Unicef က ရိုဟင်ဂျာဟု သုံးနှုန်းပြောဆိုခြင်းအား ပြန်လည်တောင်းပန်

ပို့စ်တင်ချိန် - 6/06/2014 12:16:00 PM


ကုလသမဂ္ဂကလေးများရန်ပုံငွေအဖွဲ့Unicef က အခမ်းအနားတစ်ခုတွင်
ရိုဟင်ဂျာဟု သုံးနှုန်းပြောဆိုခဲ့ခြင်းအားဇွန် ၅ ရက်တွင် ဌာနေကိုယ်စားလှယ်
 ကိုယ်တိုင် ပြန်လည်တောင်းပန်လိုက်ကြောင်း သိရသည်။


Unicef အဖွဲ့အနေဖြင့် ဇွန်လမှစတင်ကာ ရခိုင်ပြည်နယ်အတွင်းရှိ ကလေးငယ်များတွက် ကျန်းမာရေးစောင့်ရှောက်မှုအပါအဝင်၊ ပညာရေးနှင့်အခြားသောကဏ္ဍတချို့အတွက် အမေရိကန်ဒေါ်လာ ၁၂ သန်းအား အသုံးပြုသွားမည်ဖြစ်ကြောင်းနှင့် အသုံးပြုမည့်အပိုင်းတို့အား ရှင်းလင်းပွဲတစ်ရပ်ကို ဇွန် ၄ ရက်တွင် အထွေထွေအုပ်ချုပ်ရေးဌာန ရုံးခန်းမဖြစ်သည့် မင်းသူရိယခန်းမ၌ ကျင်းပပြုလုပ်ခဲ့ရာ ယင်းအခန်းအနားတွင် ရခိုင်ပြည်နယ်တာဝန်ခံ နိုင်ငံခြားအမျိုးသမီးက ပါဝါပွိုင့်ဖြင့် ရှင်းလင်းတင်ပြရာတွင် ရိုဟင်ဂျာဟု ထည့်သွင်းရေးသား ပြောဆိုခဲ့သည့်အတွက် ဒေသခံများက ကန့်ကွက်မှုများနှင့် ပြန်လည်မေးမြန်းမှုများကို ပြုလုပ်ခဲ့သည်ဟုလည်း သိရသည်။ ထို့အပြင် ယင်းကိစ္စနှင့် ပတ်သက်၍ facebook စာမျက်နှာများတွင်လည်း ရေးသားဖော်ပြလာခဲ့ကြကြောင်းလည်း သိရသည်။

ထို့ကြောင့် ပြည်နယ် ECC အဖွဲ့က Unicef အဖွဲ့အားခေါ်ယူကာ ယင်းသို့သုံးနှုန်းခဲ့ခြင်းနှင့် ပတ်သက်၍ ပြောဆိုဆွေးနွေးခဲ့ကြရာ ထိုဆွေးနွေးပွဲတွင် Unicef ဌာနယ် ကိုယ်စားလှယ်ကိုယ်တိုင် ပြန်လည်တောင်းပန်ခဲ့ခြင်း ဖြစ်ကြောင်း သိရသည်။

“အစည်းဝေးမှာ ရိုဟင်ဂျာဆိုတာကို သုံးနှုန်းခဲ့တာကို သိရတဲ့အတွက် ကျွန်တော်တို့ ECC အဖွဲ့က Unicef အဖွဲ့ကိုခေါ်ယူ တွေ့ဆုံခဲ့တယ်။ နိုင်ငံတော်က တရားဝင်အသုံးအနှုန်းမဟုတ်တာကို သုံးခြင်းဟာ သံတမန်ကျင့်ဝတ်ကို ချိုးတာဖြစ်တယ်။ ခင်ဗျားတို့ ကြိုက်ကြိုက် မကြိုက်ကြိုက် မြန်မာကို မြန်မာလို့ပဲ သုံးရတယ်။ ဒါကြောင့် အစိုးရရဲ့ တရားဝင်အသုံးအနှုန်းကိုသုံးပါ။ နိုင်ငံတော်အစိုးရက မရှိပါဘူးလို့ ပြောထားတဲ့ အသုံးအနှုန်းဖြစ်တဲ့ ရိုဟင်ဂျာလို့ သုံးနှုန်းတာဟာ သံတမန်ကျင့်ဝတ်ကို ချိုးဖောက်တဲ့အပြင် နိုင်ငံတော်ရဲ့ အချုပ်အခြာအာဏာကို စော်ကားရာရောက်တယ်။ ဒီလိုမျိုးသာ ဆက်သုံးနေမယ်ဆိုရင် ၂၆-၂၇ နေ့တွေကလို ပြဿနာမျိုးထပ်ဖြစ်လာနိုင်တယ်။ ရခိုင်ပြည်နယ်ထဲမှာ ဖြစ်ခဲ့တဲ့ပဋိ ပက္ခတွေရဲ့ အဓိကအချက်တွေထဲမှာ ရိုဟင်ဂျာဆိုတဲ့ အသုံးအနှုန်းလည်း ပါတယ်။ ဒါကြောင့်
ဒီလိုမျိုးသုံးစွဲတာကို မှားကြောင်းတောင်းပန်ဖို့နဲ့ နောင်ဆက်လက်မသုံးစွဲဖို့ တိုက်တွန်းတယ်လို့ ပြောခဲ့တယ်။ ဒီတော့ Unicef ကလည်း ပါဝါပွိုင့်မှာ မှားယွင်းစွာသုံးစွဲမိတာကို တောင်းပန်ပါတယ်။ နောက်လည်း မသုံးတော့ပါဘူးလို့ တောင်းပန်စကားဆိုတယ်”ဟု ECC အဖွဲ့ဝင်တစ်ဦးဖြစ်သူ ဦးသန်းထွန်း က ပြောပါသည်။

Unicef အဖွဲ့နှင့်တွေ့ဆုံရာတွင်  INGO, NGO Watch Team မှ အဖွဲ့ဝင်များကိုလည်း ဖိတ်ကြားခဲ့ကြောင်း သိရသည်။ ယင်းအဖွဲ့သည် မေလအတွင်းက ဖွဲ့စည်းထားသော အဖွဲ့တစ်ခုဖြစ်ပြီး မြို့နယ်တိုင်းမှ လူမှုကွန်ရက်များပါဝင်ကြောင်း သိရသည်။

ECC အဖွဲ့နှင့် Unicef အဖွဲ့တို့ တွေ့ဆုံပြောဆိုခြင်းသို့ တက်ရောက်ခဲ့သူ INGO,  NGO Watch Team မှ အဖွဲ့ဝင်တစ်ဦးဖြစ်သူ ကိုသူရိန်ထွန်းကလည်း “Unicef ကတော့ အဲဒီလိုမျိုး သုံးနှုန်းမိတာဟာ ကျွန်တော်တို့ သတိမထားမိလိုက်လို့ပါလို့ ပြောတယ်။ အဲဒီတစ်ခုတည်းမှာပဲ မှားပြီးပါသွားတာလို့ ပြောတယ်။ ကံကောင်းလို့ တိုက်ဆိုင်သွားတာလို့ ပြောတယ်။ ကျွန်တော်ကတော့ ပြောတယ်။

ဒီလိုအဖွဲ့အစည်းကြီးတစ်ခုက မစစ်ဆေးစရာအကြောင်း မရှိဘူး။ သိလျက်နဲ့လုပ်တာလို့ မြင်တယ်လို့ပြောတယ်။ အဲဒီအမှားကို ဝန်ခံဖို့လိုတယ်လို့ ပြောလိုက်တယ်။ အဲဒီမှာပဲ တက်ရောက်လာသူတွေရှေ့မှာပဲ ဒီလိုမျိုးသုံးနှုန်းမိတာ မှားပါတယ်လို့ ဝန်ခံတယ်။ နောက်နောင်လည်း ဒီလိုမျိုး မမှားအောင်လုပ်သွားမယ်လို့ Unicef အဖွဲ့ရဲ့မြန်မာနိုင်ငံဆိုင်ရာ ဌာနေကိုယ်စားလှယ် Mr. Bertrand Bainval က ဝန်ခံသွားတယ်”ဟုလည်း ပြောကြားခဲ့သည်။


Eleven Media Group