ဇာတ်ကားများ ရိုက်ကူးရာတွင် ခန္ဓာကိုယ် အသားပေး ဇာတ်ကားများ မရိုက်ကူးဟု ဘေဘီမောင် ပြော

ပို့စ်တင်ချိန် - 7/01/2014 07:13:00 AM


ခန္ဓာကိုယ် အလှဓာတ်ပုံများကို အသားပေး လှစ်ဟဖော်ပြရာတွင် နာမည်ကြီးနေသည့် ဘေဘီမောင်က ဇာတ်ကားများ ရိုက်ကူးရာတွင် လိင်အသားပေး ဇာတ်ကားမျိုးကဲ့သို့ (Sexy) ဆန်ဆန် ဇာတ်ကားများကို ရိုက်ကူးရန် အစီအစဉ်မရှိဟု ၎င်းက မဇ္စျိမကိုပြောကြားလိုက်သည်။

“အရင်ကတော့ ခန္ဓာကိုယ် အသားပေး အနေနဲ့ ရိုက်ကူးတဲ့ Sexy Photo တွေ ရိုက်ကူးခဲ့တာ မျိုးတွေတော့ ရှိတယ်။ ဒါက ဓာတ်ပုံ ရိုက်ကူးတဲ့ အတွက် ပုံကောင်း ရရှိပါစေ ဆိုတဲ့ စိတ်နဲ့ ရိုက်ကူးခဲ့တာပါ။ ဇာတ်ကား ရိုက်ကူးမှု အပိုင်းမှာတော့ ပရိသတ်အတွက် ခန္ဓာကိုယ် အသားပေး၊ လိင် အသားပေးတဲ့ ဇာတ်ကားတွေ လုံးဝရိုက်ကူးဖို့ အစီအစဉ် မရှိပါဘူး”ဟု ၎င်းကပြောသည်။

သရုပ်ဆောင် ဘေဘီမောင်သည် လက်ရှိတွင် ဒါရိုက်တာ ကိုပေါက် ရိုက်ကူးနေသည့် ‘ အကြံတူ ရန်သူ’ ဗီဒီယို ဇာတ်ကားတွင် ကျော်ရဲအောင်၊ မင်းဦး၊ စိုးမြတ်သူဇာ စသည့်ဝါရင့် သရုပ်ဆောင်များနှင့် အတူ တွဲဖက်ပြီး ခေါင်းဆောင် မင်းသမီးအနေဖြင့် သရုပ်ဆောင်ခြင်းသည် ပထမဆုံးဖြစ်သည်။

ဘေဘီမောင်သည် လက်ကီးပဲလေ့၊ သင်္ကေတနှင့် စိတ္တ အာရုဏ် ဗီဒီယို ထုတ်လုပ်ရေး သုံးခုနှင့်ခေါင်းဆောင် မင်းသမီးအဖြစ် ရိုက်ကူးရန် စီစဉ်ထားသော်လည်း စာချုပ် ချုပ်ဆိုထားခြင်း မရှိပဲ လွတ်လပ်စွာ နားလည်မှုဖြင့် ရိုက်ကူးမည် ဖြစ်ပြီးဒါရိုက်တာနှင့် မင်းသားများကို ပြောင်းလဲ ရိုက်ကူးမည်ဖြစ်သည်။

သရုပ်ဆောင် ဘေဘီမောင်သည် ၂ဝဝ၉ ခုနှစ်တွင် Star & Model International သင်တန်းတွင် တက်ရောက်ခဲ့ပြီး ၂ဝ၁ဝ ခုနှစ်တွင် ဂျာနယ်၊ မဂ္ဂဇင်းများတွင် Sexy Photo များနှင့် နာမည်ကြီးလာသည့် မော်ဒယ်လ် တစ်ယောက် ဖြစ်ကာ လက်ရှိ အခြေအနေတွင် ဇာတ်ကားများကို ရိုက်ကူးရန် သရုပ်ဆောင်လောကကို ခြေချဝင်ရောက် လာသူဖြစ်သည်။

Mizzima