အရင်လိုပါပဲ

ပို့စ်တင်ချိန် - 7/08/2014 12:28:00 PM



ရက်ပိုင်းတွေမှာ မနက်မိုးလင်းလို့ သတင်းစာကောက်လှန်လိုက်တာနဲ့ ဖတ်မိတဲ့ သတင်းတွေ ဟာ ကျုပ်တို့အဖို့ တစ်စက်က လေးမှ စိတ်ချမ်းသာစရာမရှိပါ လားဗျာ။ အများသိကြားတော်မူ တဲ့အတိုင်း ဟောဒီရွှေပြည်ကြီးမှာ အစိုးရသစ်တက်ခါမှ အသစ်အ ဆန်းတွေ ကြားရမြင်ရနဲ့ဟာ မရိုး နိုင်ဘူးမဟုတ်လား။ ပြောလက်စ နဲ့ပြောရဦးမယ်။ ဟိုတစ်လောက ဘူးလက်ဘွဲ့ခံ အမတ်ကြီးတစ်ဦး ဟာ တိုင်းတစ်ပါးရပ်ခြားက အဆိုတော် ဂျနီဖာလိုပက်ဇ်ရဲ့ ‘‘တင်’’ လေလံဈေးနဲ့ မနှိုင်းကောင်းမစည် ရာ ပြောသွားတာလည်း ကြား လိုက်ရပါရဲ့။
ဘာတဲ့ဗျာ။ ကျဆုံးသွားတဲ့ တပ်မတော်သားများအတွက် အစိုးရရဲ့  ထောက်ပံ့ကြေးပမာဏ ဟာ  ကမ္ဘာကျော်အဆိုတော်နဲ့ ရုပ်ရှင်သရုပ်ဆောင်တစ်ဦးဖြစ် တဲ့ ဂျနီဖာလိုပက်ဇ်ရဲ့ တင်ပါးတစ် ခြမ်းစာ အာမခံကြေးတောင်မရှိ ဘူးတဲ့ ခင်ဗျ။ သူမို့ ရွှေဉာဏ်တော် စူးစွာ နှိုင်းယှဉ်ပြရက်ပလေတယ် ဗျာ။ ကြားရတဲ့ ကျုပ်တို့ ပြည်သူ တွေခမျာ နားဝမှာ မချမ်းသာလှပါ ဘူး။  နိုင်ငံတော်ပြည့်အရေးမှာ လစာလေး တစ်ပဲခြောက်ပြားနဲ့ အသက်ပေးသွားရတဲ့ ရိုးရိုးသား သားအောက်ခြေတပ်မတော်သား များရဲ့ မိသားစုဝင်တွေကတော့ သူ့စကားကြားတဲ့အခါ ဘယ့်နှယ် နေမယ်မသိဘူး။ ကျုပ်တို့ကတော့ အမတ်မင်းပါးစပ်က ထွက်ရက် လေတဲ့ အနှီ တင်(ဖင်တစ်ခြမ်း)  ကိစ္စကိုသာ စိတ်ဝင်စားသဗျာ။

ဂျနီဖာလိုပက်ဇ်ရဲ့ တင်ပါး နှစ်ဖက်အာမခံကြေးဟာ ဘယ် လောက်ရှိမလဲဆိုတာတော့ ကျုပ်တို့လည်း စိတ်မ၀င်စားလို့ မလေ့ လာမိဘူးဗျာ။  အခုဂျနီဖာလိုပက်ဇ်ရဲ့ အသက်က (၄၀) ကျော်ပြီဆိုတော့ကာ  နှစ်စဉ်အာမခံကြေး ချဉ်းပဲနည်းမှာ မဟုတ်ဘူးဗျ။  အ သေးစိတ်သိချင်ရင်တော့ အထက်ပါ အမတ်မင်းကိုသာ ဆက်သွယ် ပြီး မေးကြည့်ပါ။  သူ့စကား အသွားကြည့်ရပုံထောက်တော့ ဟောဒီရွှေပြည်မှာ သူဟာ တင်ရေးတင်ရာကျွမ်းကျင် သူ(တင်အိတ်ဇပတ်)တစ်ဦးဖြစ်နိုင်ဖွယ်ရှိတယ်။ သူ့ခေါင်းထဲမှာ ဂျနီဖာလိုပက်ဇ်(ခေါ်) ဂျေလိုလေးရဲ့ နိမ့်တုံမြင့်တုံတင်ပါးဆုံဟာ အမြဲစိုးမိုးနေမှာပဲ။ အင်း . . .ကျုပ်တို့နိုင်ငံ အတွက် အားကိုးလောက်တဲ့ အမတ်တစ်ယောက်ပေါ့လဗျာ။

ဝန်ကြီးတွေ၊ အမတ်မင်းတွေနဲ့တော့ ရွှေပြည်ကြီးမှာ ခက်ပါ တယ်ဗျာ။ ဒီမိုကရေစီအစိုးရတက်လာကတည်းက သူတို့ ပါးစပ်ကထွက်တဲ့စကားအများစုဟာ လူပြောမလွတ်ဘူးဗျာ။ ဒါကိုစာနယ်ဇင်းတွေကလည်း ထောက်ပြဝေဖန်တာလည်း မနည်းတော့ဘူး။ သို့ပေတဲ့ အစိုးရသက်တမ်းငါးနှစ်ပြည့်လို့ သိပ်မကြာခင်မှ ဆင်းတောင်ပေးရတော့မယ်။ အပြောအဆိုမှာ နည်းနည်းလေးမှကိုမဆင်ခြင်ကြသေးဘူးဗျ။ အချို့ဝန်ကြီးနဲ့  အမတ်မင်းများဟာပေါက်ကရပြောလွန်းလို့ သူတို့ရဲ့ မွေးစာရင်းပါ နာမည်ရှေ့မှာ ဘွဲ့ထူးလေးတွေတောင်မှ ရနေပြီ။ ဘူးလက်. . . ၊  တစ်နပ်စား . . .၊ ဖယောင်းတိုင် . . .၊ တရုတ်ကြောက် . . .၊ လမ်းတစ်ခြမ်း ခင်း  . . .စသဖြင့် မနည်းလှဘူး။

ဒါနဲ့ စကားစပ်မိလို့ ပြော ရဦးမယ်ဗျ။ အခုန ဘူးလက်ဘွဲ့ခံ အမတ်ကြီးက ကျဆုံးတပ်မတော်သားများရတဲ့ ထောက်ပံ့ကြေးဟာဂျနီဖာလိုပက်ဇ်ရဲ့ တင်တစ်ခြမ်း အာမခံကြေးလောက်တောင်မရှိဘူးလို့ မပြောခင် ရှေ့ကလေးမှာတင်ဇာတ်ပိုး၊ ရုပ်ရှင်ပိုး မသေးလှတဲ့ ၀န်ကြီးတစ်ဦးက ဟောဒီရွှေပြည်ကြီးမှာ တပ်မတော်သားတွေကို ပေးနေတဲ့ သီဟတို့၊ သူရတို့လိုဘွဲ့ထူးတွေဟာတယ်ပြီး မသင့်လှဘူးတဲ့။ ဘာကြောင့်ဆို ကိုယ့်တိုင်းရင်းသားအချင်းချင်းပစ်ကြ၊ ခတ်ကြ တဲ့ စစ်ပွဲမှာ ဘာမှ ဂုဏ်ယူပြီး ဘွဲ့ပေးစရာမလိုဘူးဆိုပဲ။

သူပြောတာ မမှားပါဘူး။ သွေးထွက်အောင်မှန်တဲ့ စကား ပါ။ အထူးသဖြင့် သူ့လို တပ်မ တော်သားဟောင်းတစ်ဦးရဲ့ ပါး စပ်က ထွက်လာတော့ ပိုပြီးတောင်မှ အံ့သြစရာကောင်းသေးတယ်။ ခမျာလည်း သမ္မတရဲ့ နိုင်ငံရေး ယဉ်ကျေးမှုသစ်သဘောတရားအ ရ မတူတာခွဲ၊ တူတာတွဲဖြစ်စဉ် ကြီးကို အကောင်အထည်ဖော် ရင်း အရပ်သားတွေနဲ့ ပေါင်းတာ များသွားလို့ အခုလို စကားတွေ ရောပြီး ထွက်သွားတယ်ထင်ပါ ရဲ့။

သို့ပေသိ ဒီရွှေပြည်ကြီးမှာ က သူ့အထာနဲ့ သူမဟုတ်လား။ ဘယ်ရမလဲ။  တပ်မတော်သား တွေက   စိတ်ဆိုးကြတာပေါ့။ အထူးသဖြင့် သီဟတို့၊ သူရတို့ ဘွဲ့တွေရထားတဲ့ တပ်မှူးတပ် သားတွေက ဘယ်မှာ လာ ကျေနပ် ပါ့မလဲ။ အနှီဝန်ကြီးခမျာ ပြောတဲ့ စကားက ကောင်းပင်ကောင်းငြား ကာလံဒေသံအရ မလိုက်ဖက်လှ တဲ့ ၀န်းကျင်ထဲမှာ သွားပြောမိ တော့ ၀ိုင်းစိတ်ဆိုးတာခံရတာ ပေါ့။ တစ်တိုင်းပြည်လုံးက တပ်မ တော်သားများကို ၀န်ချတောင်း ပန်လိုက်ရပါသေးတယ်။

ဒါနဲ့ ကျုပ်လည်း စဉ်းစားကြည့်တယ်လေ။  လယ်သမား တွေကို ထမင်းတစ်နပ်လျှော့စား ပြီး ကြွေးဆပ်ပါတို့၊ မီးမလာရင် ဖယောင်းတိုင်ထွန်းပြီး နေကြပေါ့ တို့၊ ရွှေလက်နဲ့ ခေါ်လို့မှမလာရင် ဘူးလက်(ကျည်ဆန်)လွှတ်လိုက် မယ်တို့၊ လူထုအတွက် အစိုးရဟာအနစ်နာခံခဲ့ရတယ်တို့ စသဖြင့် ပေါက်တတ်ကရပြောထွက်ခဲ့ကြ တဲ့ ၀န်ကြီးများလည်း သူတို့စကား တွေဟာ ပြည်သူပြည်သားများကို စော်ကားမိပါတယ်လို့များ လူသိ ရှင်ကြား ၀န်ချတောင်းပန်ကြရင် ဘယ်လောက်များ ကောင်းလိုက် မလဲ။ နို့ပေတဲ့ သိတယ်ဟုတ်။ သူတို့က တပ်မတော်သာ အမိ၊ အဖပါဆို။ အမိအဖလို့ သတ်မှတ် တဲ့သူတွေကိုသာ လွန်တာရှိ ၀န္ဒာ မိ လုပ်မှာပေါ့။ ပြည်သူသာ အမိ၊ ပြည်သူသာ အဖလို့သာ သူတို့ ပါး စပ်က ထွက်သလို ရင်ထဲကလည်းသတ်မှတ်ရင် ကျုပ်တို့ဟာ သူတို့ ရဲ့ တောင်းပန်မှုကို ခံယူရရှိတာ ကြာလှနေမှာပေါ့။

ဝန်ကြီးတွေလားဆိုတော့ မဟုတ်ဘူးဗျ။ ဟိုတစ်လောက ပေါက်ဖော်ကြီးတို့ရဲ့ တိုင်းပြည်ကိုအလည်အပတ်သွားတဲ့ သမ္မတ ဟာလည်း ဘုရားပေါ်မှာ ဖိနပ်ကြီးနဲ့။ တခြားက ဖော်ပြတာမဟုတ်ပါ ဘူး။ အစိုးရရဲ့ ပြည်သူ့ဝန်ရှောင် အဲ . . .အဲ ပြည်သူ့ဝန်ဆောင် သတင်းစာရဲ့ မျက်နှာဖုံးမှာ ပြူး ပြူးကြီးပါလာတာခင်ဗျ။ လူထု တွေဆီက အနှီကိစ္စနဲ့ ပတ်သက် ပြီး လူထုရဲ့ ဝေဖန်မှုတွေ ညံလာ တဲ့အခါကျ သူတို့ဘက်ကတော့ ဖြေရှင်းချက်ထုတ်ပုံဟာဖြင့် အဲဒါ ဘုရားပရိဝုဏ်အပြင်ဘက်မှာ ဖြစ်ပါသတဲ့။ ပြောသာပြောတာ ပါ။ သမ္မတဘေးက အခြံအရံများ ရဲ့ ခြေထောက်မှာလည်း ဖိနပ်မှ မပါတာ။ အဲသလို မပါတာလည်း အစောင့်များရဲ့ ဖိနပ်ထားတဲ့ နေ ရာဟာ ဝေးလို့ပါတဲ့ ခင်ဗျာ။ သူတို့အပြောပေါ့။ ကျုပ်တို့က ပေါက်ဖော်တို့ရဲ့ ပြည်မကြီးဆီရောက်ဖူးပေါက်ဖူးတာမဟုတ်တော့ အဟုတ်လို့သာ မှတ်ရမှာပဲ။

ဒါပေတဲ့ ဘုရားပရိဝုဏ်မှာ ကောဇောခင်းထားပြီးမှတော့ ဖိ နပ်မစီးလည်း သမ္မတရဲ့ ခြေဖ၀ါး တော်တော်နုနုဟာ သွေးခြည်မဥ လောက်ပါဘူးဗျာ။ အခုတော့ ကော်ဇောလည်း ခင်းထားတယ်။ အနှီကော်ဇောပေါ်မှာ ကတ္တီပါ ဖိနပ်စီးပြီး  ထပ်လျှောက်သေး တယ်ဆိုတော့ နည်းနည်းလွန်တာ ပေါ့။ အမေရိကန်က ရွှေဧည့် သည်များဖြစ်တဲ့ အိုဘားမားတို့၊ဟီလာရီကလင်တန်တို့တစ်တွေ ရွှေပြည်ကြီးဆီ အလည်လာစဉ်မှာ ရွှေတိဂုံဘုရားတက်ဖူးကြတာ ကော်ဇောနီ၊ ကော်ဇောဝါတွေ လည်း  ခင်းမပေးရပေါင်ဗျာ။ နို့ ပြီးတစ်ခါ ဖိနပ်ချွတ်ရုံတင်မက အတွင်းခြေအိတ်တောင်မှ မ၀တ် ဘူးခင်ဗျ။

ကျုပ်တို့ဆီမှာ အစိုးရလူကြီး မင်းတွေကတော့ သူ့ထက်ကဲနဲ့ ရွှေပြည်စိုးတွေ ချည်းပါပဲ။ သမ္မတက ပေါက်ဖော်ကြီးတွေဆီ ချစ်ကြည်ရေးခရီးမှာ အနှီလို အမြင်မတော်လူပြောစရာတွေ လုပ်တာ ဘာဟုတ်သေးတာမှတ်လို့။ သိပ်မကြာခင်လေးတင်ကပဲ အစိုးရအဖွဲ့ထဲက ကြီးကြီးမာစတာ တစ်ယောက်ဟာ ပဲခူးရွှေမော်ဓောဘုရားပေါ်မှာ မှန်လုံကားအနက်ကြီးနဲ့ ကောဇောခင်းထားတဲ့ ဘုရားရင်ပြင်တော်မှာ ပတ်ပြီးမောင်းခဲ့သေးတာပဲဟာ။ ဒါကြောင့်ပြောတာ။ ဒီမိုကရေစီခေတ်မှာ အစိုးရလူကြီးမင်းတွေဟာ ဆရာမနိုင်၊နှစ်ဆောင်ပြိုင်တွေပါလို့ဆို။

ပြောချင်တာကတော့ဗျာ။ ဒီနေ့မှာ အစိုးရက အော်နေတဲ့ ပြု ပြင်ပြောင်းလဲရေးလုပ်ငန်းစဉ် ဆိုတာ အသံသာရှိပြီး အဆန်မပါ တဲ့ သင်္ကြန်အမြောက်ဘ၀မှာပဲ ရှိနေပါသေးတယ်။ လူထုရဲ့ ဘ၀ အခြေဟာ သူတို့ပြောသလို ဘာမှ မပြောင်းလဲပါဘူး။ အရင်လိုပါပဲ။ ပြုပြင်ပြောင်းလဲရေးဆိုတာကိုဆိုင်ရာတွေက တကယ်ပြုပြင် မှသာ ပြောင်းလဲမှာခင်ဗျ။ အခု တော့ အစိုးရအာဏာပိုင်တွေဟာ လူထုတွေရဲ့ နေ့စဉ်ဘ၀ကို တိုး တက်ပြောင်းလဲဖို့ နေနေသာသာ သူတို့ကိုယ်တိုင်တောင်မှ  မ ပြောင်းလဲနိုင်သေးဘူးဗျာ။ အရင် လိုပါပဲ။ လုပ်ရာကိုင်ရာမှာ ငယ် ကျင့်လေးတွေ မပျောက်ကြသေး ဘူးခင်ဗျ။

အခုနောက်ဆုံးမန္တလေးမှာ ဖြစ်ခဲ့တဲ့ စိတ်မချမ်းသာစရာ ဘာ သာရေး၊ လူမျိုးရေး အခြေခံအဓိ ကရုဏ်းတွေမှာပဲကြည့်ဗျာ။ ပထ မရက်တွေအတွင်းမှာ နှစ်ဖက်အုပ်စုကြား တင်းမာမှုသေးသေး ကလေးစဖြစ်တယ်။ ဒါကိုသက်ဆိုင်ရာက အချိန်မီတားဆီးနိုင်မယ်ဆိုရင် မန္တလေးဟာ အေးအေးချမ်းချမ်းဖြစ်နေမှာ။ နို့ပေတဲ့ သက်ဆိုင်ရာက မြန်မြန်ထက်ထက်မလုပ်လိုက်နိုင်တဲ့အတွက် ဆူပူမှုကိုလှုံ့ဆော်သူတွေဟာ အခွင့်အရေးရသွားတယ်။ ပုဒ်မ ၁၄၄ထုတ်ပြီး တားဆီးရတဲ့အထိဖြစ်သွားတယ်။

ဝေဖန်သူတွေရဲ့ အဆိုအရ မန္တလေးအဓိကရုဏ်းဟာ ရည်ရွယ်ချက်နဲ့ အစီအစဉ်ရှိရှိလုပ်သွားတယ်လို့ဆိုတယ်။ ကျုပ်တို့ဖတ်ရတဲ့ သတင်းတွေပေါ်မှာ အခြေခံပြီး ပြောရရင်လည်းဒီအမြင်ဟာ မမှားပါဘူး။ မန္တလေးဖြစ်ရပ်ကို ပြန်စီပြီး ကြည့်ရင်ဆူပူမှုတွေရဲ့နောက်ကွယ်မှာ ဆူပူမှုကို ဖြစ်စေတဲ့ စိတ်ဆန္ဒတွေရှိနေတယ်ဆိုတာ သိပ်သေချာတယ်။ ဖေ့စ်ဘွတ်ခ်လို့ခေါ်တဲ့ လူမှုကွန်ရက်တွေမှာ မန္တလေး အဓိကရုဏ်းကိုမီးထိုးပေးတဲ့အရေးအသားနဲ့ ဓာတ်ပုံတွေဟာ ပလူပျံနေတာပဲ။ ဒါဟာသွေးရိုးသားရိုးမဟုတ်တာ သိပ်ထင်ရှားပါတယ်ဗျာ။

ပြောချင်တာကတော့ အာ ဏာပိုင်တွေဟာ ဘာသာရေးအ ဓိကရုဏ်းဖြစ်ခဲ့တဲ့အတွေ့အကြုံ တွေရှေ့မှာ ရှိခဲ့ပြီးသားပဲ။ ရခိုင်၊ မိတ္ထီလာစတဲ့နေရာတွေမှာ အဓိ ကရုဏ်းတစ်ခုဖြစ်တည်လာတာနဲ့ ခြေစလက်နဟာ တထေရာတည်းပဲ။ သို့ကလိုအတွေ့အကြုံတွေရှိထားပြီးဖြစ်တဲ့ အာဏာပိုင်တွေဟာ မန္တလေးမှာ တင်းမာမှုတွေ စတင်ကတည်းက အချိန်မီမတားနိုင်ရင် ရခိုင်လို၊ မိတ္ထီလာမှာလိုဆိုးဆိုးရွားရွားတွေဖြစ်မယ်ဆိုတာခန့်မှန်းတွက်ဆမိဖို့ ကောင်းသဗျာ။ သို့သော်ငြား မြန်မာရုပ်ရှင်တွေထဲကအတိုင်းသတ်လို့၊ ဖြတ်လို့ ပြီးပြီဆိုမှ ရဲတွေရောက်လာတော့တာပဲ။ ဒါ ကြောင့် အရင်လိုပဲလို့ ပြောတာ။

လက်ရှိအစိုးရအနေနဲ့ အာ ဏာရယူထားရမယ့် သက်တမ်း ဟာလည်း တဖြည်းဖြည်းကပ် လာပါပြီဗျာ။ သူတို့အုပ်ချုပ်တဲ့ ငါးနှစ်အတွင်းမှာ သူတို့ကတော့ ပြုပြင်ပြောင်းလဲရေးလုပ်တယ်လို့ ပြောတာပဲ။ နို့ပေတဲ့ပြုပြင်တာလည်းမတွေ့ရသလို ပြောင်းလဲ တာလည်းမမြင်မိပါဘူး။ အဲဒါ တွေအစား ရွှေပြည်ကြီးရဲ့ လူ့အဖွဲ့အစည်းမှာ ဘာသာရေး၊ လူမျိုးရေးနဲ့  ပတ်သက်ရင် အထိအခိုက်မခံနိုင်တဲ့အနေအထားဆီကိုသာ ဦးတည်လာနေပါပြီ။ ဒီကြားထဲ ဟိုအရင်တုန်းကလိုပဲ ဘာသာရေးကို နိုင်ငံရေးအကျိုးစီးပွားအတွက် အသုံးချတာမျိုးတွေ လုပ်လာဦး မယ်ဆိုရင်တော့ ကျုပ်တို့ရွှေပြည် ဟာ ရှေ့မှာ ဒီ့ထက်ဒီ ခက်ဖို့သာရှိတော့မှာပဲ။

ဆိုတော့ကာ ရွှေပြည်ကြီးကို အပြောင်းအလဲဖြစ်အောင် ကြံ ဆောင်မယ်ဆိုတဲ့ အခွင့်အာဏာ လက်ဝယ်မှာ ရှိသူများအနေနဲ့ တကယ်ပြုပြင်မှသာ ပြောင်းမယ် ဆိုတာ ‘‘ပေါက်’’စေချင်ပါသဗျာ။ အရင်လို အတွေး၊ အကျင့်မျိုးနဲ့ ဆို ကျုပ်တို့ရဲ့ ရွှေပြည်ဟာ ဘယ် မှာလာ ပြောင်းမှာပါလဲဗျာ။ အရင်လိုသာ ဖြစ်မြဲဖြစ်နေဦးမှာပါဗျာ တို့ရာ။

(ဖော်ပြပါ သရော်စာသည် စာရေးသူ ဘစီ၏ အာဘော်သာဖြစ်

သည်)

7daydaily