ဖြူဖြူကျော်သိန်းနှင့် တွေ့ဆုံခြင်း

ပို့စ်တင်ချိန် - 7/12/2014 08:43:00 AM


‘‘မြန်မာပြည်မှာ တစ်ယောက်အပေါ်တစ်ယောက် ယုံကြည်မှုပျက်ပြားလာတာ နှစ် ၅၀ မှ မကတော့တာ’’

မြန်မာပြည်က လေဒီဂါဂါလို့ ပရိသတ်တွေ ချစ်စနိုးခေါ်ကြတဲ့ အဆိုတော်ဖြူဖြူကျော်သိန်းက နိုင်ငံတကာဂီတလောကကို ခြေလှမ်းနိုင်ဖို့ စတင်ကြိုးစားနေပါပြီ။ ဧပြီလက ဟောင်ကောင်မှာ ပြည်ပ ပရိသတ်များကို သွားရောက်ဖျော်ဖြေခဲ့ချိန်က နိုင်ငံတကာဂီတအဆက်အသွယ်များလည်း ရခဲ့တယ်လို့ ဆိုပါတယ်။ ဆယ်စုနှစ်ဂီတသက်တမ်းတစ်လျှောက်မှာ ပထမဆုံးဖျော်ဖြေရေးခရီးအဖြစ် အမေရိကန်မှာ နှစ်လကြာ သွားရောက်ဖျော်ဖြေပြီး ပြန်ရောက်လာသော အဆိုတော် ဖြူဖြူကျော်သိန်းကို အမေရိက ခရီးစဉ်အတွေ့အကြုံများ၊ မကြာမီထွက်ရှိနိုင်ရန် စီစဉ်နေသော ငါးခွေမြောက် တစ်ကိုယ်တော်ခွေအကြောင်းတို့ကို တွေ့ဆုံမေးမြန်းခဲ့ပါတယ်။

မေး- အစ်မ အဆိုတော်သက်တမ်းတစ်လျှောက်မှာ ပထမဆုံးသွားခဲ့တဲ့ အမေရိကန်ဖျော်ဖြေရေးခရီးစဉ် အကြောင်းလေး စပြောပေးပါလား။

ဖြေ- ဖြူဖြူတို့ ခရီးစဉ်က တစ်ဖွဲ့လုံးအတွက်ဆို နှစ်လတာခရီးစဉ်ပေါ့။ သို့သော်လည်း ဖြူဖြူ့မှာ အချိန်အခက်အခဲတွေရှိတဲ့အတွက်ကြောင့် ရန်ကုန်၊ မန္တလေး မြန်မာပြည်မှာ လက်ခံထားတဲ့ အလုပ်ကလေးတွေ၊ အခွေထွက်ဖို့ရှိတဲ့အတွက်ကြောင့် ဒီခရီးစဉ်မှာ ခြောက်ပတ်ပဲ လက်ခံဖြစ်ပါတယ်။ မြို့ခြောက်မြို့မှာ ခြောက်ပွဲပေါ့။ ဒီအခါမှာ ဖြူဖြူက သုံးပွဲပြီးတော့ ကြားမှာတစ်ခေါက် မြန်မာပြည်ကို ပြန်လာခဲ့တယ်။ ဒုတိယအကြိမ် ပြန်သွားပြီး သုံးမြို့ဆိုပြီးတော့ ဇူလိုင် ၁ ရက်မှာ အပြီးပြန်ရောက်တယ်။ နယူးယောက်၊ လော့စ်အန်ဂျလိစ်၊ ဆန်ဖရန်စစ္စကို၊ အင်ဒီယာနာပိုလစ်စ်နဲ့ နက်ရှ်ဗီ ခြောက်မြို့က မြန်မာပရိသတ်တွေ အများစုရှိတဲ့နေရာတွေ သွားပြီးဖျော်ဖြေတယ်။

မေး- ဘယ်လိုအရေးကြီးကိစ္စရှိလို့ ဖျော်ဖြေရေးရှိတဲ့ကြားက ပြန်လာဖြစ်တာလဲ။ ခဏပြန်လာတဲ့အချိန်မှာလည်း ပုဒ်မ ၄၃၆ အတွက် မမညိုနဲ့အတူ လက်မှတ်သွားထိုးခဲ့တာ တွေ့ရတယ်နော်။

ဖြေ- ရန်ကုန်၊ မန္တလေးမှာ လက်ခံထားတဲ့ပွဲတွေ ရှိပါတယ်။ ဒီအမေရိကန်ခရီးစဉ် လက်မခံခင်ကတည်းက မန္တလေးမှာ လက်ခံထားတာရှိတယ်။ ရန်ကုန်မှာလည်း လက်ခံထားတာရှိတယ်။ ကိုယ့်ရဲ့အခွေကိစ္စလေးတွေလည်း ရှိတယ်။ လက်မှတ်ထိုးတာကတော့ ဘာပယောဂမှမပါဘဲနဲ့ ကိုယ့်ဆုံးဖြတ်ချက်နဲ့ လုပ်တာပါ။ ထွေထွေထူးထူးတော့ ပြောစရာမရှိပါဘူး။

မေး- ဖေ့စ်ဘွတ်ခ်ကို အရင်တုန်းက မသုံးဘူးလို့ ပြောခဲ့ပေမယ့် အခု စာမျက်နှာတစ်ခုဖွင့်ပြီး နောက်ဆုံးသတင်းတွေ အမြဲတင်ပေးနေတာ တွေ့ရတယ်။ ဘာကြောင့် သုံးဖြစ်လာတာလဲ။

ဖြေ- တစ်ကမ္ဘာလုံးမှာရှိတဲ့ ကိုယ့်ပရိသတ်တွေနဲ့ ဆက်သွယ်ဖို့ကျတော့ ဒါက အနီးစပ်ဆုံး အခွင့်အရေးတစ်ခုပဲ။ အရင်တုန်းကဆို ဖြူဖြူကိုယ်တိုင်လည်း မသုံးဖြစ်ဘူး။ Page လည်း မရှိဘူးပေါ့။ သို့ပေမဲ့ ကိုယ့်ကိုချစ်တဲ့ ပရိသတ်တွေက သူတို့ဘာသာသူတို့ ထောင်ထားပေးတာတွေရှိကြတယ်။ ဖြူဖြူအစစ်တော့ မဟုတ်ပေမယ့် ဖြူဖြူ့ကိုချစ်တဲ့စိတ်ကလေးနဲ့ပဲ ဖြူဖြူကျော်သိန်းဆိုတဲ့နာမည်နဲ့ လုပ်ထားတာတွေရှိတယ်။ ဖြူဖြူစဉ်းစားကြည့်လိုက်တော့ ကိုယ်တိုင် (သို့မဟုတ်) ကိုယ့်စီစဉ်သူကနေ တရားဝင်အသိပေးပြီး သတင်းထုတ်ပြန်နိုင်တဲ့ တစ်ခုလုပ်ထားမယ်ဆိုရင် ပရိသတ်အတွက်လည်း ကိုယ်နဲ့ပတ်သက်တဲ့ တရားဝင်တိကျတဲ့၊ မှန်ကန်တဲ့ သတင်းအစစ်အမှန်တွေကို up to date သိရမယ်။ နောက်တစ်ခု သူတို့နဲ့ ပြန်လှန်ဖြေကြားတဲ့အခါ ကိုယ်ကိုယ်တိုင် (သို့မဟုတ်) ကိုယ်လွှဲထားတဲ့ စီမံသူဖြစ်တဲ့အခါကျလို့ရှိရင် ဘယ်သူမှမထိခိုက်အောင် ဖြေကြားနိုင်တယ်။ အရင်ပရိသတ်တွေ လုပ်ပေးထားတဲ့ Page ကကျတော့ ကိုယ်ကိုယ်တိုင်မဟုတ်တဲ့အတွက်ကြောင့် ပရိသတ်နဲ့ ဆက်ဆံတဲ့အခါကျရင် အလွဲအမှားလေးတွေ ဖြစ်နိုင်တယ်။ ကိုယ်မဟုတ်တဲ့ အတွက်ကြောင့် ကိုယ်မဟုတ်တဲ့ အကြောင်းအရာတွေ၊ ကိုယ့် Image နဲ့ မဆိုင်တာမျိုးတွေ ပါသွားနိုင်တယ်။ ကိုယ်ကိုယ်တိုင် အစစ်ရှိနေပြီဆိုတော့ ဖြူဖြူ့စီမံသူနဲ့တိုင်ပင်ပြီးတော့ ဒီ Page လေးကို ဖေဖော်ဝါရီ ၂၅ ရက်က ဖွင့်ဖြစ်တယ်။ ဖြူဖြူ့မှာ ကိုယ်ပိုင်အကောင့်တော့ မထားပါဘူး။ ဒီ Fan Page တစ်ခုပဲ ထားပါတယ်။ ဖြူဖြူမအားတဲ့အခါတွေဆို ဖြူဖြူ့ကိုယ်စား စီမံပေးတဲ့ လေးယောက်လောက် ရှိပါတယ်။

မေး- အခုလို ဖေ့စ်ဘွတ်ခ်ကနေ ပရိသတ်နဲ့ တိုက်ရိုက်ဆက်သွယ်ပြောဆိုရတဲ့အခါ မဖြူအတွက် ဘယ်လောက်အကျိုးဖြစ်လဲ။

ဖြေ- နွေးထွေးနီးစပ်မှုတွေ ပိုရတာပေါ့။ အသေးစိတ်ကအစ ဂရုစိုက်ပြောတတ်တဲ့ ပရိသတ်တွေလည်း တွေ့ရတယ်။ လူမျိုးစုံလေးတွေတော့ တွေ့ရတာပေါ့နော်။ ကိုယ့်ကိုချစ်တဲ့ ပရိသတ်နဲ့လည်း နီးစပ်ခွင့်ရသလို တချို့ပရိသတ်တွေပေးတဲ့ ကွန်မန့်တွေက အရမ်းဉာဏ်မြင့်တယ်။ ချစ်လို့ပေးတဲ့ ကွန်မန့်တွေရှိကြသလို တချို့ဆို သေသေချာချာစဉ်းစားပြီးတော့ ကိုယ့်ရဲ့အသေးစိတ်ကအစ အိုင်ကျူမြင့်မြင့်မားမားနဲ့ တွေးခေါ်ပြီး ရေးတတ်တဲ့သူတွေလည်း တွေ့ရတယ်။ ဒါလေးတွေ တွေ့ရရင် အရမ်းဝမ်းသာတာပဲ။ တချို့ပရိသတ်တွေကျတော့ ဖြူဖြူ့ Page အစစ်မှန်း မသိကြသေးဘူး။

မေး- မဖြူရဲ့ ရှေ့ကခွေတွေဆို နာမည်ကြီးရေး၊ တီးတွေ သုံးထားခဲ့ပြီး အခုငါးခွေမြောက်ခွေကို အန်ဒါဂရောင်းအဖွဲ့တစ်ဖွဲ့ကို အစအဆုံးစီစဉ်ခိုင်းတာဆိုတော့ အခွေအောင်မြင်မှုအတွက် စွန့်စားရာမရောက်ဘူးလား။

ဖြေ- ဖြူဖြူ့ဘ၀ကိုက စွန့်စားမှုတစ်ခုပဲလေ။ ဒီထက်ပိုပြီး စွန့်စားစရာလည်း မရှိပါဘူး။ စွန့်စားရတာကို ပျော်တယ်။ သူတို့အတွက် စွန့်စားတယ်လို့ပြောရမှာထက် ဘယ်စကားသုံးချင်လဲဆိုရင် သူတို့အနုပညာကို ယုံကြည်တယ်။ အနုပညာဖန်တီးမှုစွမ်းအားကို ယုံကြည်တယ်။ ဖြူဖြူ့အတွက် လူသစ်သည်၊ ဟောင်းသည်၊ နာမည်ကြီးသည်၊ မကြီးသည်က အရေးမကြီးဘူး။ အရေးကြီးတာက ကိုယ်လက်တွဲအလုပ်လုပ်တဲ့ လုပ်ဖော်ကိုင်ဖက်ရဲ့ ကိုယ်ပိုင်အရည်အချင်းနဲ့ အနုပညာအင်အား အဲ့ဒါက အရေးအကြီးဆုံးပဲ။ ကိုယ်ဖန်တီးပြီးတော့ ပရိသတ်ကို ကြားစေချင်တဲ့ သီချင်းသည် အနုပညာမြောက်သော၊ တစ်ဖက်ကနေ တန်ဖိုးရှိသော သီချင်းကောင်းတွေဖြစ်ဖို့ပဲ အရေးကြီးတယ်။ သူတို့ သီချင်းလာပြတဲ့အခါ ဖြူဖြူ ဘာခံစားလို့ရလဲဆိုတော့ ဗမာသဒ္ဒါစကားလုံး အရမ်းကြွယ်ဝတယ်။ ပြီးတော့ မြန်မာစကားနားလည်ပြီး မြန်မာစကားပြောတတ်တဲ့၊ နားထောင်တတ်တဲ့ မြန်မာနိုင်ငံသားတိုင်း ဘယ်နားမှာနေနေ ဒီသီချင်းမှာပါတဲ့ စာသားတွေကို တစ်ခေါက်လောက်တော့ နားထောင်သင့်တယ်လို့ ယုံကြည်လို့ သူတို့နဲ့ လက်တွဲပြီးတော့ အလုပ်လုပ်ဖြစ်တာပါ။ အချစ်သီချင်းပဲမဟုတ်ဘူး။ ဘ၀အကြောင်းတွေလည်းပါတယ်။ မြန်မာနိုင်ငံသားဖြစ်သူတိုင်း ကြုံဖူးတဲ့အဖြစ်အပျက်တွေပါတယ်ဆိုတော့ ပရိသတ်အတွက်လည်း အလဟဿဖြစ်မှာမဟုတ်ဘူးလို့လည်း ယုံကြည်တယ်။

မေး- ဘ၀မှာ ဘယ်လိုပုံစံမျိုး နာမည်ကျန်ချင်လဲဆိုတဲ့ အကြောင်းရေးထားတဲ့ ‘နာမည်ကျန်နေရစ်မယ်’ ဆိုတဲ့ သီချင်းကို အခုလုပ်နေတဲ့ အခွေနာမည်ပေးထားတယ်လို့ သိရပါတယ်။ မဖြူဘ၀မှာရော ဘယ်လိုနာမည်မျိုး ကျန်ရစ်ခဲ့ချင်ပါသလဲ။

ဖြေ- ကိုယ့်နာမည်ဘယ်လို ကျန်နေချင်လဲဆိုတဲ့အတိုင်းပဲ နေ့စဉ်အသက်ရှင်တယ်။ ရွေးချယ်မှုတစ်ခုခုကို လုပ်ရင်ကအစ ကိုယ်ဟာဘယ်လို လူမျိုးအဖြစ် နာမည်ကျန်ချင်လဲဆိုတဲ့အပေါ် အမြဲတမ်းတွေးခေါ်တယ်။ သေးသေးတွေကအစ အကြီးကြီးတွေအဆုံး တစ်ခါတလေကျရင် တချို့ရွေးချယ်မှုတွေက ဘာမှမဖြစ်လောက်ပါဘူးလို့ ထင်ရတယ်။ ဒါပေမဲ့ လောကကြီးက သိတယ်။ လူတွေက သိတယ်။ သဘာဝတရားက သိတယ်။ ဘုရားကသိတယ်။ ကိုယ်ကိုယ်တိုင်လည်း သိတယ်။ ဘယ်လိုကျန်ရစ်ခဲ့ချင်တာလဲဆိုတာ၊ တစ်ခါတလေကျရင် ဒါလေးလုပ်လိုက်လို့ ဘာမှမဖြစ်ပါဘူးကွာလို့ ထင်ရတဲ့ဟာတွေရှိတယ်။ တစ်ခါတလေကျရင် ချော်လဲရောထိုင်လုပ်လိုက်ရင် ဘာမှမဖြစ်ပါဘူးလို့ ထင်ရတဲ့ အရာတွေရှိတယ်။ ဘာလို့ဆိုတော့ အမှန်တရားဘက်မှာ ရပ်တည်ရတယ်ဆိုတာ ခက်ခဲတာကို ဖြူဖြူတို့လို ကျပ်တည်းတဲ့ ဘ၀တွေမှာ နေရတဲ့သူတွေအတွက် ပိုဆိုးတာပေါ့။ အမှန်တရားဘက်မှာ ရပ်တည်ပြီးတော့ဆိုတာက ရွေးချယ်ရတာ ခက်ခဲတယ်လေ။ လူတွေမမြင်တဲ့အရာတွေကို ရွေးချယ်ရင်းကအစ ဂရုစိုက်ပြီးတော့ ကိုယ့်စိတ်ထဲမှာ အရိုးသားဆုံးခံစားရတဲ့အတိုင်းပဲ ရွေးချယ်တယ်။ တစ်ခါတလေကျရင် ခက်ခဲတယ်ဆိုတာသိတယ်။ ဒါပေမဲ့ ခက်ရင်ခက်ပါစေမှန်တာကိုပဲ ကိုယ်ရိုးသားစွာ ယုံကြည်တဲ့ဟာကိုပဲ ရွေးချယ်ပြီးတော့ ရပ်တည်ချင်တယ်။ ဘာမှမဖြစ်ရင် နေပါစေ။ ဆုံးဖြတ်ချက်သေးသေးလေးတစ်ခုချင်းစီ၊ ရွေးချယ်မှုသေးသေးလေးတစ်ခုချင်းစီက လူတစ်ယောက်ကို တဖြည်းဖြည်းချင်း တည်ဆောက်သွားတာ။ အဲဒီလူတစ်ယောက်ရဲ့ပုံရိပ်ကို တည်ဆောက်သွားတာလို့ထင်တယ်။ ဘယ်လိုနာမည်ကျန်နေရစ်ချင်လဲဆိုရင် ဖြူဖြူနာမည်ကျန်နေရစ်ချင်တဲ့ ပုံစံအတိုင်း နေ့စဉ်အသက်ရှင်ဖို့ ကြိုးစားတယ်။ ဘယ်လိုကျန်နေရစ်လဲဆိုတာကတော့ ကိုယ်သေသွားပြီးတဲ့ အချိန်ကျရင် သမိုင်းကပြောမှာပေါ့။ ကိုယ့်သမိုင်းကိုယ်ရေးကြတာလေ။

မေး- မဖြူက ဧပြီလတုန်းက မက်ဒေါနား၊ လေဒီဂါဂါတို့ရဲ့ ဂီတခြေလှမ်းစခဲ့တဲ့ ဟောင်ကောင်က The Fringe Club မှာ ဖျော်ဖြေခွင့်ရခဲ့တယ်။ အဲဒီနေရာမှာ ဆိုခဲ့တဲ့သူတွေက နိုင်ငံတကာဂီတအဆက်အသွယ်တွေ ရလာနိုင်တယ်လို့ သိရပါတယ်။ မဖြူရော နိုင်ငံတကာ အဆက်အသွယ်တွေ ရခဲ့သေးလား။

ဖြေ- သူတို့အနေနဲ့ လာကြည့်ကြပြီးတော့ သဘောကျတယ်။ ကိုယ့်ကို မှတ်မိသွားတဲ့သူတွေတော့ ရှိကြတယ်။ ဆက်သွယ်မယ့်သူတွေနဲ့လည်း တွေ့ခဲ့ကြတယ်။ ဒါပေမဲ့ ဖြူဖြူ့အနေနဲ့ကျတော့ တစ်ခုခုဆို သေချာပြီ၊ ရုပ်လုံးပေါ် အကောင်အထည်ဖော်ပြီးတော့ နီးပြီဆိုတဲ့အခါကျမှပဲ အသိပေးချင်တယ်။

မေး- အမေရိကမှာ အစ်မရဲ့အကြိုက်ဆုံးအဆိုတော် စီလင်းဒီယွန်ရဲ့ ရှိုးကြည့်ခဲ့တယ်ဆိုတော့ ကိုယ်အကြိုက်ဆုံးအဆိုတော်ကို ကြည့်ရတဲ့အခါ ဘယ်လိုခံစားရလဲ။

ဖြေ- ဘွန်ဂျိုဗီကိုတော့ အရင်ဆုံးစကြိုက်တာ။ စီလင်းကို ခုနစ်တန်းလောက်က စသိတယ်။ ကိုယ်ကြိုက်တဲ့အဆိုတော်ကို ကြည့်ရတော့ မျက်ရည်ပေါက်ပေါက်ကျအောင် ငိုတာပေါ့။ အရမ်းကြိုက်တာ။ အခုမှ ကိုယ့်ပရိသတ်တွေ ဘယ်လိုခံစားရတယ်ဆိုတာ သိရတာ။ ဖြူဖြူ့ရဲ့ အရမ်းခရေဇီဖြစ်တဲ့ ပရိသတ်တွေက ပြောကြတယ်။ ဘယ်သီချင်းနားထောင်ရင် ဘယ်လိုငိုရတယ်ဆိုတာ။ ပွဲလာကြည့်ရင် ဘယ်လိုတောင်ခံစားပြီး မျက်ရည်ဝဲရတယ်၊  ကြိုက်ရပါတယ်ပြောရင် ကိုယ်က စဉ်းစားကြည့်တယ်။ ငါလည်း သူတို့လိုဖြစ်ချင်လိုက်တာပေါ့။ တစ်ခါတလေကျရင် ငါလည်း သူတို့နေရာမှာ ရောက်ချင်လိုက်တာလို့ အမြဲတမ်းခံစားမိတယ်။ အခု ကိုယ်အရမ်းကြိုက်တဲ့ အဆိုတော်ကို ကိုယ်တိုင် အရှင်လတ်လတ် ကြည့်လည်းကြည့်ရရော ကိုယ့်ပရိသတ်တွေ ကိုယ့်အပေါ် ဘယ်လိုခံစားရလဲဆိုတာ သိသွားပြီ။

မေး- ရုပ်သံ၊ FM တွေမှာ သီချင်းလွှင့်တာတွေနဲ့ပတ်သက်ပြီး ဂီတအစည်းအရုံးက တာဝန်ယူပေးတဲ့အပေါ်မှာ သဘောကျတဲ့သူရှိသလို၊ မကျတဲ့သူလည်း ရှိနေတယ်ဆိုတော့ ဂီတအစည်းအရုံးမှာ အတွင်းရေးမှူးတစ်ယောက်အနေနဲ့ ဂီတလောကသားတွေကို ဘာပြောချင်လဲ။

ဖြေ- တကယ်တမ်းကျတော့ တိုင်းပြည်ရဲ့ နိုင်ငံရေးနဲ့ အဓိကဆိုင်တာပဲ။ နိုင်ငံရေးကောင်းမှ စနစ်တစ်ခုဆိုတာ ကောင်းကောင်းမွန်မွန် ဖြစ်မြောက်တာ။ အဲဒီတော့မှ လူတွေရဲ့ ပညာရေး၊ ကျန်းမာရေး၊ စိတ်နေစိတ်ထား၊ ဖန်တီးမှုအနုပညာစွမ်းအား၊ တီထွင်မှု ဒါတွေအကုန်လုံးက ဒီနိုင်ငံရေးပေါ်မှာ မူတည်တာ။ ဖြူဖြူ အခုမှ ခရီးကရောက်စဆိုတော့ အစည်းအရုံးကိုတော့ မရောက်ဖြစ်သေးဘူး။ လက်ရှိရှိနေတဲ့ အခြေအနေကို တိတိကျကျတော့ မသိပေမယ့် အမြဲတမ်းဖြစ်နေတဲ့ အကြောင်းရာတစ်ရပ်က သီချင်းလွှင့်တာပဲ။ တစ်ယောက်နဲ့တစ်ယောက် ယုံကြည်မှုတည်ဆောက်ရတာ အရမ်းခက်ခဲတယ်။ ဘာဖြစ်လို့လဲဆိုတော့ မြန်မာပြည်မှာ တစ်ယောက်အပေါ်တစ်ယောက် ယုံကြည်မှုပျက်ပြားလာတာ နှစ် ၅၀ မှ မကတော့တာ။ သေးသေးမွှားမွှားတွေကအစ ချစ်သူချင်းပဲဖြစ်ဖြစ်၊ သူငယ်ချင်းမိတ်ဆွေ၊ မိသားစုအချင်းချင်းပဲဖြစ်ဖြစ် ယုံကြည်ရတာ ခက်ခဲတယ်လေ။ အချိန်မရွေးမှာ ကိုယ့်ရဲ့ဘ၀သာယာဖြောင့်ဖြူးမှုအတွက်ကို လူတွေကို သစ္စာဖောက်ပြီးတော့ပဲဖြစ်ဖြစ်၊ ကတိမတည်ဘဲနဲ့ပဲဖြစ်ဖြစ်၊ အဆင်ပြေတာကို အမြဲတမ်းရွေးချယ်သွားရတယ်။ ဒါက မြန်မာပြည်မှာရှိတဲ့ နိုင်ငံသားတိုင်းရဲ့ စိတ်ထဲမှာ အကျင့်ပါပြီးသားဖြစ်နေပြီ။ ယုံကြည်မှုဆိုတာ တည်ဆောက်ရကောင်းမှန်းတောင်မသိတဲ့ အခြေအနေမျိုးကို ရောက်နှင့်နေပြီးပြီ။ ယုံကြည်မှုဆိုတာ အခုမှ စလုပ်ရမှာဆိုတော့ ခက်ခဲတယ်။ ဂီတအစည်းအရုံးက အာဏာပိုင်အဖွဲ့အစည်းလည်း မဟုတ်တော့။ ဒါဒီလိုလုပ်ဆိုတာမျိုး မလုပ်လိုဘူး။ သူများနိုင်ငံမှာက ဂီတအစည်းအရုံးဆိုတာ ဂီတရပိုင်ခွင့်နဲ့ပတ်သက်ပြီး တာဝန်ယူတဲ့သူတွေက စီးပွားနဲ့ အလုပ်လုပ်တဲ့သူတွေ။ ပရော်ဖက်ရှင်နယ်ကျကျ စီမံနိုင်တဲ့သူတွေ အခုဒီမှာလိုမျိုး အနုပညာရှင်အချင်းချင်းပဲ နာမည်လေးခံပြီး ၀ိုင်းပြီးကြိုးစားကူညီနေကြတာ အဖွဲ့အစည်းမဟုတ်ဘူး။

မေး- ပရိသတ်ကို ဘာများပြောချင်ပါသေးလဲ။

ဖြေ- အခု အမေရိကန်ခရီးစဉ်က ၁ ရက်နေ့က ပြန်ရောက်တဲ့နောက်မှာတော့ ဖြူဖြူ့ရဲ့ ငါးခွေမြောက် တစ်ကိုယ်တော် ကိုယ်ပိုင်သံစဉ်ဖြစ်တဲ့ နာမည်ကျန်နေရစ်မယ်ကို ဇောက်ချပြီးတော့ လုပ်ဖို့ရှိတယ်။ အဆိုပိုင်းတွေ၊ ကျန်တဲ့အတီးပိုင်းလေးတွေ ၀င်ဖို့ရှိတယ်။ အခွေထွက်ဖို့ကို သြဂုတ်၊ စက်တင်ဘာလောက် မျှော်လင့်ထားတယ်။ ဖျော်ဖြေရေးခရီးစဉ်ကကြာတော့ အခွေထွက်မယ့်ရက်လည်း နောက်ဆုတ်သွားလို့ တခြားအတွဲခွေလေးတွေ ဆိုပေးဖို့ရှိတယ်။ ဘန်ကောက်မှာ ကြော်ငြာတစ်ခု သွားရိုက်ဖို့ရှိတယ်။

ကျေးဇူးတင်ပါတယ်။

7day daily