Pacifier ချိုလိမ်

ပို့စ်တင်ချိန် - 6/30/2014 05:36:00 PM


ဆရာ အနောက်နိုင်ငံက ကလေးတော်တော်များများကို Pacifier ကိုပေးသုံးတာတွေ့ ရပါတယ်။ အဲ့ဒါ ဘာအတွက်ကြောင့် သုံးတာလည်းဆိုတာ သိချင်ပါတယ်။ ကျေးဇူးတင်ပါတယ်။

Pacifier ဆိုတာ အမေရိကန်သုံးအင်္ဂလိပ်ဖြစ်တယ်။ ဗြိတိသျှလို Dummy ခေါ်တယ်။ တချို့နေရာတွေမှာ Binky ခေါ်တယ်။ တချို့က Soother လို့လဲခေါ်ပါတယ်။ ကလေးပါးစပ်ထဲမှာ ကလေးနေအောင် ထည့်ပေးထားတဲ့ ပလပ်စတစ်၊ ရာဘာ၊ စီလီကွန်နဲ့လုပ်ထားတာလေးဖြစ်တယ်။ မြန်မာလို ‘ချိုလိမ်’ ခေါ်တာများတယ်။ ကလေးတွေ ငယ်ကတည်းက လူကြီးတွေ လိမ်တာ၊ ညာတာခံရတဲ့သဘောဖြစ်တယ်။

Teat ကလေးပါးစပ်ထဲထည့်တာ၊ Mouth shield ပါးစပ်ကာနဲ့ Handle လက်ကိုင်ဆိုပြီး အစိတ်အပိုင်း (၃) ခုပါတယ်။ အမေရိကန် ကလေးသွားအကယ်ဒမီရဲ့ လက်မ၊ လက်ချောင်းနဲ့ ချိုလိမ်ဆိုင်ရာ လမ်းညွှန်အရ ကလေးတွေဟာ အသက် ၂ နှစ်ကနေ ၄ နှစ်အတွင်းမှာ လက်မစုပ်တာ၊ ချိုလိမ်စုပ်တာ ရပ်သွားပြီ။ တချို့ကလေးတွေက ပိုကြာတယ်။

ဗြိတိသျှ သွားဖေါင်ဒေးရှင်းကလဲ ချိုလိမ်စုပ်တာနဲ့ လက်မစုပ်တာကို အားမပေးပါ။ Mayo Clinic Staff ‘မေးယိုးကလင်းနစ်’ ကလဲ ထောက်ပြထားတာရှိပါတယ်။ တချို့ကလေးတွေက Sucking reflex စုပ်တဲ့တုန့်ပြန်မှုမှာ ပိုသန်ကြတယ်။ တချို့ကလေးတွေဆိုရင် ဗိုက်ထဲမှာရှိကတည်းက လက်မစုပ်တယ်။

Pros ကောင်းချက်တွေ -
• အဲလိုအကျင့်ကနေ Soothing effect ကလေးကို ငြိမ်စေတဲ့အစွမ်းနဲ့ Calming effect အငိုတိတ်စေတာ ဖြစ်စေနိုင်တဲ့ အကျိုးရပါမယ်။ ဒါကြောင့်လဲ မိဘတွေကသုံးတာဖြစ်တယ်။
• ကလေးကို ယာယီအားဖြင့် အာရုံပြောင်းပေးမယ်။ ကာကွယ်ဆေးထိုးတာ၊ သွေးဖေါက်တာလုပ်ကာနီးမှာ သုံးနိုင်တယ်။
• ကလေးကို အိပ်စေနိုင်တယ်။
• ကားစီး၊ လေယျဉ်စီးတဲ့အခါမှာလဲ ကလေးကို စိတ်အေးစေမယ်။
• (SIDS) ခေါ်တဲ့ ရုတ်တရက်အသက်သေနိုင်တဲ့ရောဂါကိုလဲ နည်းစေနိုင်မယ်လို့ ယူဆသူရှိသေးတယ်။

Cons မကောင်းတဲ့အချက်တွေ -
• ကလေးငယ်ငယ်လေးကတည်းက ချိုလိမ်တပ်ပေးရင် နို့စို့တာကို ခက်စေနိုင်တယ်။ မိခင်နို့ထက်ပိုလွယ်လို့ ကလေးကအလွယ်ကြိုက်မယ်။
• ကလေးက အဲတာကိုသာ မီခိုချင်စိတ်ရှိလာမယ်။ အဲတာမပါရင် မအိပ်ချင်တာဖြစ်နိုင်တယ်။
• နားအလယ်ပိုင်းပိုးဝင်တာ ပိုဖြစ်နိုင်တယ်။ % နည်းပါတယ်။
• သွားဒုက္ခ္ခပေးနိုင်တယ်။ ကြာနေရင် ကလေးအပေါ်ရှေ့သွားလေးတွေက နှုပ်ခမ်းဆီငေါထွက်နိုင်တယ်။ သိပ်ကြာနေရင် ကိုက်ဝါးရာမှာ ထိခိုက်စေနိုင်တယ်။ မေးရိုးဖွံ့ထွားမှုကိုလဲ သက်ရောက်နိုင်တယ်။

ဒေါက်တာတင့်ဆွေ
၃ဝ-၆-၂ဝ၁၄