ဒီမိုးကြောင့်လား၊ လူတွေကြောင့်လား - မြင်သမျှ … ကြားသမျှ

ပို့စ်တင်ချိန် - 7/14/2014 08:29:00 PM




ဒီတစ်နှစ် မိုးတွင်းမှာတော့ အထူးခြားဆုံးကတော့ ဓာတ်ကြိုးပြတ်ကျပြီး လူသေဆုံးမှု စံချိန်တင်လိုက်တာပါပဲ။ ခါတိုင်းနှစ်တွေမှာ မိုးတွင်းမှာ ဓာတ်လိုက်သေဆုံးမှုတွေ ကြီးကြီးမားမား မကြားရပေမယ့် ဒီနှစ်မှာတော့ စံချိန်တင်သေဆုံးမှုတွေ ဖြစ်နေတာ တွေ့ရပါတယ်။ နောက်ထပ် ပိုထူးခြားတာက ဓာတ်လိုက်သေဆုံးမှုများကို နစ် နာကြေး တွေလည်း လိုက်ပေးနေတယ်လို့လည်း သိရပြန်ပါတယ်။

ဘယ်လိုပဲဖြစ်ဖြစ်ပါ။ ဒါဟာ အပြစ်မဲ့ သေဆုံးမှုပါပဲ။ အပြစ်မဲ့ သေဆုံးသူတွေများလာရင် ကြိုတင်ကြံစည်ထားသလို ဖြစ်တဲ့အတွက် လူသတ်မှုလည်း မြောက်လာပါလိမ့်မယ်။ ဒီကာလမှာ ဒါမျိုးတွေ ဖြစ်နိုင်တဲ့အတွက် ကြိုတင် ပြင်ဆင်ပြီးပြုပြင်ထားရမှာပါ။ အခုတော့ ပြုပြင်ရမှာကို မပြုပြင်ခဲ့လို့ အပြစ်မဲ့တဲ့ ပြည်သူတွေ အသက် ဆုံးရှုံးနေ ရတော့ တာပါပဲ။

တစ်ကြိမ်လည်းမဟုတ်၊ နှစ်ကြိမ်လည်းမဟုတ်တဲ့အတွက် ဘယ်သူ့မှာတာဝန်ရှိပါသလဲ။ ဒီလျှပ်စစ်မီးရဖို့ ပြည်သူပြည်သားအားလုံးက အခကြေး ငွေ ပေးထားရပါတယ်။ အခုလူတွေ သေစေခဲ့တဲ့ လျှပ်စစ်မီးကိုဘယ်သူကမှ အလကားရထားတာ မဟုတ်ပါဘူး။ ဒီလို အခကြေးငွေပေးထားရတဲ့အတွက် ပြည်သူတွေကို အာမခံချက်တော့ ပြန်ပေး ရမှာပါ။ အခုတော့ ကိုယ်အခကြေးငွေ ပေးဆောင်ထားရတဲ့အရာနဲ့ ကိုယ့် အသက်ကို ပြန်နုတ်ယူခံနေရတယ် ဆိုတော့ ဘယ်သူ့မှာ တာဝန်ရှိလဲခင်ဗျာ။

ဖြစ်ပြီးသွားမှ လျော်ကြေးပေးတာမျိုးက ဖြစ်သင့်သလားခင်ဗျာ။ ဒါဆိုရင်မေးစရာရှိပါတယ်။ လူဆိုတာ ဘယ်လောက်တန်သလဲခင်ဗျာ။ ဒါမှမဟုတ် ခင်ဗျားတို့ ဘယ်လောက် တန်သလဲသိချင်ရင် အဲဒီဓာတ်ကြိုးလေး ကိုင်လိုက်ပါ။ ဘယ့်နှယ်ဗျာ ကိုယ်အခကြေးငွေ ပေးဆောင်ထားတဲ့ အရာနဲ့ ကိုယ့် အသက် အန္တရာယ် ပြန်အခြိမ်းခြောက် ခံနေရ တယ်လို့။ ဒါလည်း ဘယ်သူ့မှာမှ တာဝန်မရှိဘူးလားဗျာ။ ကဲ…လုပ်ကြပါဦး။

ပဋိပက္ခဘွန်ဆိုင်း

ဘယ်က ဘယ်လိုထုတ်လွှင့်လိုက်တဲ့ သတင်းမှန်းမသိရဘဲ မန္တလေးမှာ မလိုအပ်ဘဲပဋိပက္ခကြီးထွားခဲ့ရပါတယ်။ ဒါဟာ အမြဲတမ်း ဖြစ်နေကျလို့ပဲ ပြောရ တော့မှာပါပဲ။ ဒါပေ မဲ့ အဲဒီလို သွေးထိုး လှုံ့ဆော်သူတွေ  အဓိကပြုလုပ်ကြိုးကိုင် နေသူတွေကို ဘယ်တော့မှ ဖမ်းမမိနိုင်တာပါပဲ။ တစ်ခါကလည်း ကားကြီး ကားငယ်နဲ့ နယ်တကာ လှည့် ပြီး အော်ဟစ်သွေးထိုးကြတာမျိုး ဖြစ်ခဲ့တယ်။ ကား တွေနဲ့ဗျာ။ လမ်းတွေမှာ အော်သွားကြတာ။ ဘယ်သူမှ ဖမ်းမမိကြဘူး။ ကဲ.. စဉ်းစားကြည့်ဗျာ။ လုံခြုံရေး အစောင့် အကြပ်တွေ အများကြီးရှိတဲ့ လမ်းမပေါ် ကားတစ်စီးနဲ့ လိုက်အော်သွားတာ ဘယ်သူမှမမိဘူး။ ဖမ်းမမိဘူးဆိုတော့ဗျာ။ အံ့သြစရာတော့ ကောင်းနေပါပြီ။

ဘယ်ပြဿနာမဆို အမြစ်ကစတင် ရှင်းလင်းရမှာကို၊ အမြစ်ဆိုတာ ဘယ်တုန်းကမှ မမြင်ရဘဲ ကိုင်းဖျားကိုင်းနားတွေလောက်နဲ့ပဲ ကိစ္စပြီးပြီးသွားတာဆိုတော့ ပဋိပက္ခတွေကို ဘွန်ဆိုင်းပင် စိုက်သလို စိုက်နေသလားတောင် ထင်မိရတယ်ဗျာ။ ဘွန်ဆိုင်းပင်ဆိုတာ သိတယ်မဟုတ်လား။ ပုံတူမျိုးပွား အပင်သေးလေးတွေ။ အသေချာဂရုစိုက်မှ ရှင်တာ မျိုးလေ။ နေ့စဉ် ကိုင်းဖျား ကိုင်းနားလေး တွေညှပ်ညှပ်ပေးနေရတယ်။ ဒါမှ အပင်က ကြီးထွားနှုန်းမြန်တာ။

အဲဒီလိုပဲ ဖြစ်နေတာဗျာ။ စဉ်းစားကြည့်။ နေ့စဉ် သစ်ခိုးထုတ်တာ မိနေတယ်။ သစ်သူခိုးကြီးမမိဘူး။ နေ့စဉ်မူးယစ်ဆေးဝါးတွေ မိနေတယ်။ ဒိုင်တွေကို မမိဘူး။ ပဋိပ က္ခ ဖြစ်ကြတယ်ဗျ။ အဓိက ဆူပူမှုဖြစ်အောင် လုပ်နေသူကို မမိဘူး။ ကဲ..ဘွန်ဆိုင်းပင်လိုပဲ စိုက်နေကြသလားတောင် ထင်မိတော့တယ်။

ရှောက်သီးဆေးပြားလှည်း

မကွေးတိုင်းမှာ ခွင့်ပြုချက်မရဘဲ အသံချဲ့စက်သုံးတဲ့အတွက် တာဝန်ရှိသူတချို့ကို ဖမ်းဆီးလိုက်တယ်ဆိုတာ သိရပြန်တယ်။ ထုံးစံအတိုင်း ပိုင်နက် ကျူးလွန်မှုလည်း ပါေ သးပေါ့။ အဲဒီလိုသာ အသံချဲ့စက်အသုံးပြုဖို့ လျှောက်လွှာသာတင်နေရမယ်ဆိုရင် လမ်းပေါ်မှာရှောက်သီးဆေးပြားသည် တောင်ဖြတ်ခွင့်ရမှာ မဟုတ်ဘူး။ စဉ်း စားကြည့်လေ ကျွန်တော်တို့လို ရပ်ကွက်တွေမှာ ကောင်မလေးက ကောင်လေးကို မကြိုက်လို့ အလိမ္မာနဲ့ ငြင်းချင်ရင် ”လော်စပီကာသံ မကြားရတဲ့နေ့ နင့်ကို အဖြေပေးမ ယ်” ဆိုပြီး ပြောလိုက်ရင် အဲဒီကောင်လေး အိုသေဖို့ပဲရှိတယ်။ လော်စပီကာသံ မကြားရတဲ့နေ့တော့ မရှိဘူး။ အဲဒီလိုသာ လော်စပီကာကြောင့် အရေးယူမယ်ဆို အတော် များများဟာလည်း နေ့စဉ် တရားစွဲခံနေရမှာပါပဲ။ထူးခြားတာက တရားခံတွေကတော့ သိရပြီး တရားလိုက ဘယ်သူပြုတယ်ဆိုတာ မရှင်းပြထားသေးပါဘူး။ တကယ်ဆို ဒီလိုကြီးကျယ်တဲ့ တရား စွဲဆိုမှုမျိုးဆိုရင် တရား လိုအနေနဲ့ ဘာကြောင့်တရားစွဲရတယ်ဆိုတာ သတင်းစာရှင်းလင်းပွဲ လုပ်သင့်ပါတယ်။ ဒါမှလည်း ပြည်သူတွေက အဖြစ်မှန် ကို သိကြရမှာလေ မဟုတ်ဘူးလား။

မြန်မာ အလှမယ်တစ်ယောက် ကမ္ဘာမှာသွားရောက်ယှဉ်ပြိုင်ခဲ့ပြီး အလှမယ်ဆုရခဲ့ပေမယ့် သူ့ရဲ့သရဖူကို ပြန်လည်သိမ်းယူမယ်ဆိုတဲ့ သတင်းတွေ ကလည်း အံ့သြစရာ ပါပဲ။ ကျွန်တော့် တစ်ယောက်တည်း အမြင်နဲ့ပြောရရင် သူ့ဖာသာသူ ဘာပဲဖြစ်ဖြစ် မြန်မာနိုင်ငံသားတစ်ယောက် အနေနဲ့ ဂုဏ်ဆောင်ခဲ့တာပဲဗျာ။ နိုင်ငံ အနေနဲ့ကတော့ ဂုဏ်ယူရမှာပေါ့။ အဲဒီလို မဟုတ်ဘဲ လမ်းမှားရောက်ပြီး သရဖူ ပြန်အသိမ်းခံရရင် တက်နေတဲ့ ကိုယ့်ရဲ့ဂုဏ်သိက္ခာ ကျဆင်းသွားဖွယ်သာ ရှိပါတယ်။

အခုခေတ်မှာ ညှိလို့ မရဘူးဆိုတာ မရှိပါဘူး။ ဒါပေမဲ့တစ်ယောက်ကို တစ်ယောက် ခြိမ်းခြောက်နေမယ်၊ အကျပ်ကိုင်နေမယ်၊ ညစ်နေမယ်ဆိုရင်တော့ ဘယ်လို မှ ပြေ လည် စရာ မရှိပါဘူး။အလှမယ်ကိုယ်တိုင်ကလည်း ဘယ်လိုအကျပ်အတည်း ပြဿနာတွေ ကြုံနေရသလဲဆိုတာကိုလည်း မသိရပါဘူး။ ဒါပေမဲ့ ဒါမျိုးတွေဟာ မဖြစ်သင့်တဲ့ ကိစ္စလို့ ပဲထင်ပါတယ်။ ဒါဟာကျွန်တော် တို့နဲ့လည်းသိပ်ဆိုင်လှတာတော့ မဟုတ်ပါဘူး။ ဒါပေမဲ့ နှစ်ပေါင်းမြောက်မြားစွာမှာမှ ကမ္ဘာ့အသိအမှတ်ပြုဆုတံဆိပ် တစ်ခုကို အခုမှ မြန် မာနိုင်ငံသားတစ်ယောက်အနေနဲ့ ရယူပေးခဲ့တယ်ဆိုတဲ့ မှတ်တမ်းတစ်ခုကို နှမြောလွန်းလို့ ပြောရတာပါ။

နောက်ဆုံးကတော့ လမ်းတွေဖျက်ပြီး ပြန်မပြင်ပေးသေးတာကတော့ဒီနေ့အထိပေါ့။ ဒါကို အချို့ ရပ်ကွက်တွေမှာ ”ယတြာချေထားတာလေ” ဆိုတဲ့ စကားကိုပါ ကြားနေ ရတော့ ‘တစ်သက်လုံးအထိတော့ ယတြာမချေနိုင်ပါဘူး” လို့ပဲ တွေးမိထားပါတော့တယ်။  ဒါကြောင့် လမ်းသွားရင် သတိနဲ့သွားပါ။ လမ်းမပေါ် ရေကျော်လို့ အပေါက်ကျွံ ကျနိုင်သလို စည်းကမ်းမဲ့ကားများ ပွဲကြမ်းမှုနဲ့လည်း အန္တရာယ် ကျရောက်နိုင်ပါတယ်။ ဒါမှမဟုတ် အပေါ်က ဓာတ်ကြိုးပြတ်ကျလို့လည်း ဘဝဆုံးနိုင်တာမို့ လမ်းသွားရင် အပေါက်မကျွံကျအောင် ငုံ့ကြည့်ပါ။ ယာဉ်အန္တရာယ် ကြုံ နိုင်တာမို့ ရှေ့နောက်ဝဲယာကြည့်ပါ။ ဓာတ်ကြိုးပြတ်ကျနိုင်လို့ အပေါ်လည်း ကြည့်ပါ။ကျန်းမာကြပါစေ။ ချမ်း သာကြ ပါ စေ။ အန္တရာယ်ကင်းကြပါစေ..

နောက်တစ်ပတ်ပေါ့ဗျာ။

အကြည်တော်

popular journal