အခြေခံဥပဒေ ပြင်ဆင်ရေး ကာချုပ် တစ်ဦးတည်းသာလျှင် ဆုံးဖြတ်ပိုင်ခွင့်ရှိဟု NLD ဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည်ပြော

ပို့စ်တင်ချိန် - 6/06/2014 07:45:00 AM


ရန်ကုန်၊ ဇွန် ၂

အခြေခံဥပဒေ ပြင်ဆင်ရေးနှင့် ပတ်သက်၍ ကာကွယ်ရေး ဦးစီးချုပ် တစ်ယောက်တည်းသာလျှင် ဆုံးဖြတ်ပိုင်ခွင့် ရှိကြောင်း အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ် (NLD) ဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည်က မတ်လ ၃၀ ရက်နေ့က နေပြည်တော်တွင် ပြုလုပ်သည့် သတင်းစာ ရှင်းလင်းပွဲ၌ ထည့်သွင်း ပြောကြားခဲ့သည်။

မြန်မာသံတော်ဆင့် သတင်းဂျာနယ်မှ “ ၄၃၆ ပြင်ဆင်ရေးနှင့် ပတ်သက်၍ ဒေါ်အောင်ဆန်းစုကြည်က ဖိအားပေးမှုသည် တပ်မတော် အနေဖြင့် အခြေခံဥပဒေ ပြင်ဆင်ရေးအတွက် ပိုမို နောက်တွန့် သွားနိုင်ကြောင်း ဝေဖန်မှုအချို့”အပေါ် သူမ၏ သဘောထားအား မေးမြန်း ရာမှ ပြန်လည် ဖြေကြား ပြီး နောက်ပိုင်းအခြား သတင်းဌာနတစ်ခုမှ   “ကာကွယ်ရေး ဦးစီးချုပ်ကို decision တစ်ခုခု လုပ်စေချင်တာလား” ဟု ဆက်လက် မေးမြန်းခဲ့ရာမှ ယခုကဲ့သို့ ဖြေကြားခဲ့ခြင်း ဖြစ်သည်။

“ကာကွယ်ရေး ဦးစီးချုပ်ပဲ ပေးရမှာပဲ။ သူတစ်ယောက်ပဲ ဆုံးဖြတ်ပိုင်ခွင့်ရှိတာပဲ”ဟု NLD ပါတီဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည်က မီဒီယာများသို့ ဖြေကြားခဲ့သည်။

မြန်မာသံတော်ဆင့်မှ မေးမြန်းသည့် မေးခွန်းနှင့် ပတ်သက်၍လည်း “ဒါကတော့ ဖိအားပေးရမှာပဲ။ ဖိအား ပေးတယ်ဆိုတာ အနိုင်ကျင့်တာလည်း မဟုတ်ဘူး။ ဖိအားပေးတယ်ဆိုတာ ဖိအားမပေးလို့လည်း မရဘူး။ တပ်မတော်က ဒီတာဝန် ယူထားတာကိုး။ တကယ်တော့ ဒါ အခွင့်အရေးပါ။ တပ်မတော်က နေပြီးတော့ ဒီဟာကို ပြင်ဆင်ပိုင်ခွင့် ဆုံးဖြတ်နိုင်တဲ့ အခွင့်၊ ပြင်ဆင်မလား မပြင်ဆင်ဘူးလား ဆိုတာ ဆုံးဖြတ်နိုင်တဲ့ အခွင့်အရေးတွေ ယူထားတာကိုး။ အဲဒီတော့ အခွင့်အရေး ယူထားတဲ့ အဖွဲ့အစည်းကိုပဲ တိုက်တွန်းရမှာပေါ့။ ဒါဖိအားပေးတယ်လို့ ပြောချင်လည်း ပြောပေါ့”ဟု ပြည်သူ့လွှတ်တော် ကိုယ်စားလှယ်လည်း ဖြစ်သူ ဒေါ်အောင်ဆန်းစုကြည်က ဖြေကြားခဲ့သည်။

အခြေခံဥပဒေ ပြင်ဆင်ရေးအတွက် လုပ်ပိုင်ခွင့် ရှိသူများအား တိုက်တွန်းမှသာလျှင် အဓိပ္ပာယ် ရှိကြောင်း၊ လက်ရှိတွင် မြန်မာနိုင်ငံ၌ အကြောက်တရားများ မကင်းစင်သေးကြောင်း၊ တန်းတူညီတူ အခွင့်အရေး ရရှိရန်အတွက် တပ်မတော်အနေဖြင့် အခွင့်အရေး ယူထားမှုများအား စွန့်လွှတ်သင့်ကြောင်း၊ ပြည်သူများက ၄၃၆ ပြင်ဆင်ရေးအတွက် ဆောင်ရွက်နေခြင်း ဖြစ်ကြောင်းလည်း သူမက ထည့်သွင်း ပြောဆို ခဲ့သေးသည်။

“တပ်မတော်ကနေ ဒီအခွင့်အရေး ယူထားတာကို စွန့်လွှတ်သင့်တယ် ဆိုတာကို ပြည်သူက ၀ိုင်းပြီးတော့ တိုက်တွန်းတဲ့ အနေနဲ့ ဒီဆန္ဒပြုတဲ့ လှုပ်ရှားမှုကို လုပ်တာ။ အဲဒီတော့ တကယ်ဆိုလို့ရှိရင် အကယ်၍ အန်တီတို့က တိုက်တွန်းတော့ကော ဖိအားပေးတယ်ပဲ ခေါ်ခေါ်၊ တိုက်တွန်းတယ်ပဲ ခေါ်ခေါ်ပေါ့နော်။ အဲဒါကြောင့် မလုပ်ချင်ဘူးဆိုရင်တော့ ဒါကတော့ နည်းနည်း အဲဒါမှ ကလေးဆန်တယ်လို့ ပြောရမယ်” ဟု ဒေါ်အောင်ဆန်းစုကြည်က မြန်မာသံတော်ဆင့်၏ မေးခွန်းနှင့် ပတ်သက်၍ ဖြေကြားခဲ့သည်။

လက်ရှိတွင် ပုဒ်မ၄၃၆ ပြင်ဆင်ရေးအတွက် NLD နှင့် ၈၈ မျိုးဆက်(ငြိမ်း/ပွင့်) အဖွဲ့တို့ ပူးပေါင်းပြီး တစ်နိုင်ငံလုံး အတိုင်းအတာဖြင့် သဘောထားဆန္ဒ လက်မှတ် ကောက်ယူမှုများကို မေလ ၂၇ ရက်နေ့မှ ဇူလိုင်လ ၁၉ရက်နေ့ အထိ ပြုလုပ်လျက်ရှိပြီး ရရှိလာသည့် လက်မှတ်များအား လွှတ်တော်သို့ တင်ပြသွားရန် စီစဉ်ထားသည်။

မြန်မာသံတော်ဆင့်