မန္တလေးမြို့တွင် ညမထွက်ရအမိန့် ထုတ်ပြန်ထားသဖြင့် စစ်ကိုင်းဘက်မှ ဖြတ်သန်းမည့် ခရီးသည်များ အခက်တွေ့

ပို့စ်တင်ချိန် - 7/05/2014 03:36:00 PM



မန္တလေးမြို့တွင် ညမထွက်ရ အမိန့် ထုတ်ပြန်ထား မှုကြောင့် စစ်ကိုင်းဘက်မှ နေပြည်တော်နှင့် ရန်ကုန်သို့ ထွက်ခွာမည့် ခရီးသည်များ အခက်တွေ့နေရကြောင်း မုံရွာ- နေပြည်တော်အမြန် Express ကားအသင်းများမှ သိရသည်။မန္တလေးမြို့တွင် လက်ရှိဖြစ်ပွားနေသည့် ပဋိပက္ခများကြောင့် လူစည်ကားသည့် မြို့နယ်ခုနစ် မြို့နယ်အား နံနက် (၅) နာရီမှ ည (၉) နာရီ အထိ ညမထွက်ရ အမိန့်ကို ထုတ်ပြန်ထားသည်။

မနေ့ညတုန်းက ရန်ကုန်ကိုအလုပ် ကိစ္စနဲ့သွားတော့ စစ်ကိုင်းတံတားဘက်မှာ ယာဉ်တွေကို စစ်ဆေးပြီး လုံးဝထွက်ခွင့်မပေးဘူး။ အမြန် လမ်းမကြီးကိုသွားမယ့် Express ကားတွေ အားလုံး ရပ်ထားရတယ်။ သက်ဆိုင်ရာအနေနဲ့ ခရီးသွားပြည်သူတွေကို ငဲ့ကွက်ပြီး လုံခြုံရေး အနေအထားအရ စစ်ဆေးပြီးရင် ထွက်ခွင့်ပေးသင့်တယ်။ လုံခြုံရေးစနစ်ကို သဘောကျပေမဲ့ အခုလို ခရီးသွား ပြည်သူတွေကို တားမြစ်တာကိုတော့ သဘောမကျဘူး။ မုံရွာ ကားအများစုကတော့ ည (၇) နာရီမှ ထွက်ကြတာဆိုတော့ ဘယ်လိုလုပ်ပြီး (၉) နာရီ မှာ အမြန် လမ်းမပေါ်ကို ရောက်နိုင်မလဲ။ ခရီးသွား ပြည်သူတွေ အတွက် အကောင်းဆုံး ဖြစ်အောင် သက်ဆိုင်ရာက စီစဉ်ပေးသင့်ပါတယ် ဟု ရန်ကုန်မှ မုံရွာမြို့သို့ အသွားအလာပြု နေသည့် မုံရွာမြို့ခံကုန်သည် ဦးအောင်သစ်လွင်က The Messenger Media သို့ ပြောသည်။မန္တလေးမြို့မှ ဖြတ်သန်းခွင့် မပြုဘဲ စစ်ကိုင်း တံတားဂိတ်တွင် ရပ်တန့်ထားသဖြင့် တချို့ Express ကားများသည် ပခုက်္ကူ မြို့မှ တဆင့် ဖြတ်သန်းသွားလာနေရကာ ခရီ နှောင့်နှေးကြန့်ကြာမှုများ ဖြစ်ပေါ်ခဲ့ရကြောင်းလည်း သိရသည်။

စစ်ကိုင်းတိုင်းဒေသကြီး အစိုးရကတော့ ခရီးသွားပြည်သူတွေ အတွက် အဆင်ပြေအောင် မန္တလေးတိုင်းဒေသကြီး အစိုးရအဖွဲ့နဲ့ ညှိနှိုင်းမှုတွေ လုပ်ထားပါတယ်။ အမြန်ကားလိုင်းတွေ ကလည်း အချိန်ကို ချက်ချင်းကြီးရွှေ့လို့ အဆင်မပြေဘူး။ တိုင်းဒေသကြီး အစိုးရနှစ်ခု ညှိနှိုင်းပြီး အဆင်ပြေအောင် လုပ်ဆောင်သွားမယ်။ စစ်ကိုင်းဘက်က ထွက်တဲ့ကားတွေကို စစ်ကိုင်းဘက်က အစီးေ အလိုက် လုံခြုံရေးအတွက် လုပ်ဆောင်ပေးပြီး ထက်ကြပ်မကွာ အမြန်လမ်းမကြီးပေါ်ရောက်အောင် လိုက်ပါပြီး ပို့ဆောင်ပေးဖို့ကိုတော့ ပြောထားတယ်။ မန္တလေးတိုင်းဒေသကြီး အစိုးရ အဖွဲ့ ကလည်း အစည်းအဝေး ထိုင်ပြီး ခရီးသွားပြည်သူတွေ အတွက် လုံခြုံအောင် စီစဉ်နေပါတယ် ဟု စစ်ကိုင်းတိုင်းဒေသကြီး နယ်စပ်ရေးရာနှင့် လုံခြုံရေးဝန်ကြီး ဦးကြည်နိုင်က ပြောသည်။

Messenger News Journal