ကမ္ဘာ့ငြိမ်းချမ်းရေးခေါင်းဆောင်နှစ်ဦး၏ ငြိမ်းချမ်းရေးလမ်းစဉ်

ပို့စ်တင်ချိန် - 7/02/2014 08:17:00 AM


       ပညာရှိသူတော်ကောင်းများဟာ ငြိမ်းချမ်းရေးတည်ဆောက်မှုနှင့်ပတ်သက်ပြီး ဓား ဓားချင်း၊ တုတ် တုတ် ချင်းဖြင့် တည်ဆောက်လို့မရဘူး၊ ခွင့်လွတ်ခြင်းဖြင့်သာ တည်ဆောက်လို့ရတယ်ဆိုတာကို နားလည် သဘောပေါက်ကြပါတယ်။ ဒါနဲ့ပတ်သက်ပြီး ကမ္ဘာကျော် ဘာသာရေးခေါင်းဆောင်နှစ်ဦးရဲ့ အဆိုအမိန့်   လေးတွေကို ပြောပြချင်ပါတယ်။ ထိုနှစ်ဦးကတော့ သခင်ယေရှု (Jesus) နှင့် ဗုဒ္ဓတို့ပဲ ဖြစ်ပါတယ်။
       သခင်ယေရှုက ပြောပါတယ်။
       "သင်ဟာ ' An eye for an eye and a tooth for a tooth' ကိုယ့်မျက်လုံးတစ်လုံးထုတ်ခံရင် သူ့မျက်လုံးတစ်လုံး ပြန်ထုတ်ရမယ်၊ ကိုယ့်သွားတစ်ချောင်းကျိုးရင် သူ့သွားတစ်ချောင်းကိုလဲ ချိုးရမယ်' ဆိုတဲ့စကားကြားဖူးမှာပါတဲ့။ တကယ်တော့ အဲဒီလိုလုပ်တာဟာ ငြိမ်းချမ်းမှုဆီသို့ ဦးတည်နေတာ မဟုတ်ပါဘူး။

       အဲလို တုန့်ပြန်မယ့်အစား......
       "If anyone slaps you on the right cheek, let him slap your left cheek too"
       "သင့်ကို တစ်စုံတစ်ယောက်က ညာဘက်ပါး လာရိုက်ရင်၊ သင့်ရဲ့ ဘယ်ဘက်ပါး ကိုပါ ထပ်ရိုက်ခိုင်း လိုက်ပါ။"
       အဲလို လုပ်လိုက်တာဟာ တစ်ဘက်သားကို သူ့အမှားကို သိအောင်၊ သံဝေဂရအောင် ကိုယ့်ပါးတစ် ဖက်ထပ်အနာခံပြီး ခွင့်လွတ်ခြင်းဖြင့် တုန့်ပြန်လိုက်တာပါပဲ။ တကယ်လို့သာ သူတစ်ပြန် ကိုယ်တစ်ပြန် ပြန် ရိုက်နေမယ်ဆိုရင် ပါးကျိုးရုံကလွဲလို့ ကောင်းကျိုးဖြစ်မလာနိုင်ပါဘူး။"

       သခင်ယေရှုဟာ ရန်သူကို ရန်သူလို မတုန့်ပြန်ဘဲ ခွင့်လွတ်ခြင်းဖြင့် ပညာရှိသူတော်ကောင်းလို တုန့်ပြန်ဖို့ မိန့်ဆိုခဲ့တာပါ။

       ကမ္ဘာ့ငြိမ်းချမ်းရေးခေါင်းဆောင် ဗုဒ္ဓဘုရားရှင်ဟာလည်း ရန်သူကို ရန်သူလို မတုန့်ပြန်ဖို့ ပညာရှိ သူတော်ကောင်းအနေနဲ့ တုန့်ပြန်ဖို့ ဆုံးမတော်မူခဲ့ပါတယ်။ ဘုရားရှင့်ရဲ့ စကားတော်မှာ
       "န ဟိ ဝေရေန ဝေရာနိ၊ သမ္မန္တိ စ ကုဒါစနံ၊ အဝေရေနစ သမ္မန္တိ၊ ဧသ ဓမ္မော သနန္တနော။"
       "Hatred is never appeased by hatred. Hatred is appeased only by love. This is eternal law of peace"
       "ရန်သူကို ရန်မူခြင်းဖြင့် မငြိမ်းချမ်းနိုင်၊ ချစ်ခြင်း၊ ခွင့်လွတ်ခြင်း၊ ရန်မမူခြင်းဖြင့်သာ ငြိမ်းချမ်းမှုကို ရနိုင် ၏။ ဒါဟာ ငြိမ်းချမ်းရေးတည်ဆောက်ဖို့အတွက် ထာဝရတည်ရှိတဲ့ ဥပဒေတော်ပါပဲ"ဟု မိန့်တော်မူပါတယ်။

       ဘုရားလောင်း ဒီဃာဝုမင်းသားဟာ ကိုယ့်ရဲ့ ချစ်လှစွာသောမိဘနှစ်ပါးရဲ့ ထီးနန်းကိုလည်းလု၊ မိဘကို လည်း သတ်ခဲ့တဲ့ ရန်သူတော် ဗြဟ္မဒတ်မင်းကို အလွယ်တကူ ဇီဝိန်ချွေကာ ကလဲစားချေဖို့ အခွင့်သာခဲ့ပေ မယ့် "အရှည်ကိုလည်း မကြည့်နဲ့၊ အတိုကိုလည်း မကြည့်နဲ့၊ ရန်သူကို ရန်မူခြင်းဖြင့် မဖြေရှင်းနိုင်၊ ရန်မမူခြင်းဖြင့်သာ ဖြေရှင်းနိုင်တယ်" ဟူသော သေခါနီးဆဲဆဲမှာ ပြောခဲ့တဲ့ ခမည်းတော်ရဲ့စကား ကို မြေ၀ယ်မကျ နားထောင်ခဲ့ပါတယ်။

       အရှည်ကိုလည်း မကြည့်နဲ့ ဆိုတာ ရန်ငြိုးကို ကြာရှည်မျိုသိပ်ထားပြီး ကလဲ့စားမချေနဲ့လို့ ပြောတာပါ။ အတိုကိုလည်း မကြည့်နဲ့ဆိုတာ မိတ်ဆွေတစ်ယောက်ကို အချိန်တိုတိုနဲ့ အဆက်မဖြတ်နဲ့ လမ်းမခွဲနဲ့ လို့ ပြောတာပါ။ ရန်သူကို ရန်မူခြင်းဖြင့် မငြိမ်းနိုင်၊ ရန်မမူခြင်းဖြင့်သာ ငြိမ်းနိုင်တယ်ဆိုတာကတော့ ငြိမ်းချမ်းရေးတည်ဆောက်ဖို့အတွက် ထာဝရနည်းဥပဒေကို ဖော်ပြလိုက်တာပါပဲ။

     ဘုရားလောင်းဟာ ခမည်းတော်စကားနားထောင်ကာ ကလဲ့စား မချေပဲ မေတ္တာချွေခဲ့တဲ့အတွက်ကြောင့် အပြန်အလှန်ငြိမ်းချမ်းမှုကို ရခဲ့ပါတယ်။

       ဒါကြောင့် ကမ္ဘာ့ငြိမ်းချမ်းရေး ခေါင်းဆောင်နှစ်ဦးရဲ့ ငြိမ်းချမ်းရေးလမ်းစဉ်ကတော့ ရန်သူကို ရန်မမူပဲ ခွင့်လွတ်ခြင်းဖြင့်သာ အေးချမ်းမူကို တည်ဆောက်နိုင်တယ်ဆို တာပါပဲ။ လူးသားအားလုံး ကမ္ဘာကျော် ပုဂ္ဂိုလ်နှစ်ဦး၏ ကမ္ဘာ့ငြိမ်းချမ်းရေးလမ်းစဉ် ကို လိုက်နာကာ အေးချမ်းတဲ့ကမ္ဘာဖြစ်အောင် အားထုတ်နိုင် ကြပါစေ။


ရွှေစမ်းမြေ အရှင်က၀ိဓဇသာရ