ပြင်ပေးပါ မညာပါနဲ့ ပညာရေးရယ်

ပို့စ်တင်ချိန် - 7/04/2014 11:13:00 AM



မြန်မာ့ပညာရေးကို ကမ္ဘာ့အဆင့်မီအောင် ပြုပြင်နေတဲ့အချိန်မှာ ပြင်စရာများတဲ့ မြန်မာ့ပညာရေးရဲ့ အားနည်းချက်တွေကို ထောက်ပြချင်ပါတယ်။ ဘယ်လိုပဲပြုပြင်ပြောင်းလဲမှုတွေ လုပ်နေပါတယ်ပြောပြော မပြင်သေးတာတွေ အများကြီးရှိနေပါသေးတယ်။ အဲဒီထဲမှာမှ အဆင့်မြင့်ပညာမှာ ပညာသင်ကြားပေးနေတဲ့ တက္ကသိုလ်ဆရာ၊ ဆရာမတွေရဲ့ ပါရဂူဘွဲ့ ဆက်လက်သင်ယူမှုနဲ့ ပတ်သက်ပြီး တက္ကသိုလ်တစ်ခုက ကထိကတစ်ယောက်ရဲ့ ရင်ဖွင့်သံကို ခံစားပြောပြချင်ပါတယ်။

အဲဒီဆရာမက အရင်က အခြေခံပညာမှာ တာဝန်ထမ်းဆောင်ခဲ့ပြီး ၁၉၉၈ ခုနှစ်မှာ တက္ကသိုလ်က နည်းပြ၊ သရုပ်ပြရာထူးခေါ်တဲ့အခါ တရားဝင်ဝန်ထမ်းအဖြစ် ပြောင်းရွှေ့ဖြေဆိုအောင်မြင်ခဲ့ပါတယ်။ အဲဒီတုန်းက ဝန်ထမ်းဆိုရင် အသက်(၄၀)နှစ်အောက်ခေါ်တာမို့ နည်းပြအဖြစ် တာဝန်ထမ်းဆောင်တဲ့အခါမှာ အသက်က (၃၅)နှစ် ကျော်နေပြီဖြစ်ပါတယ်။ သူက မန္တလေးတက္ကသိုလ်က ကျောင်းပြီးတာမို့ ပါရဂူဘွဲ့ကို မန္တလေးတက္ကသိုလ်မှာ တက်ချင်ပေမယ့် အဲဒီတုန်းက ရန်ကုန်တက္ကသိုလ်မှာပဲ ရတာဆိုတော့ ငွေကြေးအခက်အခဲကြောင့် မတက်ဖြစ်ခဲ့ပါဘူး။ မန္တလေးတက္ကသိုလ်က ဖွင့်တဲ့အခါမှာတော့ သူ့ရဲ့အသက်က (၄၅)နှစ်ပြည့်သွားပြီ ဖြစ်တာကြောင့် ပါရဂူဘွဲ့ တက်ခွင့်မရတော့ပါ။ ‘‘ဆရာဆိုတာ ထာဝရကျောင်းသားကြီးပါ’’ဆိုတဲ့ စကားနဲ့အညီ ပညာဆက်သင်ချင်ပေမယ့် အဆင့်မြင့်ပညာရဲ့ ခေတ်နဲ့မညီတဲ့ သတ်မှတ်ချက်တွေ မပြင်ပေးတာကြောင့် နိုင်ငံသားချင်းအတူတူ လွတ်လပ်စွာ ပညာသင်ခွင့်မရှိတာကို ရင်ဖွင့်လာတဲ့အတွက် ကိုယ်စားဆွေးနွေးတင်ပြရခြင်း ဖြစ်ပါတယ်။

အဆင့်မြင့်ပညာဦးစီးဌာနရဲ့ သတ်မှတ်ချက်အရ အသက်(၄၅)နှစ်ကျော်ရင် ပါရဂူဘွဲ့ ဝင်ခွင့်ဖြေလို့ မရပေမယ့် ဝါရင့်ပါရဂူဘွဲ့ ယူလို့ရပါသေးတယ်။ ဒါကတော့ ဘာသာရပ်ဆိုင်ရာ သုတေသနလုပ်ပြီး ပညာရေးကော်မတီကို ကျမ်းတင်ပြပြီး ဘွဲ့ယူရတာဖြစ်ပါတယ်။ ဒါပေမဲ့ အဲဒီမှာလည်း ကန့်သတ်ချက်တွေက တွဲဖက်ပါမောက္ခဆိုရင် လုပ်သက်ကန့်သတ်ချက်မရှိပေမယ့် ကထိကဆိုရင် လက်ရှိရာထူးမှာ လုပ်သက် ၁၀ နှစ်ရှိရမယ်လို့ သတ်မှတ်ထားပါတယ်။ ဒီတော့ အဲဒီဆရာမက အခုမှ ကထိကလုပ်သက် အနည်းငယ်ပဲ ရှိသေးတာမို့ မျှော်လင့်ချက်မရှိ ဖြစ်နေပါတယ်တဲ့။ ကထိကလုပ်သက် ၁၀ နှစ်ဆိုရင် သူက ပင်စင်ယူတဲ့အချိန် ရောက်နေပါပြီတဲ့။ သူတို့ရဲ့ ရာထူးတိုးကလည်း ကံမကောင်းစွာ ဘက်လိုက်မှုတွေကြောင့် ပုံမှန်ထက် နောက်ကျခဲ့ပါတယ်။ သူတို့ရဲ့ရှေ့အသုတ်က VIP ရဲ့ သားသမီးပါတော့ ရှားပါးမေဂျာဆိုပြီး နည်းပြကနေ လ/ထ ကထိကရာထူးကို လုပ်သက်သုံးနှစ် ပြည့်တဲ့သူတွေကို တိုးပေးခဲ့တာ ရှိခဲ့ပါတယ်။ သူတို့ ၁၉၉၈ ခုနှစ်ဝင်တဲ့ အသုတ်ကတော့ VIP ရဲ့ သားသမီးဆွေမျိုး မပါတာရယ်၊ အရင် စစ်အာဏာရှင်အစိုးရ အလိုကျ ကပ်ဖားတတ်တဲ့ ဝန်ကြီးရဲ့ နိုင်ငံတော်ဘတ်ဂျက် လျှော့ချမယ်ဆိုတဲ့ ရိုက်ချက်တွေကြောင့် နည်းပြကနေ လ/ထ ကထိကကို ပုံမှန်ဆိုရင် ခုနစ်နှစ်မှာ တိုးပေးရမှာ ဖြစ်ပေမယ့် ရှစ်နှစ်ခွဲကျော် ကိုးနှစ်နီးပါးကြာမှ တိုးပေးပါတယ်။ အဲဒီနောက်ကျတော့ ၂၀၀၂ ခုနှစ် အသုတ်မှာတော့ VIP ရဲ့ သားသမီး ပြန်ပါလာတော့ ခုနစ်နှစ်မပြည့်ခင် ရာထူးတိုးတင်ခိုင်းပြီး ရာထူးတိုးအမိန့်ကလည်း သိပ်မကြာခင်မှာ ထွက်လာပါတယ်။ ဒါကြောင့် ပညာရေးမှာလည်း ခရိုနီတွေရှိနေတာကြောင့် ဆရာ၊ ဆရာမတွေထဲမှာ မညီမျှမှုတွေရှိနေတဲ့အတွက် ဒါတွေ မပြင်နိုင်သေးသမျှ ပညာရေးတိုးတက်မှုက ဝေးနေဦးမှာပါ။ စာရေးသူရဲ့ သူငယ်ချင်းအသုတ်ကတော့ လ/ထ ကထိကကနေ ကထိကရာထူးတိုးတော့လည်း လေးနှစ်ပြည့် သတ်မှတ်ပေမယ့် ငါးနှစ်တင်းတင်းပြည့်မှ ရာထူးတင်ခိုင်းပါတယ်တဲ့။ အခြေခံပညာက ပြောင်းရွှေ့တာဝန်ထမ်းဆောင်တဲ့ ဆရာ၊ ဆရာမ အတော်များများမှာ အသက်ကကြီးနေပြီး ရာထူးတိုးနောက်ကျနေပါတယ်။ ဘာပဲပြောပြော အခြေခံက ဆရာမလည်း နိုင်ငံရဲ့အရေးပါတဲ့ တာဝန်ကို ထမ်းဆောင်ခဲ့တာမို့ လေးစားစွာဆက်ဆံပြီး နေရာပေးသင့်တယ်လို့ ထင်ပါတယ်။ ဒီတော့ ဝါရင့်ပါရဂူဘွဲ့ တက်ခွင့်ရအောင် ကထိကလုပ်သက် ၁၀ နှစ် သတ်မှတ်ထားမှုကို ပြင်ဆင်ပေးပြီး စုစုပေါင်းလုပ်သက် ၁၅ နှစ်ကျော်လို့ သတ်မှတ်ပေးစေချင်ပါတယ်။

ကျွန်မရဲ့သူငယ်ချင်းကတော့ စစ်အစိုးရရဲ့ မူဝါဒအရ အရေအတွက် ဦးစားပေးထုတ်နေတဲ့ ပြည်တွင်းက ပါရဂူဘွဲ့ကို အထင်ကြီးလို့ မဟုတ်ပေမယ့် ဒီလောကမှာနေရင် ဒီဘွဲ့ကိုယူမှ ကိုယ်လည်းမညံ့ဘူးဆိုတာကို ပြချင်လို့ပါတဲ့။ သူက ကျောင်းသားတွေကို စာသင်တဲ့အခါ ဒေါက်တာမဟုတ်ပေမယ့် ကိုယ်သင်ရမယ့်ဘာသာရပ်ကို ကျွမ်းကျင်အောင် အမြဲတမ်း ကြိုးပမ်းလေ့လာနေသလို ကိုယ်တိုင်သုတေသနလုပ်နေကာ စာတမ်းတွေလည်း ဖတ်နေပြီး ကျောင်းသားတွေရဲ့ သုတေသနကျမ်းတွေကိုလည်း ကျမ်းကြီးကြပ်သူအဖြစ် စေတနာထား ဆောင်ရွက်နေပါတယ်တဲ့။ သူက လေးစားကြည်ညိုရတဲ့ ပါမောက္ခ(အငြိမ်းစား) ဆရာကြီးတစ်ဦးက မှာသွားတယ်တဲ့။ ပြည်တွင်းပါရဂူဘွဲ့မရပေမယ့် ကိုယ်တော်ကြောင်း သက်သေပြတဲ့အနေနဲ့ စာကိုအဆက်မပြတ် ဖတ်ဖို့လိုသလို အင်္ဂလိပ်ကိုလည်း ‘‘အကြား၊ အဖတ်၊ အပြော၊ အရေး’’ဆိုတဲ့ 4Skills ကို ကျွမ်းကျင်အောင် လေ့လာပါလို့ မှာကြားခဲ့ပါတယ်တဲ့။ ဒါကြောင့် ဆရာကြီးစကားကို နာခံခဲ့တဲ့အတွက် သူတို့ ဌာနမှာဆိုရင် ဒေါက်တာဘွဲ့ရပြီး သူနဲ့ယှဉ်ရင် သူကမညံ့တဲ့အပြင် တချို့နေရာတွေမှာ သူက ပိုသာနေတာကို တခြားသူတွေရဲ့ မှတ်ချက်ချမှုက သက်သေပြနေပါတယ်တဲ့။ တချို့ဆိုရင် ဒေါက်တာသာဆိုတယ် အင်္ဂလိပ်မကျွမ်းကျင်တာတွေ၊ သင်ရမယ့် ဘာသာရပ်ကို မကျွမ်းကျင်တာတွေ၊ သူတစ်ပါးရဲ့ အိမ်ထောင်နဲ့ လူမှုရေးဖောက်ပြန်တာတွေ၊ ကျောင်းက အတန်းကို မှန်မှန်မဝင်ဘဲ ငွေရမယ့် အပြင်ကျူရှင်ကိုတက်ဖို့ ဆရာ့သိက္ခာမရှိ လုပ်ဆောင်တာတွေ တွေ့မြင်နေရတော့ အတန်းထဲမှာ စေတနာထားကာ သင်ကြားပေးနေတဲ့ သူ့ရဲ့ဆရာမဘဝကို လိပ်ပြာသန့်သန့်နဲ့ နေနိုင်လို့ ကျေနပ်တယ်လို့ ဆိုပါတယ်။ ဒါကြောင့် သူ့အတွက်ကတော့ ပါရဂူဘွဲ့ကို မတက်ရလည်း အရေးမကြီးပေမယ့် သူနဲ့ဘဝတူ ဆရာ၊ ဆရာမတွေထဲက တက်ချင်တဲ့သူတွေ ရှိနိုင်တာကြောင့် ကထိကလုပ်သက် စုစုပေါင်း ၁၀ နှစ်ဆိုတာကို ပြင်ပေးစေချင်ပါတယ်။ ဘာကြောင့်လဲဆိုတော့ ကထိကလုပ်သက် ငါးနှစ်ဆိုရင် တွဲဖက်ပါမောက္ခရာထူးတိုး တင်ခွင့်ရပြီး ပါရဂူဘွဲ့ရသူသာ ဖြစ်ရမယ်လို့ သတ်မှတ်ထားချက်ရှိတာကြောင့် ဆရာ၊ ဆရာမ အချင်းချင်း မညီမျှတဲ့ဘဝတွေရှိနေလို့ တင်ပြရခြင်း ဖြစ်ပါတယ်။

သူငယ်ချင်းဆရာမက မကြာခင်က သူတို့ဌာနမှာ အမျိုးသားပညာရေးဥပဒေ (မူကြမ်း)ကို ဖတ်ရပါတယ်တဲ့။ အဲဒီထဲမှာ ‘‘ပညာရေးဆိုင်ရာ တာဝန်နှင့် အခွင့်အရေးများ’’ဆိုတဲ့ ခေါင်းစဉ်အောက်မှာ ‘‘နိုင်ငံသားတိုင်း၏ ပညာရေးဆိုင်ရာတာဝန်နှင့် အခွင့်အရေးများမှာ အောက်ပါအတိုင်းဖြစ်သည်။ (က) အရည်အသွေးပြည့်ဝသော ပညာရေးကို သင်ယူရန် တန်းတူအခွင့်အရေးရှိခြင်း။ (ခ) မိမိသင်ယူလိုသမျှ ပညာရပ်များကို ဘဝတစ်လျှောက်လုံးတွင် သင်ယူနိုင်ခွင့်ရှိခြင်း။’’ဆိုတဲ့အချက်ကို တွေ့ခဲ့ရပါတယ်တဲ့။

ဒီတော့ တက္ကသိုလ်မှာ လက်ရှိ တာဝန်ထမ်းဆောင်နေကြတဲ့ ဆရာ၊ ဆရာမတွေကိုတော့ တကယ်လိုအပ်လို့ တက်ရမယ့် ပါရဂူဘွဲ့ကို အမျိုးမျိုးကန့်သတ်ခံထားရပေမယ့် ပြင်ပကလူတွေ၊ စစ်ဘက်ဆိုင်ရာ အရာရှိတွေ၊ အစိုးရစက်ရုံက VIP ရဲ့ တူ၊ တူမ အရာရှိတွေကတော့ ပါရဂူဘွဲ့လာတက်နေတာကို တွေ့ရတာကြောင့် နောင်တစ်ချိန်မှာ ဒေါက်တာဘွဲ့တွေ ဗန်းပြပြီး နိုင်ငံရဲ့အရေးပါတဲ့ ပညာရှင်နေရာတွေမှာ ခရိုနီတွေ နေရာယူကြဦးမယ့်အရေး ကြိုတွေးကာ ရင်လေးမိပါတယ်။ ဒီမိုကရေစီ ရောင်ခြည်သန်းနေတဲ့ မြန်မာပြည်မှာ ရောင်ခြည်တွေ ပြန်လည်ပျောက်ကွယ်မသွားရအောင် ဆရာ၊ ဆရာမတွေအပေါ်မှာ ကန့်သတ်ထားတဲ့၊ ခေတ်မမီတော့တဲ့၊ ကန့်သတ်ချက်တွေကို ဖြေလျှော့ပြုပြင်ပေးကာ လွတ်လပ်စွာ ပညာဆက်လက် သင်ယူခွင့်ကို နိုင်ငံသားတိုင်း တန်းတူရအောင် ဆောင်ရွက်ပေးစေချင်ပါတယ်။ ပြင်လိုက် ညာလိုက် လုပ်နေတဲ့ ပညာရေးဖြစ်နေသမျှ နိုင်ငံတိုးတက်ဖို့က ဝေးနေဦးမှာပါ။ ဒါကြောင့် လိုအပ်တာတွေ ပြင်ပေးပါ။ အများပြည်သူကိုတော့ မညာပါနဲ့ ပညာရေးရယ်။      ။

7day