတ်တယ်။ ဒီအခြေအနေကို
အသားကျဖို့တော့ တော်တော် အချိန်ယူ ရဦးမှာပါ” ဟု ဖွင့်ဟသွားသည်။  Fast & Furious 7 ဇာတ်ကားကို
၂၀၁၅ ခုနှစ်၊ ဧပြီလ ၁၀ ရက်နေ့တွင် ရုံတင်မည်ဖြစ်ပြီး ဗင်ဒီဆဲလ်၊ ဒါဝိန်းဂျွန် ဆင်၊ ဂျေဆန်စတက်ဟမ်း၊ မစ်ချယ်လ်
ရိုဒရီဂွတ်ဇ်နှင့် ဂျော်ဒါနာ ဘရူစတာတို့ ပါဝင်သရုပ်ဆောင်မည်ဟု သိရှိရသည်။

Planet Myanmar Network