စာရေးဆရာ မိုးဇေညိမ်း၏ ''ဘာလဲဟဲ့စွမ်းအားရှင်နှင့် အခြားစာစုများ'' စာအုပ် ထွက်ရှိလာ

ပို့စ်တင်ချိန် - 7/11/2014 07:55:00 PM



ညနေခင်းစာပေတိုက်မှ ထွက်ရှိလာသည့် ''ဘာလဲဟဲ့စွမ်းအားရှင်နှင့် အခြားစာစုများ'' ဆိုသည့် စာအုပ်တွင် စာရေးဆရာ မိုးဇေညိမ်းက စာအုပ်အစပိုင်း၌ ဘာသာရေးပဋိပက္ခကို အစပြုပြီး "ဘာလဲဟဲ့စွမ်းအားရှင်" ခေါင်းစဉ်ဖြင့် ရေးသားထားကာ စွမ်းအားရှင်များ ပေါ်ပေါက်လာပုံ၊ စွမ်းအားရှင် ဆိုတာ ဘာလဲ၊ စွမ်းအားရှင် ဘယ်လိုစွမ်းလဲ စသည့် စွမ်းအားရှင်များအကြောင်းကို နာမည်၊ အသက်၊ ဖုန်နံပါတ်တို့နှင့်တကွ အသေးစိတ် ဖော်ပြထားသည့် စာအုပ်ဖြစ်သည်။

အဆိုပါ စာအုပ်နှင့်ပတ်သက်ပြီး စာရေးဆရာ မိုးဇေညိမ်းက "စွမ်းအားရှင်ဆိုတာ စစ်အစိုးရ လက်ထက်တုန်းက ရှိခဲ့သလို ခုချိန်ထိလည်း ရှိနေတုန်းပါပဲ။ စွမ်းအားရှင်အဖွဲ့တွေ ခုခေတ်မှာ မရှိတော့ဘူးဆိုရင် ကျွန်တော်လည်း အသေးစိတ် ရေးဖို့အတွက် စဉ်းစားမိမှာပါ။ ဒါပေမဲ့ မကြာသေးခင် ဖြစ်ခဲ့တဲ့ ဆန္ဒပြပွဲတွေမှာ၊ ရုန်းရင်းဆန်ခတ် ဖြစ်မှုတွေမှာ စွမ်းအားရှင် လူမိုက်တွေ ပြန်တွေ့လာရတယ်။ သတိထားမိပါလိမ့်မယ်။ လုပ်ပိုင်ခွင့်ရ တုတ်ကိုင် လူမိုက်တွေ။ အရင်လူတွေလည်း ဆက်လုပ်နေတာ ရှိမယ်။ လူသစ်တွေလည်း ရှိမယ်။ စိတ်ပျက်လို့ မလုပ်တော့တဲ့သူတွေလည်း ရှိမယ်။ သူတို့စိတ်ထဲမှာ ငါတို့ လုပ်နေတာတွေကို လူတွေ မသိဘူး၊ ငါတို့ ဘယ်သူဆိုတာ လူတွေ မသိပါဘူး ဆိုတဲ့ အတွေး ရှိနေရင် ဆက်လုပ်နေဦးမှာပဲ။ စွမ်းအားရှိတိုင်း၊ အာဏာ လုပ်ပိုင်ခွင့် ရတိုင်း ထင်တိုင်း ရမ်းနေရင်တော့ သမိုင်းမှာ ဆိတ်ကွယ်ရာ မရှိဘူးဆိုတာ သိစေလိုလို့ပါ။ ခုချိန်မှ သူတို့အကြောင်းတွေ လူမသိစေချင်ဘူးလို့ ကာကွယ်နေတာကတော့ ပြစ်မှုလုပ်ပြီးမှ ပြစ်ဒဏ်ခံရမှာ ကြောက်နေသလိုပါပဲ။ ပြစ်ဒဏ်ခံရမှာ ကြောက်နေရင်လည်း အစထဲက ဆင်ခြင်ပေါ့ဗျာ။ ခိုင်လုံတဲ့ အထောက်အထားတွေ ရှိပါတယ်။ အစည်းအဝေးပွဲ မှတ်တမ်းတွေ၊ အစီရင်ခံစာတွေ၊ ကာယကံရှင်တွေ ကိုယ်တိုင် လက်ရေးနဲ့ ရေးသွင်းထားတဲ့ နေရပ်လိပ်စာ၊ လက်မှတ်တွေ ရှိပါတယ်။ စွမ်းအားရှင် စာရင်းအများအပြားထဲမှ ထုတ်ပြသင့်တဲ့ အနည်းစုကိုပဲ ဖော်ပြထားတာပါ" ဟု ကဗျာဆရာ ဝေမှူးသွင်၏ ဖေ့ဘွတ်စာမျက်နှာထက်တွင် စာရေးဆရာ မိုးဇေညိမ်းက ကွန်းမက် ဝင်ရောက် ရေးသားထားခြင်းဖြစ်သည်။

ယင်းစာအုပ်သည် ဇွန်လ ပထမပတ်တွင် ညနေခင်းစာပေတိုက်မှ ပထမအကြိမ် ထွက်ရှိလာသည့် စာအုပ်ဖြစ်ပြီး အုပ်ရေ ၂ဝဝဝ ထုတ်လုပ်ကာ ငွေကျပ် ၂ဝဝဝ ဖြင့်ရောင်းချပြီး ယခုအချိန်၌ ရောင်းအားအကောင်းဆုံး စာရင်းတွင် ပါဝင်လျက်ပြီး စာအုပ်ဈေးကွက်တွင် ကုန်ပါက ထပ်မံထုတ်လုပ်မည်ဟု ညနေခင်းစာပေက ပြောသည်။

စာရေးဆရာ မိုးဇေညိမ်းသည် အနုပညာလောကတွင် နာမည်ကြီး အနုပညာရှင်များ၏ မူးယစ်ဆေးနှင့် ပက်သက်သည့် အမှုကိစ္စများကို ၎င်း၏ဖေ့ဘွတ်မှ ရေးသားခဲ့ခြင်းကြောင့် အနုပညာလောကသားများနှင့် ပရိသတ်များကြားတွင် စိတ်ဝင်စားခြင်းခံရသည့် သတင်းတခုဖြစ်ကာ နာမည်ကြီး အနုပညာရှင်များမှလည်း ပြန်လည်ဖြေရှင်းကြရသည်အထိ ဖြစ်ခဲ့သည်။

၎င်းသည် ယခုချိန်၌ အမေရိကန်နိုင်ငံတွင် နေထိုင်လျက်ရှိပြီး ဒုတိယခြေလှမ်း အနေဖြင့် မြန်မာနိုင်ငံတွင် လက်ရှိ တာဝန်ယူနေသည့် လူကြီးပိုင်းများနှင့် ပက်သက်သည့် စာအုပ်ကို ဒုတိယအကြိမ် ထပ်မံရေးသားထုတ်ဝေမည်ဖြစ်သည်။

မိုးသူ
Mizzima