မြေယာများကို မြေဈေးနှုန်း မတည်ငြိမ်အောင် ဈေးကစားနေသူများအတွက် ပိုင်ဆိုင်ခွန် (Property Tax) အခွန်အကောက် စနစ်တစ်ခု အမြန်ပေါ်လာရန် ပြည်နယ်နှင့်တိုင်း အစိုးရအဖွဲ့များသို့ အကြံပြုဆောင်ရွက်မည်

ပို့စ်တင်ချိန် - 6/10/2014 06:43:00 PM



မြေယာများကို ကုန်စည်အဖြစ် ရောင်းဝယ်ကာ မြေဈေးနှုန်း မတည်မငြိမ်ဖြစ်အောင် မြေဈေးကစား နေသူများအတွက် ပိုင်ဆိုင်ခွန် (Property Tax) အခွန်အကောက်စနစ်တစ်ခု အမြန်ပေါ်လာရန် ပြည်နယ်နှင့်တိုင်း အစိုးရအဖွဲ့များသို့ အကြံပြုဆောင်ရွက် သွားမည်ဖြစ်ကြောင်း သမ္မတရုံးဝန်ကြီးဌာန(၂)မှ ပြည်ထောင်စုဝန်ကြီး ဦးစိုးမောင်က ပြောကြားသည်။

နေပြည်တော်တွင် ဇွန် ၉ ရက်က ကျင်းပခဲ့သည့် ပထမအကြိမ် ပြည်သူ့လွှတ်တော် ဒသမပုံမှန် အစည်းအဝေး သတ္တမနေ့၌ လှည်းကူးမဲဆန္ဒနယ်မှ လွှတ်တော်ကိုယ်စားလှယ် ဦးဖြိုးမင်းသိန်း၏ မေးခွန်းအား ပြည်ထောင်စုဝန်ကြီး ဦးစိုးမောင်က ပြန်လည်ဖြေကြားရာတွင် ထည့်သွင်းပြောကြားသည်။

လှည်းကူးမဲဆန္ဒနယ်မှ ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဦးဖြိုးမင်းသိန်းက မြန်မာနိုင်ငံအတွင်း ဖြစ်ပေါ်နေသည့် မြင့်မားနေသော မြေဈေးနှုန်းကို သင့်လျော်သော ဈေးနှုန်းတစ်ရပ် ဖြစ်စေရန်အတွက် ထိန်းညှိဆောင်ရန် အစီအစဉ်ရှိ၊ မရှိ မေးမြန်းခဲ့ခြင်းဖြစ်သည်။

ဦးဖြိုးမင်းသိန်း၏ မေးမြန်းမှုအား ပြည်ထောင်စုဝန်ကြီး ဦးစိုးမောင်က ပြန်လည်ဖြေကြားရာတွင် “မြန်မာနိုင်ငံတွင် နိုင်ငံသားတစ်ဦး အနေဖြင့် မြေကွက်မည်၍ မည်မျှသာ ၀ယ်ယူပိုင်ဆိုင်ခွင့် ရှိသည်ဟု ဥပဒေတစ်ရပ် အနေဖြင့် ပြဋ္ဌာန်းသတ်မှတ်ချက် မရှိသည့်အတွက် ငွေရှင်၊ ကြေးရှင်များ၊ ချမ်းသာတဲ့သူများ၊ ငွေကြေးအထိုက် အလျောက်ရှိပြီး ၀ယ်ရောင်းပြုသူများက မြေကွက်များကို ကုန်ပစ္စည်းသဖွယ် အကျိုးအမြတ်အတွက် ၀ယ်ယူရင်းနှီးမြှုပ်နှံခြင်း၊ ဈေးကစားခြင်းတို့ကြောင့် မြေယာဈေးဟာ မတည်မငြိမ်ဖြစ်ပြီး အဆမတန် ဈေးနှုန်းကြီးမြင့်လျက်ရှိတာကို တွေ့ရတယ်” ဟု ထည့်သွင်းပြောကြားသည်။

အချို့သော ငွေရှင်၊ ကြေးရှင်နှင့် မြေပွဲစားများသည် မြေယာကွက်များကို တရားဝင်အရောင်းအ၀ယ် မှတ်ပုံတင်စာချုပ်စာတမ်း ပြုလုပ်ခြင်းမရှိဘဲ မြေကွက်ပိုင်ရှင်များထံမှ General Power/Special Power များဖြင့် ၀ယ်ယူထားသည့်အတွက် နိုင်ငံတော်အတွက် အခွန်အခနစ်နာပြီး မြို့ပြဖွံ့ဖြိုးတိုးတက်မှု မရှိသည့်အပြင် မြေယာဈေးနှုန်း တည်ငြိမ်မှုမရှိဘဲ မြေဈေးနှုန်း အဆမတန်ကြီးမြင့်လျက်ရှိကြောင်း ထပ်မံပြောကြားသည်။

“နိုင်ငံအတွင်းမှာ မြေဈေးဟာ အဆမတန် မြင့်တက်မှုကြောင့် နိုင်ငံခြားရင်းနှီးမြှုပ်နှံမှု လာမယ့်သူတွေဟာ မြန်မာနိုင်ငံအပေါ်မှာ စဉ်းစားစရာ ဖြစ်လာပါတယ်။ အခက်အခဲ ဖြစ်လာပါတယ်။ ပြည်သူများ မြေဈေးမြင့်မားမှုကြောင့် နေထိုင်နိုင်ရန် အတွက်လည်း အခက်အခဲ ဖြစ်စေပါတယ်။ ကျူးကျော်နေထိုင်ခြင်း ကိစ္စတွေကလည်း များပြားစွာဖြစ်လာပြီး နိုင်ငံတော် တိုးတက်မှုကို နှောင့်နှေးကြန့်ကြာ စေပါတယ်” ဟု ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဦးဖြိုးမင်းသိန်းက ပြောကြားသည်။

ဆက်လက်ပြီး ၂၀၁၂ ခုနှစ်၊ လယ်ယာမြေဥပဒေ၊ နည်းဥပဒေ တို့တွင်လည်း လယ်ယာမြေကို ရောင်းချခြင်း၊ ပေါင်နှံခြင်း၊ ငှားရမ်းခြင်း၊ လဲလှယ်ခြင်းနှင့် ပေးကမ်းခြင်းတို့အတွက် စာချုပ်ပါ ထိုက်သင့်သော တံဆိပ်ခေါင်းခွန်နှင့် စာချုပ်စာတမ်း မှတ်ပုံတင်ကြေးတို့ကို ပေးသွင်းရမည်ဟု ပါရှိသော်လည်း ပိုင်ဆိုင်ခွင့် အခွန်ကောက်ခံရန် ပြဋ္ဌာန်းထားမှုမရှိကြောင်း ပြည်ထောင်စုဝန်ကြီး ဦးစိုးမောင်က ဆိုသည်။

လက်ရှိတွင် မြေယာများကို ကုန်စည်တစ်ခုအဖြစ် ဈေးနှုန်းမတည်မငြိမ်ဖြစ်အောင် မြေဈေးကစား နေသူများအတွက် နိုင်ငံတကာတွင် ပိုင်ဆိုင်မှုခွန်ကောက်ခံသည့် နည်းစနစ်များကို လေ့လာလျက်ရှိပြီး ဒေသအလိုက် ကိုက်ညီသည့် ပိုင်ဆိုင်ခွန် (Property Tax) အခွန်အကောက် စနစ်တစ်ခု အမြန်ပေါ်ပေါက် လာရန်အတွက် ပြည်နယ်နှင့် တိုင်းဒေသကြီး အစိုးရအဖွဲ့များသို့ အကြံပြုသွားမည်ဖြစ်ပြီး လိုအပ်ပါက ဥပဒေပြုရန် ဆောင်ရွက်သွားမည်ဖြစ်ကြောင်း သမ္မတရုံး ၀န်ကြီးဌာန(၂)မှ ပြည်ထောင်စုဝန်ကြီး ဦးစိုးမောင်က ဆိုသည်။

Eleven Media Group