အထီးကျန် စိတ်ဝေဒနာ ခံစားနေရသော သားငယ်ကို လှောင်အိမ်ထဲ ထည့်ထားတဲ့ မိဘနှစ်ပါး ဖမ်းဆီးခံရ

ပို့စ်တင်ချိန် - 7/11/2014 01:29:00 PM



အမေရိကန် ပြည်ထောင်စု ဆန်တာနာမြို့တွင် အထီးကျန် စိတ်ဝေဒနာ ခံစားနေရသော အသက် ၁၁ နှစ်အရွယ် သားငယ်အား ကြီးမားသော လှောင်အိမ်တစ်ခု အတွင်း ထိန်းသိမ်း ချုပ်နှောင်ခဲ့သည့် မိဘများကိုရဲတပ်ဖွဲ့က ဖမ်းဆီးခဲ့ကြောင်း အာဏာပိုင်များက ဇူလိုင် ၂ ရက်တွင် ပြောကြားခဲ့သည်။

အဆိုပါ လှောင်အိမ်သည် အရှည် ၆ ပေနှင့် အကျယ် ၃ ပေ သို့မဟုတ် ၄ ပေခန့်ရှိပြီး ၎င်းလူငယ်၏ ဒေါသကြီးမှုကို ထိန်းချုပ်နိုင်ရန် အတွက် မိဘများက ယင်းကဲ့သို့ ထိန်းသိမ်းထားခြင်း ဖြစ်မည်ဟု ယူဆရကြောင်း အေနာဟိမ်း ရဲတပ်ဖွဲ့မှ တာဝန်ရှိသူ တစ်ဦးဖြစ်သူ ဘော့ဘ်ဒန်းက ပြောကြားခဲ့သည်။

သို့ရာတွင် မိဘများသည် အဆိုပါ လူငယ်အား လှောင်အိမ်ထဲတွင် ကာလရှည်ကြာ မည်ကဲ့သို့ နေထိုင်စေသည်ကို မသိရှိရသေးကြောင်းနှင့် ယင်းကဲ့သို့ ကြီးမားသော ပြစ်မှုမျိုးကို မကျူးလွန်သင့်ကြောင်း ဘော့ဘ်ဒန်းက ထပ်လောင်း ပြောကြားခဲ့သည်။

အာဏာပိုင်များသည် Orange ခရိုင်ရှိ ကလေးပြုစုရေး ဌာနမှ အမည်မသိ လူတစ်ဦး၏ သတင်းပေးချက် ရရှိပြီးနောက် ဇူလိုင် ၁ ရက် ညနေပိုင်းတွင် ကလေးငယ်အား ထိန်းသိမ်းခဲ့သော မိဘများကို ဖမ်းဆီးခဲ့ခြင်း ဖြစ်ကြောင်းနှင့် ၎င်းတို့အား တရားစွဲဆိုခြင်း ရှိ၊မရှိကို ယခုတိုင် မသိရသေးကြောင်း သိရသည်။

မြ၀တီ