နှစ် ၇၀ ကြာ အစာမစား၊ရေမသောက်ဘဲ အသက်ရှင်ခဲ့တယ်လို့ ဆိုတဲ့ အိန္ဒိယအဖိုးအို

ပို့စ်တင်ချိန် - 7/11/2014 09:21:00 AM


အစားအစာနဲ့ ရေဆိုတာ အသက်ဇီဝအတွက် အခြေခံလိုအပ်ချက်တစ်ရပ်လို့ ယူဆထားခဲ့ကြပါတယ်။ ဒါပေမယ့် အသက် ၈၂ နှစ်အရွယ် Prahlad Jani ဆိုသူ အိန္ဒိယတိုင်းရင်းသားအဖိုးအိုဟာ ဒီ လက်ခံယူဆထားချက်ကို မှားယွင်းကြောင်း သက်သေပြခဲ့ပါတယ်။ အဖိုးအိုဟာ သူ့ ဘ၀ရဲ့ နှစ် ၇၀ လုံး အစာမစား၊ရေမသောက်ဘဲ အသက်ရှင်ခဲ့တယ်လို့ ဆိုခဲ့တာပါ။

သူဟာ အသက် ၇ နှစ်အရွယ်မှာ အိမ်ကို စွန့် ခွာခဲ့ပြီး အိန္ဒိယနိုင်ငံ၊ Rajasthan ပြည်နယ်မှာ သူတော်စင် တစ်ယောက် အဖြစ်နဲ့ နေထိုင်ခဲ့တယ်လို့ ဆိုပါတယ်။ အဖိုးအိုဟာ နတ်ဘုရားမတစ်ပါးက သူ့ ရဲ့ ခံတွင်းထဲ ကို နတ်သက်ရှည်ဆေး လောင်းချခဲ့ပြီး သူ့ ကို မစခဲ့တယ်လို့ ယုံကြည်နေပါတယ်။

ဒီအဖိုးအို ဟာ နာမ်ဝိဥာဉ်သက်သက် နေထိုင်နိုင်တဲ့ အာဟာရသိဒ္ဓိပြီးတဲ့လူတစ်ယောက်အဖြစ် ပြည်သူတွေက မှတ်ယူနေကြပါတယ်။ ဒီအဖိုးအိုရဲ့ ပြောကြားချက်ကို သဘာဝလွန်စွမ်းအားတွေပိုင်ဆိုင်တယ်လို့ ပြောကြားတဲ့ လူတွေကို အထူးပြုလေ့လာမှုပြုလုပ်နေတဲ့ အိန္ဒိယဆရာဝန်တစ်ဦးက ထောက်ခံချက်ပေးခဲ့ပါသေးတယ်။ ဒါပေမယ့်လည်း တစ်ချို့ လူတွေကတော့ သူ့ ကို လူလိမ် တစ်ယောက်အဖြစ် ပစ်ပယ်ထားခဲ့ကြပါတယ်။

Mr.Prahlad ကို Ahemdabad မှာ ရှိတဲ့ ဆေးရုံတစ်ရုံမှာ သီးခြားခွဲထားခဲ့ပြီး အိန္ဒိယကာကွယ်ရေးသုတေသနပြု အဖွဲ့ အစည်းက အနီးကပ်စောင့်ကြည့်လေ့လာခဲ့ပါတယ်။ ဒီအဖွဲ့ အစည်းဟာ ဒရုန်းလေယာဉ်တွေ၊ ကုန်းတွင်းပစ် ဒုံးကျည်တွေနဲ့ ဗုံးအမျိုးအစားအသစ်တွေကို ထုတ်လုပ်နေတဲ့ အဖွဲ့ အစည်းတစ်ခုလည်း ဖြစ်ပါတယ်။ ဒီအဖွဲ့ ရဲ့ သိပ္ပံပညာရှင်တွေဟာ စစ်သားတွေကို စားနပ်ရိက္ခာမရှိဘဲ အချိန်ကြာအသက်ရှင်နေနိုင်ဖို့  ကူညီလမ်းပြပေးနိုင်လိမ့်မယ်လို့ ယုံကြည်ကြပြီး သဘာဝဘေးသင့်ဒုက္ခသည်တွေအတွက်လည်း အကူအညီ ရောက်မလာခင် ကြံ့ကြံ့ခံနိုင်ဖို့ သင်ကြားပေးနိုင်လိမ့်မယ်လို့ ယုံကြည်ခဲ့ကြပါတယ်။

ဇီဝကမ္မဗေဒ နှင့် ပေါင်းစပ်သိပ္ပံပညာ ကာကွယ်ရေးဌာနအဖွဲ့ ရဲ့ ဒါရိုက်တာ ဒေါက်တာ G Ilavazhagan က တကယ်လို့ သာ ဒီအဖိုးအိုရဲ့ ပြောကြားချက်တွေကိုသာ အတည်ပြုနိုင်ခဲ့မယ်ဆိုရင် ဒါဟာ ဆေးသိပ္ပံပညာသမိုင်း မှာ အကြီးဆုံးအောင်မြင်မှုတစ်ခုဖြစ်လာမှာဖြစ်ပြီး လူတွေကို အသက်ကြာကြာနေထိုင်ဖို့ လမ်းပြနိုင်မှာဖြစ်တယ် ဆိုတဲ့အကြောင်း ပြောကြားခဲ့ပါတယ်။

Mr.Prahlad ကို လေ့လာနေစဉ်အတွင်းမှာတော့  သူဟာ စမ်းသပ်မှုကို ကြံ့ကြံ့ခံနိုင်ခဲ့ပြီး ခြောက်ရက်ဆက်တိုက် ဘာမှမစားခဲ့သလို၊ ဘာအရည်ကိုမှလည်း သောက်သုံးခဲ့ခြင်းမရှိပါဘူး။ ဒါ့အပြင် Mr.Prahlad ဟာ အဲဒီ့အချိန် အတွင်းမှာ ဆီးဝမ်းသွားခြင်းလည်း မရှိခဲ့သလို မောပန်းနွမ်းနယ်အားပြတ်တဲ့ အရိပ်အယောင်တွေလည်း မရှိခဲ့တာကို အံ့သြဖွယ်ရာတွေ့ မြင်ရပါတယ်။



သူ့ ကို ၂၀၀၃ ခုနှစ်က မေးမြန်းစမ်းသပ်ခဲ့တဲ့ ဒေါက်တာ Sudhir Shah အရ Mr.Prahlad ဟာ အစာရေစာ မရှိဘဲနဲ့ ဆယ်ရက်ကြာနေထိုင်ခဲ့ပြီးနောက် ဆီးအိမ်အတွင်း ဖြစ်လာတဲ့ ဆီးတွေကို သူ့ ခန္ဓာကိုယ်က အလိုအလျောက် ပြန်လည်စုပ်ယူသွားပုံရတယ်လို့ ဆိုပါတယ်။ ဆယ်ရက်နောက်ဆုံးမှာ သူ့ ရဲ့ ကိုယ်အလေးချိန်သာ အနည်းငယ်လျော့ကျခဲ့ပါတယ်။

အိန္ဒိယနိုင်ငံမှာတော့ ဂျိန်းနဲ့ ဟိန္ဒူဘာသာဝင်တွေ ဘာသာရေးကိုးကွယ်မှုတစ်ခုအဖြစ် ရှစ်ရက်ကြာ အစာမစားဘဲ ဥပုသ်စောင့်တဲ့ အလေ့အထတစ်ခုရှိပါတယ်။ သိပ္ပံနည်းကျအချက်တွေအရတော့ လူအများစုဟာ ရက် ၅၀ ကြာ အစာမစားဘဲ အသက်ရှင်နိုင်တယ်လို့ ဆိုပါတယ်။ ကမ္ဘာ့အရှည်ကြာဆုံး အစာငတ်ခံဆန္ဒပြမှု တစ်ခုဟာလည်း ၇၄ ရက်ကြာမြင့်ခဲ့ကြောင်း သိရပါတယ်။

Ref: u-facts.com

World Myanmar News (www.world-myanmar.com)

Credit: Trend Myanmar