မြွေဟောက်ဟင်းမရောင်းဟု ဗီယက်နမ်ဟိုတယ်ငြင်း

ပို့စ်တင်ချိန် - 7/22/2014 02:08:00 PM


ရန်ကုန်မြို့လယ်ကောင် ရှိ ဗီယက်နမ်ဟိုတယ်ဟု လူသိများသော မစ္စတာလီဟို
တယ်တွင် ၅၅ ဒေါ်လာတန် မြွေဟောက်ဟင်းပွဲများ ရောင်းချနေသည်ဆိုခြင်းမှာ
 မဟုတ်မှန်ကြောင်း ဟိုတယ်က ငြင်းဆိုလိုက်သည်။


လမ်းမတော်မြို့နယ်၊ လမ်း မတော်လမ်း၊ တိုက်နံပါတ် (၁၂၉)တွင် ဖွင့်လှစ်ထားသော မစ္စတာလီဟိုတယ် (Mr.Lee)တွင် မြွေဟောက်ဟင်းများ ရောင်းချနေကြောင်း မြွေဟောက်ဟင်းဓာတ်ပုံများ၊ လူမှုကွန်ရက် ဖေ့စ်ဘွတ်ခ်စာမျက်နှာများတွင် ပျံ့နှံ့ခဲ့သည်။


 မစ္စတာလီဟိုတယ်ပိုင်ရှင် ဦးမောင်မောင်က ‘‘သံဈေးက ဝယ်တဲ့ ငါးရှဥ့်ရယ်၊ ငါးရံ့အကြေးခွံနဲ့အုပ်ထားတာပါ။ ဒါကိုမြွေလို့ ပြောကြတာပါ။ ဓာတ်ပုံကမှန်တယ်။ ခုလိုနားလည်မှုလွဲအောင်လုပ်လို့တောင် ဒေါသထွက်တယ်။ အခုအဲဒီမီနူးကိုလည်း ပြန်ဖြုတ်လိုက်ပါပြီ။ ဟိုတယ်မဖွင့်စေချင်လို့ မကျေနပ်တဲ့လူတွေလုပ်တာပါ’’ဟု ၎င်းက ဆိုသည်။

ဟိုတယ်တွင် မြွေဟောက် အရှင်များလှောင်ထားပြီး  မြွေ ဟောက်ဟင်းများရောင်းချနေ သည့် သတင်းများထွက်ပေါ်နေ သဖြင့် အနီးဝန်းကျင်တွင် နေထိုင် သူများက စိုးရိမ်နေပြီး တာဝန်ရှိ သူများကို စစ်ဆေးစေလိုကြောင်း ယင်းဟိုတယ်အနီးသို့ သွား ရောက်မေးမြန်းမှုအရ သိရသည်။

 ‘‘မြွေတွေမွေးထားတာ မဟုတ်ပါဘူး။ ငါးတွေပါ။ စားသုံးသူတွေမှာလို့ လုပ်ပေးရတာပါ။ မြွေပုံစံနဲ့တူတဲ့ ရှည်လမျောငါးမျိုးပါ။ သူတစ်မျိုးတည်းရောင်းတာမဟုတ်ပါဘူး။ တခြားဟင်းတွေလည်းပါပါတယ်။ ထမင်းလည်းပါမှ ၅၅ ဒေါ်လာပါ’’ ဟု ဟိုတယ်၏ တာဝန်ရှိသူ ဦးနေလင်းအောင်က ပြောသည်။

‘‘ကားပေါ်ကနေ သယ်သယ် နေတာတော့တွေ့တယ်။  ဟိုတယ် ထဲမှာ  မြွေဟောက်အရှင်တွေ လှောင်ထားတာလို့လည်း ကြား တယ်။ မတော်တဆမြွေတွေလွတ် ထွက်ပြီး အိမ်နီးနားချင်းတိုက်အိမ် တွေဆီရောက်မှာကိုပဲ ကြောက် နေတာ’’ဟု ယင်းဟိုတယ်အနီးရှိ တိုက်ခန်းတွင် နေထိုင်သူတစ်ဦး က ဆိုသည်။

ယင်းဟိုတယ်တွင် ဗီယက် နမ်လူမျိုးများနှင့် ဥရောပနိုင်ငံ သားများလာရောက်တည်းခိုမှု များပြီး တရုတ်နိုင်ငံသားအနည်း ငယ်သာ တည်းခိုကြောင်း ဦးမောင်မောင်က ပြောသည်။

 ၁၉၉၄ ခုနှစ် တောရိုင်း တိရစ္ဆာန်များ  ထိန်းသိမ်းကာ ကွယ်ရေးဥပဒေတွင်  တောရိုင်း တိရစ္ဆာန်အမျိုးအစားသုံးမျိုးခွဲ၍ ကာကွယ်ပေးထားပြီး လုံးဝကာ ကွယ်ရမည့် ဆင်၊ ကျား၊ ကြံ့စသော တိရစ္ဆာန်များနှင့် အခြား အမျိုးအစားနှစ်ခုတွင် မြွေအမျိုး အစားများလည်း ပါဝင်ကြောင်း၊တောရိုင်းတိရစ္ဆာန်များရောင်း ဝယ်ဖောက်ကားလျှင် အနည်းဆုံး ထောင်ဒဏ်ခုနစ်နှစ်အထက်နှင့် ဒဏ်ငွေ (သို့မဟုတ်) နှစ်မျိုးစလုံး ကျခံရနိုင်သည်။

‘‘တောရိုင်းတိရစ္ဆာန်တွေကို ဟင်းအနေနဲ့ရောင်းလို့မရဘူး။ မြွေဟောက်မှမဟုတ်ဘူး။ ဘယ် မြွေမဆို မိမိသဘောနဲ့ရောင်းဝယ် ဖောက်ကားခွင့်မရှိဘူး’’ဟု မြန်မာ ငှက်နှင့် သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေးအသင်း ဒုဥက္ကဋ္ဌ ဦးသိန်းအောင်က ရှင်းပြသည်။

သိမ်းကြီးဈေး (C)ရုံတွင် တောတွင်းတိရစ္ဆာန်များဖြစ်သည့် လိပ်၊ ဖွတ်၊ တောကြောင်၊ မြွေမျိုးစုံ စသည့်တောတွင်းတိရစ္ဆာန်အစုံရောင်းချသည့် စားသောက်ဆိုင်အကြီးစားတစ်ခုဖွင့်လှစ်ခဲ့ဖူးပြီး၂၀၀၇ ခုနှစ်နောက်ပိုင်းတွင် ပိတ်သိမ်းခဲ့ရသည်။

မြွေနှင့် မြွေဟောက်များကို တရုတ်နိုင်ငံသို့ တရားမဝင်သယ် ဆောင်မှုများကို မူဆယ်မြို့နယ် ၁၀၅ မိုင် စစ်ဆေးရေးဂိတ်များ တွင် မကြာခဏဖမ်းဆီးရမိလျက် ရှိသည်။

7 Day News Daily