ခွပ်ဒေါင်းအလံကို ပါမောက္ခချုပ်ကိုယ်တိုင်မပေးအပ်လျှင် ပြင်းထန်သည့်ဆန္ဒပြပွဲများ ဒဂုံတ.က.သအဖွဲ့ ထပ်မံလုပ်ဆောင်သွားမည်

ပို့စ်တင်ချိန် - 7/11/2014 09:27:00 AM


ဒဂုံတက္ကသိုလ်ကျောင်းသားများသမဂ္ဂ ၏ခွပ်ဒေါင်းအလံနှင့် ဗီနိုင်း အားကျောင်းအာဏာပိုင်များက ဇူလိုင်၉ရက်နေ့ညပိုင်းက ဒဂုံတက္ကသိုလ်ကျောင်းသားများသမဂ္ဂအားအသိပေးအကြောင်းကြားခြင်းမရှိဘဲ တိတ်တဆိတ်ဖြုတ်ချသိမ်းဆည်းခဲ့မှုကြောင့် ဒဂုံတက္ကသိုလ်ကျောင်းသားများသမဂ္ဂအသင်းမှာ ဇူလိုင်၁၀ရက်နေ့ နေ့လည်၂နာရီတွင် ဆန္ဒပြခဲ့ကြပြီး ပါမောက္ခချုပ်အနေဖြင့်ခွပ်ဒေါင်းအလံအားကိုယ်တိုင် မပေးအပ်လျှင် ပိုမိုပြင်းထန်သည့်ဆန္ဒပြပွဲများ ထပ်မံပြုလုပ်သွားမည်ဟုဒဂုံတ.ကသအဖွဲ့မှသိရသည်။
ဒဂုံတ.က.သအဖွဲ့အနေဖြင့် ခွပ်ဒေါင်းအလံသိမ်းဆည်းခံရမှုနှင့်ပတ်သက်ပြီးဇူလိုင်၁၀ရက်နေ့ နေ့လည်၁နာရီတွင် အလံများ၊ဗီနိုင်းများသိမ်းဆည်းရန် လုံခြုံရေးများအားအမိန့်ပေးခဲ့သည့် ပါမောက္ခချုပ်ဒေါက်တာလှလှဌေးကိုတွေ့ဆုံပြီး ပါမောက္ခချုပ်တစ်ယောက်အနေဖြင့် ဒဂုံတ.က.သသို့တလေးတစားပြန်လည်အပ်နှံပေးရန် တောင်းဆိုခဲ့သော်လည်း ငြင်းဆန်ခဲ့ခြင်းကြောင့် ယင်းနေ့ နေ့လည်၂နာရီခန့်တွင် အဖွဲ့ဝင် ၃၅ဦးခန့်ဖြင့်ဆန္ဒပြမှုပြုလုပ်ခဲ့သည်။
ယင်းကဲ့သို့ဆန္ဒပြခြင်းနှင့်ပတ်သက်ပြီး ဒဂုံတ.က.သဥက္ကဌက’’ဇူလိုင်၉ရက်နေ့ညပိုင်းမှာ ခွပ်ဒေါင်းအလံ၊ဗီနိုင်းတွေကိုတိတ်တဆိပ်ဖြုတ်ယူသွားခဲ့ကြတယ်။ ဒါနဲ့ပတ်သက်လို့ကျွန်တော်တို့တွေ ပါမောက္ခချုပ်နဲ့တွေ့ပြီးတောင်းဆိုတယ်။ ဖြုတ်သွားတဲ့အလံကိုလုံခြုံရေးတွေကနေတစ်ဆင့်ပြန်ပေးပေမယ့် အခုက အမိန့်ပေးလုပ်ခိုင်းခဲ့တဲ့ ပါမောက္ခချုပ်ကတစ်ဆင့်ပြန်ပေးဖို့တောင်းဆိုခဲ့တယ်။ ဒါပေမဲ့သူကတောင်းဆိုမှု ကိုငြင်းဆန်ခဲ့တယ်။ ဒါ့ကြောင့်ဒီထက်ပိုပြင်းထန်တဲ့ဆန္ဒပြတောင်းဆိုမှုတွေထပ်လုပ်သွားမယ်။ လာမယ့်အင်္ဂါနေ့ကို ဒီနေ့ထပ်များတဲ့ ကျောင်းသားတွေနဲ့ဆန္ဒပြသွားမယ်”ဟုပြောခဲ့သည်။
ဒဂုံတ.က.သရုံးခန်းကိုဒဂုံတက္ကသိုလ်နားနေဆောင်အမှတ်(၁)တွင်ဖွင့်လှစ်ထားရှိထားပြီး ခွပ်ဒေါင်းအလံ၊ဗီနိုင်းများကိုလုံခြုံရေးများကမသိမ်းဆည်းခင်က ဒဂုံတ.က.သအမှုဆောင်အချို့အားသက်ဆိုင်ရာမေဂျာဌာနမှူးများကခေါ်ယူတွေ့ဆုံမှုများပြုလုပ်ခဲ့ကြောင်း ဒဂုံတ.က.သဥက္ကဌကပြောခဲ့သည်။

Yangon Media Group