နေရာယူထားပြီး အလုပ်မလုပ်သည့် ပါတီဝင်များကို အစားထိုးရေး NLD က လုပ်ထုံးလုပ်နည်းများ ချမှတ်မည်

ပို့စ်တင်ချိန် - 6/09/2014 07:23:00 AM


NLD ဗဟိုကော်မတီ တတိယအကြိမ် အစည်းအဝေးအပြီးတွင် သတင်းစာရှင်းလင်းပွဲ ပြုလုပ်နေစဉ်


နေရာယူထားပြီး အလုပ်မလုပ်သည့် ပါတီဝင်များကို အစားထိုးရေးအတွက် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (NLD) က လုပ်ထုံးလုပ်နည်းများ ချမှတ်သွားရန် ဇွန် ၇ ရက်နှင့် ၈ ရက်များက ပြုလုပ်ခဲ့သော ဗဟိုကော်မတီ တတိယအကြိမ် အစည်းအဝေးတွင် ဆွေးနွေးခဲ့ကြောင်း သိရသည်။

ယင်းအစည်းအဝေးတွင် ဗဟိုကော်မတီဝင်အချို့က နေရာယူထားပြီး အလုပ်မလုပ်သည့် ပါတီဝင်များကို အစားထိုးပေးရန် တင်ပြမှုများ ရှိခဲ့ပြီး ယင်းအပေါ်တွင် လုပ်ထုံးလုပ်နည်းများ ချမှတ်သွားရန် ရှေ့လုပ်ငန်းစဉ်များ၌ ထည့်သွင်းခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

“ဘာဆုံးဖြတ်လဲဆိုတော့ လစ်လပ်နေရာတွေ၊ အလုပ်မလုပ်တဲ့သူတွေရဲ့ နေရာတွေမှာ အစားထိုးဖို့ကို လုပ်ထုံးလုပ်နည်းတွေဆက်ပြီး သတ်မှတ်ပေးမယ်လို့ ပြောပါတယ်။ ရှေ့လုပ်ငန်းစဉ်တွေထဲမှာပေါ့။ အဲဒီအချက် ပါပါတယ်” ဟု ဗဟိုကော်မတီဝင် တစ်ဦးဖြစ်သူ NLD ရှမ်းပြည်နယ်ဥက္ကဋ္ဌ ဒေါ်ခင်မိုးမိုးက ပြောကြားသည်။

ယင်းကဲ့သို့ အလုပ်မလုပ်သည့် ပါတီဝင်များအပေါ် အရေးယူခြင်းနှင့် ပတ်သက်၍ မေးမြန်းမှုကို NLD အနေဖြင့် ယင်းအတွက် သီးခြားညွှန်ကြားချက် ထုတ်ပြန်ထားပြီးဖြစ်ကြောင်းနှင့် အမှန်တကယ် တင်ပြခြင်းများ အားနည်းနေကြောင်း NLD ပြောရေးဆိုခွင့်ရှိသူ ဦးဉာဏ်ဝင်းက ပြောကြားသည်။

“ကျွန်တော်တို့ သီးခြားညွှန်ကြားချက်တစ်ခု ထုတ်ထားပြီးသားပါ။ အဲဒါက အလုပ်မလုပ်တဲ့သူတွေကို Report လုပ်ပေးရမယ်။ အစည်းအဝေး မတက်တဲ့သူတွေကို Report လုပ်ပေးရမယ်။ အဲဒီမှာ အစည်းအဝေးသုံးကြိမ်ကို အကျိုးအကြောင်း ဖော်ပြမှုမရှိဘဲပျက်ရင် ပါတီက ထုတ်ပယ်သည်အထိ အရေးယူမယ်။ ကျွန်တော်တို့ဆီကို အခုမေးသလိုပဲ နယ်ကလူတွေကလည်း မေးတယ်။ ဒါပေမဲ့ တင်ကြပါဆိုတော့လည်း မတင်ဘူး။ နည်းနည်း အားနည်းနေသေးတယ်ပေါ့လေ။ ဒီဟာကို ကိုင်တွယ်ဖို့” ဟု ၎င်းကဆိုသည်။

အဆိုပါ အစည်းအဝေးတွင် ဆုံးဖြတ်ချက်ငါးရပ် ချမှတ်ခဲ့ပြီး ၎င်းတို့မှာ ဗဟိုအမှုဆောင်အဖွဲ့က တင်သွင်းသော အစီရင်ခံစာကို အတည်ပြုခြင်း၊ ပါတီစည်းကမ်းထိန်းသိမ်းရေး ကော်မတီ၏ ပါတီစည်းမျဉ်းစည်းကမ်း၊ လုပ်ထုံးလုပ်နည်းများကို ပြင်ဆင်ရေးဆွဲရန် ဆုံးဖြတ်ခြင်း၊ ဗဟိုကော်မတီ အသီးသီး၏ အစီရင်ခံစာများကို အတည်ပြုကြောင်း ဆုံးဖြတ်ခြင်း၊ ဗဟိုကော်မတီဝင်များ၏ တာဝန်များနှင့် လုပ်ပိုင်ခွင့်များကို သတ်မှတ်ပြဋ္ဌာန်းရန် ဆုံးဖြတ်ခြင်း၊ လစ်လပ်လျက်ရှိသည့် အဆင့်ဆင့်သော အလုပ်အမှုဆောင် အဖွဲ့ဝင်များ၏ နေရာများအား အစားထိုး ဖြည့်ဆည်းရန်တို့ဖြစ်ကြောင်း သိရသည်။
ဇင်ဘိုလွင်၊ ဇာလီမြင့်ဦး
News Eleven