ဆေးကုသစရိတ် မပေးနိုင်၍ သတ်သေသွားခဲ့သည်ဆိုသည့် လူနာရှင်၏ မိသားစုနှင့် သူနာပြုတို့ကိုဆေးရုံအုပ်ကြီး စစ်မေးနေ

ပို့စ်တင်ချိန် - 7/02/2014 08:11:00 AM



 မြောင်းမြမြို့ ဆေးရုံကြီး တွင် ရောဂါလာစစ်သည့် လူနာ တစ်ဦး ဆေးကုသစရိတ်မပေးနိုင် ၍ ကိုယ့်ကိုယ်ကိုယ် သတ်သေ သွားခဲ့သည်ဆိုသောကြောင့် ဆေးရုံအုပ်ကြီးက သူနာပြုဆရာမနှင့် လူနာရှင်များကို စစ်ဆေးနေ ကြောင်း သတင်းရရှိသည်။

မြောင်းမြမြို့ မြစန္ဒာရပ်ကွက် မှ အူကျရောဂါ ခံစားနေရသူတစ် ဦးသည် ဇွန်လ ၂၉ ရက်တွင် ရက်ချိန်းပြည့်၍ ဆေးရုံသို့ သွားပြ ရာ သူနာပြုဆရာမအချို့တောင်း သည့်ငွေကို မပေးနိုင်၍ အိမ်သို့ ပြန်ကာ ကြိုးဆွဲချ သတ်သေခြင်း ဖြစ်သည်ဟု သတင်းများထွက် ပေါ်နေပြီး ဆေးရုံအုပ်ကြီး ဒေါက်တာအောင်ငွေဇံက ဝန်ထမ်းများနှင့် လူနာရှင်မိသားစုအား အသေးစိတ် စစ်ဆေးနေကြောင်း အမည်မဖော်လိုသူ အဆိုပါဆေးရုံဝန်ထမ်းက ပြောသည်။

‘‘ဆရာကြီး အခုစစ်နေပါ တယ်။ ဆေးရုံဝန်ထမ်းတွေရော  လူနာရှင်တွေကိုပါ မေးမြန်းနေ တာပါ။ ကျွန်တော်တို့က အသေး စိတ်မသိပါဘူး။ ဒါပေမဲ့ အပြင် မှာတော့ အဲဒီလို သတင်းတွေ ထွက်နေပါတယ်’’ဟု ဇူလိုင် ၁ ရက်ညပိုင်းက ပြောသည်။

သေဆုံးသူ အမျိုးသားမှာ လွန်ခဲ့သည့် သုံးလက ပြည်ထောင်စု ဝန်ကြီးဦးတင့်ဆန်း မြောင်းမြ မြို့သို့လာ၍ အခမဲ့ဆေးကုသမှု စီစဉ်ပေးစဉ် ဆင်းရဲနွမ်းပါးကြောင်း ထောက်ခံစာရရှိခဲ့သူဖြစ်သည်။ ရောဂါကို စစ်ဆေးရန် ရက်ချိန်းသုံးလပြည့်သောကြောင့် အဆိုပါထောက်ခံစာဖြင့် လာပြစဉ် သူနာပြုဆရာမ အချို့က ဆေးနှင့် ကုသစရိတ်ကျပ်ငွေ တစ်သိန်းနီးပါး တောင်းသောကြောင့် အိမ်ပြန်၍ နေအိမ်ထုပ်တန်းတွင် ကြိုးဆွဲချ သေဆုံးသွားခြင်း ဖြစ်ကြောင်း လူနာရှင်၏ ဇနီးဖြစ်သူမသင်းသင်းခိုင်က ပြောသည်။

‘‘ဆေးဖိုးနဲ့ ခွဲစိတ်ဖို့ဆိုပြီး အပြာရောင်ဝတ်ထားတဲ့ ဆရာမကပိုက်ဆံကိုးသောင်း တောင်းတယ်။ ကျွန်မတို့မှာ ပိုက်ဆံ ငါးထောင်ပဲ ပါလာတာ။ တောင်းတဲ့ပိုက်ဆံကို နေ့မကူးခင်ပေးရမယ်လို့ပြောတယ်။ မပေးနိုင်သေးတဲ့အကြောင်းပြန်ပြောတော့ ကျွန်မယောက်ျားကို လူတွေရှေ့မှာ ရန်တွေ့တယ်။ ဆေးကုနေတုန်းလက်မှာသွင်းထားတဲ့ပိုက်ကိုဖြုတ်လာပြီး အိမ်ပြန်လာတာ။ကျွန်မသူ့အတွက် ရေနွေးအိတ်အဘူးအဖုံးသွားဝယ်နေတုန်း အိမ်ခေါင်မိုးတန်းမှာ နိုင်လွန်ကြိုးနဲ့ကြိုးဆွဲချသေနေတာ တွေ့တာ’’ဟု မသင်းသင်းခိုင်က ပြောသည်။

မြောင်းမြမြို့မစခန်းမှူး ဒုတိ ယ ရဲမှူး အောင်စိုးက ပြင်ပတွင် သတင်းမျိုးစုံထွက်နေသော်လည်း အဆိုပါအမှုနှင့် ပတ်သက်၍ သုံး သပ်ချက်တစ်စုံတစ်ရာ မပေးလိုဘဲ သေမှုသေခင်းဖွင့်၍ စစ်ဆေးနေသည်ဟုပြောသည်။

‘‘ကျွန်တော်တို့ကတော့ ကြိုးဆွဲချသေတာ ဟုတ်၊ မဟုတ် ဒါနဲ့ပတ်သက်လို့ စစ်ဆေးတာပဲပေါ့။ ဆေးရုံက ပြဿနာကတော့ ကျွန်တော်တို့လည်း မသိဘူးပေါ့။ ဒါနဲ့ပတ်သက်လို့ မြို့ပေါ်မှာတော့ ပြောနေကြတာပဲ။ ကျွန်တော်တို့တော့ မသိဘူး။ အဓိက ကျွန်တော်တို့ စုံစမ်းတာကတော့ သေဆုံးခြင်းဟာ ကြိုးဆွဲချသေတာ မှန်ကန်မှုရှိ၊ မရှိ ဒါကိုပဲ အဓိက စစ်တာပေါ့’’ဟု ဒုတိယရဲမှူးအောင်စိုးက ပြောသည်။

သေဆုံးသူမှာ အသက် ၃၆နှစ်အရွယ်ရှိပြီး ဇနီးနှင့် သားသမီးသုံးဦးကျန်ရစ်ခဲ့သည်။ ၎င်းသည်ပွဲရုံနှင့် ကားဂိတ်၊ သင်္ဘောဆိပ်တို့တွင် ကုန်ထမ်းသည့်အလုပ်လုပ်ကိုင်ပြီး ဇနီးဖြစ်သူမှာ ရပ်ကွက်အတွင်းရှိ နေအိမ်များတွင်အ၀တ်အထည်များ လျှော်ဖွပ်သည့်အလုပ်လုပ်ကိုင်ကြောင်းသိရသည်။

7day daily